Skip to main content

တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းစာတမ်းတို

 

တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းစာတမ်းတို

နိဒါန်း

၁။    တီထွင်မှုမူပိုင်ခွင့် ကျင့်သုံးခြင်းဖြင့် ဆန်းသစ်တီထွင်မှုကို အားပေးခြင်း၊ ရင်းနှီးမြှပ်နှံမှု ကဏ္ဍဖြစ်ထွန်းတိုးတက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေခြင်းနှင့် တီထွင်ဖန်တီးသူ၊ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူတို့၏ တီထွင်မှုကို အကာအကွယ်ပေး၍ တီထွင်မှုအသစ်များ အတွက် ပိုမိုရင်းနှီး မြှုပ်နှံလာစေမည် ဖြစ်ပါသည်။ မူပိုင်ခွင့်ဥပဒေကြမ်းများဖြစ်သည့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေကြမ်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကြမ်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကြမ်း (၄) ခုအနက် တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းကို ရေးသား ပြုစုခြင်းဖြစ်ပါသည်။ ဥပဒေကြမ်းများအားလုံးသည် ယခင်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက စတင်၍ အခြေပြုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

(ပြဋ္ဌာန်းနိုင်စေရန်) ရည်ရွယ်ချက်

၂။    Patents (ခေါ်) တီထွင်မှုဆိုင်ရာ မူပိုင်ခွင့်များကို ဥပဒေအရ ခွင့်ပြုပေးနိုင်ရန်နှင့် အကာ အကွယ်ပေးနိုင်ရန်တို့ကို ဆောင်ရွက်ရန် တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းကို ဖြစ်ပေါ်စေပါသည်။ ဤဥပဒေကြမ်းသည် နည်းပညာနှင့် စက်မှုပစ္စည်းကိရိယာတီထွင်မှုတွင် တီထွင်သူနှင့် တီထွင်မှု ကို အသုံးပြုသူများအကြား စောင့်ထိန်းရမည့်တာဝန်ဝတ္တရားများ၊ အခွင့်အရေးများနှင့် လူမှု စီးပွားဘဝကို အပြန်အလှန်အကျိုးပြုစေသည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတစ်ခု ပြဋ္ဌာန်းနိုင်ရန် အတွက်ရည်ရွယ်ခြင်း ဖြစ်ပါသည်။

ဥပဒေကြမ်းဆိုင်ရာ အကြောင်းအရာများ

၃။    မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်မှစ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (World Trade Organization,WTO)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း၊ ၂၀၀၁ ခုနှစ် ကမ္ဘာ့အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် အဖွဲ့ကြီး (World   Intellectual Property Organization, WIPO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း၊ ကုန်သွယ်မှုနှင့် ဆက်နွယ်နေသော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ်(Trade- related Aspects of Intellectual Property Rights, TRIPs Agreement) ကို အကောင်အထည်ဖော်ရန် တာဝန်ရှိခြင်းတို့ကြောင့် မူပိုင်ခွင့်များကို အကာအကွယ်ပေးရန်နှင့် တန်းတူအကာအကွယ်ပေးရန် လိုအပ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နိုင်ငံတကာ ကုန်သွယ် ကူးသန်းရောင်းဝယ်မှု ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖွံ့ဖြိုးစေရေး၊ အလုပ်အကိုင်ပိုမိုရရှိစေရေးနှင့် အကျိုးပြုနိုင်ရေးတို့အတွက်

ဝန်ကြီးဌာနမှ ဤဥပဒေကို ပြဋ္ဌာန်းလိုခြင်းဖြစ်ပါသည်။

၄။    ယခင်က တီထွင်မှုမူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဥပဒေတစ်ခုအဖြစ် သီးခြားပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ဆက်နွယ်လျက်ရှိသည့်ဥပဒေများမှာ-
    (က)    တီထွင်မှုမူပိုင်ခွင့်နှင့် ဒီဇိုင်း(အရေပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ၁၉၄၆
    (ခ)    သီးခြားသက်သာခွင့်အက်ဥပဒေ (၁၈၇၇)
    (ဂ)    သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေးဥပဒေ(၁၉၉၄) တို့ဖြစ်ပါသည်။

တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းအကျဉ်းချုပ်

၅။    တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းကို အများပြည်သူသိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် မြန်မာ့အလင်းသတင်းစာတွင် ၃၁-၇-၂၀၁၇ ရက်နေ့မှ ၇-၈-၂၀၁၈ ရက်နေ့ထိ ဖော်ပြထားခဲ့ပါ သည်။ ယင်းဥပဒေကြမ်းတွင် အခန်းပေါင်း (၂၄) ခန်းနှင့် ပုဒ်မပေါင်း ၁၁၅ ခုဖြင့် ကျယ်ကျယ် ပြန့်ပြန့် ရေးဆွဲထားသည်ကို  တွေ့ရှိရပါသည်။

၆။    ဥပဒေကြမ်း၏ အခန်း(၁) သည် အမည်၊  စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) ပုဒ်မ ၃ တွင်  ရည်ရွယ်ချက် (၅)ချက်ဖြင့် ဖော်ပြထားရာ ၎င်းရည်ရွယ်ချက်(၅) ခုကို ခြုံငုံဖော်ပြအပ်ပါသည်-    
(က)    တီထွင်မှုမူပိုင်ခွင့်ရရှိသူနှင့် တီထွင်သူအခွင့်အရေးနှင့် အကျိုးစီးပွားကို ဥပဒေနှင့် အညီ အကာအကွယ်ပေးရန်၊
(ခ)    နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဖြန့်ဖြူးလွှဲပြောင်းရေးတို့ကို မြှင့်တင်၍နိုင်ငံတော် ၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေရန်၊
(ဂ)    တီထွင်သူများနှင့် အသုံးပြုသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွားဘဝ သာယာဝပြောရေးကို အပြန်အလှန်အကျိုးပြုစေရန်၊
(ဃ)    တီထွင်သူများနှင့်တီထွင်မှုကို သုံးစွဲသူများ၏အခွင့်အရေးနှင့် စောင့်ထိန်းရမည့် တာဝန်ဝတ္တရာများအကြား ဟန်ချက်ညီစေရန်၊
(င)    တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် အခွင့်အရေးရရှိသူမှ တီထွင်မှုမူပိုင်ခွင့်ကို  အလွဲသုံးစားပြုခြင်းနှင့် ကုန်သွယ်မှုတွင် သင့်တင့်မျှတမှုမရှိဘဲထိန်းချုပ်ထားခြင်း တို့ကို ဟန့်တားနိုင်ရန်၊

၇။    နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်စေရန် အထူးလိုအပ်သော ဥပဒေများ ဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်းခြင်းဖြင့် ထိုက်သင့်သော အာမခံချက်များ ရရှိလာမည်ဖြစ်ပါသည်။ လွယ်ကူစွာ ဒီဇိုင်းထုတ်လုပ်ပြီး အတုအပဆောင်ရွက်ခြင်းများကိုလည်း ကာကွယ်တားဆီးနိုင် မည်ဖြစ်ပါသည်။ မူပိုင်ခွင့်ဆိုင်ရာ အာမခံချက်ရှိလာ၍ မူပိုင်ခွင့်ပြုသော ပညာရှင်များအနေဖြင့် ခံစားခွင့်များလည်း တိုးတက်ရရှိလာမည်ဖြစ်ပါသည်။

၈။    အခန်း(၃) မှ (၅) တို့သည် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ မှတ်ပုံတင်အရာရှိနှင့် စစ်ဆေးရေးအရာရှိများခန့်အပ်ခြင်းနှင့် လုပ်ငန်း တာဝန်များသတ်မှတ်ခြင်း ဖြစ်ပါသည်။

၉။     အခန်း(၆) မှ (၇) တို့သည် အကာအကွယ်ရရှိနိုင်သောတီထွင်မှုများနှင့် အကာအကွယ် မရရှိနိုင်သောတီထွင်မှုများ၊ အခန်း (၈) မှ (၉) တို့သည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခွင့်ရှိ သူများနှင့် လျှောက်ထားခြင်း၊     အခန်း (၁၀) သည် စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင် ခြင်း၊ အခန်း (၁၁) မှ အခန်း (၁၇) တို့သည် ဦးစားပေးအခွင့်ရေး၊ တီထွင်မှုမူပိုင်ခွင့် သက်တမ်းနှင့် မှတ်ပုံတင်ကြေး၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး များကို လွှဲပြောင်းခြင်း၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း၊ မလွဲမသွေပေးရသည့် လိုင်စင် ပေးခြင်း၊ တီထွင်မှုမူပိုင်ခွင့်ကို ပြန်လည်အပ်နှံခြင်းနှင့် ရုပ်သိမ်းခြင်း၊ အခန်း (၁၈) မှ အခန်း(၁၉) တို့သည် အသေးစားတီထွင်မှုနှင့် အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်လျှောက်ထားခြင်း၊ အခန်း (၂၀) မှ အခန်း (၂၄) တို့သည် အယူခံခြင်း၊ တရားရုံးတည်ထောင်ခြင်း၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ လုပ်ပိုင်ခွင့်များ၊ ပြစ်ဒဏ်များနှင့် အထွေထွေတို့ ဖြစ်ပါသည်။

၁၀။    အခန်း(၈) နှင့် အခန်း (၉) တို့တွင် တီထွင်သူ၏တရားဝင်လုပ်ကိုင်ခွင့် လွှဲပြောင်းပေးအပ်ခြင်း ခံရသူ၊ တစ်ဦးထက်မပိုသူများက သီးခြားစီတီထွင်ခဲ့လျှင် မူပိုင်ခွင့်လျှောက်ထားချက် အစောဆုံး တင်သူ၊ တစ်ဦးထက်ပိုသူများက ပူးတွဲတီထွင်ခဲ့လျှင် ထိုသူများအားလုံး ပူးတွဲလျှောက်ထားနိုင်ခြင်း၊ အလုပ်ရှင်အလုပ်သမားများအကြား တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။

၁၁။    အခန်း (၁၀) တွင် လျှောက်ထားချက်များအား အပြည်ပြည်ဆိုင်ရာအမျိုးအစား ခွဲခြား ခြင်းဖြင့် အမျိုးအစားခွဲခြားခြင်း၊ ပုံမှန်စစ်ဆေးခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ ကန့်ကွက်ခြင်း၊ ကန့်ကွက်ချက်အားစစ်ဆေးခြင်း၊ အသေးစိတ်စစ်ဆေးပေးရန်တောင်းဆိုခြင်း၊ အသေးစိတ် စစ်ဆေးခြင်း၊ ခွင့်ပြုခြင်းနှင့်ငြင်းပယ်ခြင်း၊ တီထွင်မှုမူပိုင်ခွင့်ထုတ်ပေးခြင်းစသည့် ပြဋ္ဌာန်းချက် များ ဖော်ပြထားပါသည်။

၁၂။    အခန်း (၁၁) တွင် သက်ဆိုင်ရာ နိုင်ငံအစိုးရကကြီးမှူးကျင်းပသော သို့မဟုတ် အသိအမှတ် ပြုသော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ၌ပြသခဲ့သည့် တီထွင်မှုကို ကျင်းပသည့် နေ့ရက်မှ တစ်နှစ်အတွင်း ဦးစီးဌာန၌ တူညီသော တီထွင်မှုကို လျှောက်ထားလျှင် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးခံစားရမည်။ အခန်း (၁၂) တွင် တီထွင်မှုမူပိုင်ခွင့် သက်တမ်း (၂၀) နှစ် ခံစားခွင့်ရှိခြင်း၊ အခန်း (၁၃) တွင် တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်သည် သီးသန့်အခွင့်အရေးများ ခံစားခွင့် ရှိခြင်း၊ တီထွင်မှုမူပိုင်ခွင့်အခွင့်အရေးကို ထိပါးချိုးဖောက်သူအား တရားမကြောင်းဖြင့် တရားစွဲဆို ခွင့်ရှိခြင်း၊ အခန်း (၁၄) တွင် တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများကို လွှဲပြောင်းခြင်း၊ အခန်း (၁၅) တွင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း၊ အခန်း (၁၆) တွင် ပုဂ္ဂိုလ်တစ်ဦးဦးသည် သို့မဟုတ် တရားဝင်အဖွဲ့အစည်း တစ်ရပ်ရပ်သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၏ အခြားသော အရေးပါသည့် အခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အလွန်အမင်း လိုအပ်လျက်ရှိခြင်း တို့ကို မလွဲမသွေပေးရမည့် လိုင်စင်ပြဋ္ဌာန်းချက်များပါဝင်ခြင်း၊ အခန်း (၁၇) တွင် တီထွင်မှု မူပိုင်ခွင့်ကို ပြန်လည်အပ်နှံခြင်းနှင့်ရုပ်သိမ်းခြင်း၊ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ယင်း၏ဆန္ဒ အလျောက် ဦးစီးဌာနတွင် ပြန်လည်အပ်နှံနိုင်ခြင်း ပြဋ္ဌန်းချက်များပါဝင်ခြင်းတို့ဖြစ်ပါသည်။ 

၁၃။    အခန်း (၁၈) တွင် အသေးစားတီထွင်မှုတစ်ခုအတွက် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းတို့ကို တစ်ပြိုင်နက်တည်းဖြစ်စေ၊ တစ်ခုပြီးမှ တစ်ခုဖြစ်စေ အပြိုင်လျှောက်ထားခြင်း ခွင့်မပြုခြင်းကို ပြဋ္ဌာန်းထားပြီး စသည့် ဥပဒေကြမ်း၏အခန်းအလိုက် ထူးခြားသည့်ပြဋ္ဌာန်းချက်များကို ထုတ်နုတ်၍ အကျဉ်းချုံးဖော်ပြ ထားခြင်းဖြစ်ပါသည်။
အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းအားစိစစ်၍ အစီရင်ခံစာဖတ်ကြားခြင်းနှင့် ပြင်ဆင်ချက်များ

၁၄။    တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းကို အသစ်ရေးဆွဲ၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက် ၁၅-၂-၂၀၁၈ ရက်နေ့တွင်တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းကို စတင်တင်သွင်းခဲ့ ပါသည်။

၁၅။    တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက် ပါသည့် စိစစ်တင်ပြခြင်းအစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ်တင့်လွင်က ဖတ်ကြားခဲ့ပါသည်။
၁၆။    တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ မှာ ဥပဒေကြမ်း၏အမည်အားပြင်ဆင်ခြင်း၊ အခန်း (၁) ပုဒ်မ ၂ ၏ အပိုဒ်ခွဲများအား အသစ် ဖြည့်စွက်ခြင်း၊ အခန်း (၂) အပိုဒ်ခွဲ (စ) အသစ်ဖြည့်စွက်ခြင်း၊ အခန်း(၃) ခေါင်းစဉ်တွင် ကော်မတီ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များကို ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ဟုပြောင်းလဲ ပြင်ဆင်၍ ပုဒ်မ ၅ တွင် အသစ်ဖြည့်စွက်ခြင်း၊ အခန်း (၄) တွင် အေဂျင်စီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ခေါင်းစဉ်အသစ်ဖြည့်စွက်ခြင်း၊ ပုဒ်မ ၆ ၊ ပုဒ်မ ၇၊ ပုဒ်မ ၈ တို့သည် အသစ်ဖြည့်စွက်ခြင်းနှင့် အခန်း (၂၄) ပုဒ်မ ၁၁၇၊ ပုဒ်မ ၁၁၈၊ ပုဒ်မ ၁၁၉ ၊ ပုဒ်မ ၁၂၀၊ ပုဒ်မ ၁၂၁ တို့သည် အသစ်ဖြည့်စွက်ခြင်းတို့ဖြစ်ပြီး ဥပဒေကြမ်း၏အခြားသော အခန်းများ၊ ပုဒ်မများ၊ အပိုဒ်၊ အပိုဒ်ခွဲ၊ အပိုဒ်ခွဲငယ် အသီးသီးတို့အား စကားရပ်များ ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။

၁၇။    ဥပဒေကြမ်းတွင်ပါရှိသည် တရားရုံးများ ကို မူပိုင်ခွင့်တရားရုံးများ ဟုပြောင်းလဲ ပြင်ဆင် ခဲ့သည်ကို တွေ့ရှိရပါသည်။ ဥပဒေကြမ်း၏ ပုဒ်မ ၂ အပိုဒ်ခွဲ(င)၊ ပုဒ်မ ၅ အပိုဒ်ခွဲ (ခ)(ဂ)(ဃ)၊ ပုဒ်မ၂၈ အပိုဒ်ခွဲ(က)အပိုဒ်ခွဲငယ်(၄)၊ ပုဒ်မ ၅၅၊ ပုဒ်မ ၅၇ အပိုဒ်ခွဲ(ခ) တို့ကို ပယ်ဖျက် ထားသည်ကို တွေ့ရှိရပါသည်။

မူပိုင်ခွင့်ဥပဒေကို စတင်ကျင့်သုံးခြင်း

၁၈။    ကမ္ဘာတွင်အစောဆုံး မူပိုင်ခွင့်ဥပဒေအဖြစ် အသိအမှတ်ပြုသည့် ဥပဒေမှာ UK နိုင်ငံတွင် ၁၇၀၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး “အန်းဘုရင်မ” ၏ ဥပဒေ (Statue of Ann) ဟုခေါ်ခဲ့ကြပါသည်။ ၁၈၁၄ ခုနှစ်၊ ၁၈၄၂ ခုနှစ်၊ ၁၉၁၁ ခုနှစ်နှင့် ၁၉၅၆ ခုနှစ် တို့တွင် မူပိုင်ခွင့်ဥပဒေများကို အစားထိုးပြဋ္ဌာန်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် စက်မှုဒီဇိုင်းများနှင့် တီထွင်မှု များအား အကာအကွယ်ပေးသော The Copyright, Design နှင့် Patents Act 1988 ကို ပြဋ္ဌာန်းခဲ့ပါသည်။

၁၉။    အင်္ဂလိပ်ဥပဒေစနစ်ကို ဆက်ခံထားသော အမေရိကန်နိုင်ငံတွင် မူပိုင်ခွင့်ဥပဒေကို ၁၇၉၀ ပြည့်နှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး အင်္ဂလိပ်မူပိုင်ခွင့်ဥပဒေ၏ အခြေခံမူများကို ရယူပြဋ္ဌာန်းခြင်းဖြစ် ပါသည်။ အမေရိကန်မူပိုင်ခွင့် ဥပဒေသစ်ကို ၁၈၉၁ ခုနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့ပြီး ယနေ့တည်ဆဲ အမေရိကန် မူပိုင်ခွင့်ဥပဒေကို ၁၉၇၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။

၂၀။    လက်ရှိမြန်မာနိုင်ငံ မူပိုင်ခွင့်အက်ဥပဒေ (The Myanmar Copyrights Act) သည် ၁၉၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီး မူလကအိန္ဒိယဥပဒေဖြစ်ကာ ၁၉၁၄ ခုနှစ် အိန္ဒိယအက်ဥပဒေအမှတ် - ၃ အဖြစ် ပြဋ္ဌာန်းခဲ့ပါသည်။ 

၂၁။    ကမ္ဘာ့ စီးပွားရေးကို  ဦးဆောင်နေသည့် အောင်မြင်နေသောနိုင်ငံများကို လေ့လာလျှင် Intellectual Property Laws (IP Laws) များပြဋ္ဌာန်းပြီး IP Standards မြင့်မားသော နိုင်ငံများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၂၀၁၇ IP Index အရ IP Standards မြင့်မားသော နိုင်ငံ(၄၅) နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့ GDP ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြု ကြောင်းသိရပါသည်။ ၎င်းနိုင်ငံများသည် IP ကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှပ်နှံမှု ပြုပါသည်။ IP အားနည်းသော နိုင်ငံများသည် IP ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်စနစ်များ ပြုပြင် ပြောင်းလဲမှုများကိုလည်း တွေ့ရှိရပါသည်။ IP ကဏ္ဍ ဦးဆောင်နိုင်ငံများစာရင်းတွင် အမေရိကန်၊ ဂျပန်၊ အီးယူနှင့် UK နိုင်ငံများသည် ထိပ်ပိုင်းနေရာ များတွင်ရှိခြင်း၊ တရုတ်၊ ပါကစ္စတန်နှင့် ယူအေအီး၊ ဆွီဒင်နိုင်ငံများတွင် ဥပဒေများကို ပြန်လည် သုံးသပ်ပြင်ဆင်ကြပြီး အားကောင်း စေရန်ဆောင်ရွက်ခြင်း၊ အထူး IP တရားရုံးများ ဖွဲ့စည်း တည်ထောင်၍ မူပိုင်ခွင့်ခိုးယူမှုများကို တားဆီးတိုက်ဖျက်ရန် ဆောင်ရွက်ကြပါသည်။    Free Trade Agreements (FTA) နှင့် Comprehensive Economic Trade Agreement (CETA) သဘောတူညီချက်များတွင် IP copyright ကို online မှ ခိုးယူမှုများကို အကာအကွယ်ပေးထားပါသည်။

အကျိုးကျေးဇူး

၂၁။    တီထွင်မှုမူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းနိုင်မည်ဆိုပါက အကျိုးကျေးဇူးများမှာ-
(က)    တီထွင်သူများအား ၎င်းတို့၏တီထွင်မှုများအတွက် သီးသန့်အခွင့်အရေးများ အဖြစ် တီထွင်မှုမူပိုင်ခွင့်အခွင့်အရေးများပေးခြင်းဖြင့် တီထွင်သူများ၏ တီထွင်လိုစိတ် များ မြှင့်တင်ပေးခြင်း၊
(ခ)    လူမှုဘဝပတ်ဝန်းကျင်အတွက် လိုအပ်သော တီထွင်မှုများကို ပေါ်ထွက်လာစေခြင်း၊
(ဂ)    တီထွင်မှုမူပိုင်ခွင့် သတင်းအချက်အလက်များကို လေ့လာနိုင်ခြင်းအားဖြင့် ပြောင်းလဲတိုးတက်နေသော နည်းပညာများအား သိရှိခံစားနိုင်ခြင်း၊
(ဃ)    တီထွင်မှုမူပိုင်ခွင့် သက်တမ်းကုန်ဆုံးပြီးနောက် တီထွင်မှုမူပိုင်ခွင့်  သတင်း အချက်အလက်များအား အသုံးပြု၍ နိုင်ငံ၏လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေနိုင်ခြင်း၊
(င)    ခိုင်မာသည့်တီထွင်မှုမူပိုင်ခွင့် အကာကွယ်ပေးသည့် စနစ်ဖွံ့ဖြိုးလာခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာစေနိုင်ပြီး ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာစေနိုင်ခြင်း၊
(စ)    တီထွင်မှုမူပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်ခြင်းအားဖြင့် တီထွင်မှုများနှင့် သက်ဆိုင်သည့်လုပ်ငန်းများမှ နိုင်ငံအတွင်း ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီး မြှုပ်နှံနိုင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

နိဂုံး   

၂၂။    ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော ကုန်ပစ္စည်းများကို ဖန်တီးတီထွင်ခြင်းနှင့် ယင်းဖန်တီးတီထွင်မှုများကို ကာကွယ်စောင့်ရှောက်ပေးသည့်  တရားဥပဒေ ဆိုင်ရာ အခွင့်အရေးများကို တစ်ပေါင်းတည်းရရန်လိုအပ်ပါသည်။ ထို့ကြောင့်နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သော “တီထွင်မှုမူပိုင်ခွင့်ဥပဒေ” ပြုရေးတွင် ဥပဒေတစ်ခု ပေါ်ပေါက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ဤဥပဒေကြမ်း စာတမ်းတိုအား ရေးသားဖော်ပြခြင်း ဖြစ်ပါ သည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
 

ရက်စွဲ
၅.၉.၂၀၁၈