Skip to main content

မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ဘတ်ဂျက်လိုငွေပြမှုအခြေအနေ

 

မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ဘတ်ဂျက်လိုငွေပြမှုအခြေအနေ

နိဒါန်း

မြန်မာနိုင်ငံ၏ ရသုံးခန့်မှန်းခြေငွေစာရင်း (budget) မှာ လိုငွေပြရသုံးခန့်မှန်းခြေငွေစာရင်း (Deficit Budget) ဖြစ်ပါသည်။ ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် အမှန်တကယ် အကျိုး ဖြစ်ထွန်းရန်၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးမှုမှ တစ်ဆင့် နိုင်ငံသူ၊ နိုင်ငံသားများသို့ အကျိုးဖြစ်ထွန်းမှုကို အလေးထားဆောင်ရွက်နေကြသော ကိုယ်စားလှယ်များအတွက် အထောက်အကူပြုရန်ရည်ရွယ်၍ ရေးသားထုတ်ဝေခြင်းဖြစ်ပါသည်။
    မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ဘတ်ဂျက်လိုငွေပြမှုအခြေအနေတွင်
•    မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်လိုငွေ
•    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေ
•    မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်လိုငွေနှင့် GDP အချိုး
•    ၂၀၁၈ ခုနှစ်၊ အာဆီယံနိုင်ငံများ၏ ဘတ်ဂျက်လိုငွေနှင့် GDP အချိုး နှင့်
•    ဘဏ္ဍာရေးနှစ်အလိုက် မြန်မာနိုင်ငံ၏ ရငွေ၊ သုံးငွေ၊ လိုငွေနှင့် GDP အချိုးတို့ကို ဖော်ပြထားပါသည်။

ရသုံးခန့်မှန်းခြေငွေစာရင်း (Budget)

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုသည်မှာ တစ်မျိုးသားလုံး၏စီမံကိန်းအရ လာမည့်ဘဏ္ဍာ ရေးနှစ်အတွင်း ဝင်ငွေစုစုပေါင်း မည်မျှရရှိ၍ ယင်းငွေများကို မည်သည့်ကဏ္ဍတွင် မည်သို့မည်ပုံ သုံးစွဲမည်၊ ရင်းနှီးမြှုပ်နှံမည် စသဖြင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ ဆောင်ရွက်မည့်လုပ်ငန်းအစီ အစဉ်ကို ငွေကြေးဖြင့် ပြုစုဖော်ပြသည့်စာရင်းဖြစ်ပါသည်။
ရသုံးခန့်မှန်းခြေငွေစာရင်း (Budget) ရေးဆွဲရာတွင် ဖြစ်ပေါ်နိုင်သည့်အခြေအနေ (၃) မျိုး
•    ရငွေသည် သုံးငွေထက် များပါက ပိုငွေပြရသုံးခန့်မှန်းခြေငွေစာရင်း (Surplus Budget)
•    သုံးငွေသည် ရငွေထက်များပါက လိုငွေပြရသုံးခန့်မှန်းခြေငွေစာရင်း (Deficit Budget)
•    ရငွေနှင့် သုံးငွေညီမျှပါက ဘက်ညီရသုံးခန့်မှန်းခြေငွေစာရင်း (Balanced Budget)

ဘတ်ဂျက်လိုငွေပြမှု (Deficit Budget)

ဘတ်ဂျက်လိုငွေပြမှုဆိုသည်မှာ သုံးငွေသည် ရငွေထက်ပိုသုံးခြင်းကို ဆိုလိုပါသည်။

ဘတ်ဂျက်လိုငွေနှင့် GDP အချိုး

Budget Deficit ကို GDP ၏ ရာခိုင်နှုန်း (percent of GDP) ဖြင့် တိုင်းတာပါသည်။

မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်လိုငွေ

မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်လိုငွေကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထား ပါသည်-

ဖော်ပြပါ Bar Chart အရ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်လိုငွေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ကြားကာလ ၂၀၁၈ ဘဏ္ဍာနှစ်တို့အပါအဝင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ် (၉) နှစ်အတွင်း စံချိန်တင်လိုငွေများခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ကို တစ်ဒေါ်လာ ကျပ် ၁၃၆၀ ဖြင့် ရေးဆွဲထားပြီး ဇူလိုင် ၂၆ ရက် ဗဟိုဘဏ် ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၄၂၇ ကျပ်ဖြစ်သဖြင့် တစ်ဒေါ်လာ ၆၇ ကျပ်အထိ ကွာဟမှုဖြစ်ပေါ် နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရပါသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေအများဆုံး တောင်းခံထားသည့်ဌာနများမှာ နိုင်ငံခြားငွေအများအပြား အသုံးပြုလေ့ရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊    ဆောက်လုပ်ရေးဝန်ကြီးဌာန စသည့်ဌာနများဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရပါ သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေ

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေ ကိုကြည့်ခြင်းအားဖြင့် ပြည်နယ်များတွင် ရှမ်းပြည်နယ်သည် ဘတ်ဂျက်လိုငွေအများဆုံးဖြစ်ပြီး ကယားပြည်နယ်သည် ဘတ်ဂျက်လိုငွေ အနည်းဆုံးဖြစ်ပါသည်။ တိုင်းဒေသကြီးများတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် ဘတ်ဂျက်လိုငွေအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသည် ဘတ်ဂျက်လိုငွေအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်လိုငွေနှင့် GDP အချိုး

မြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက်ဘတ်ဂျက်လိုငွေနှင့် GDP အချိုးကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

ဖော်ပြပါ Bar Chart အရ မြန်မာနိုင်ငံ၏ဘတ်ဂျက်လိုငွေနှင့် GDP အချိုးသည် ၂၀၁၈ ခုနှစ် ၆ လတာကာလအတွင်း ၆.၆၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

ဘတ်ဂျက်လိုငွေနှင့် GDP အချိုးသည် ၅ ရာခိုင်နှုန်းသာရှိသင့်သော်လည်း ယခုအခြေ အနေသည် ၆.၆၅ ထိ ရောက်ရှိနေပြီး ဘတ်ဂျက်လိုငွေပို၍ များပြားလာနိုင်ကြောင်း ပညာရှင်များ က ခန့်မှန်းပြောဆိုထားပါသည်။

၂၀၁၈ ခုနှစ်၊ အာဆီယံနိုင်ငံများ၏ ဘတ်ဂျက်လိုငွေနှင့် GDP အချိုး

၂၀၁၈ ခုနှစ်၊ အာဆီယံနိုင်ငံများ၏ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

၂၀၁၈ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၏ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးတွင် စင်ကာပူနိုင်ငံ တစ်နိုင်ငံသာ လိုငွေပြခြင်းမရှိသည်ကို တွေ့ရှိရပါသည်။

ဘဏ္ဍာရေးနှစ်အလိုက် မြန်မာနိုင်ငံ၏ ရငွေ၊ သုံးငွေ၊ လိုငွေနှင့် GDP အချိုး

ဘဏ္ဍာရေးနှစ်အလိုက် မြန်မာနိုင်ငံ၏ ရငွေ၊ သုံးငွေ၊ လိုငွေနှင့် GDP အချိုးကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

ဘဏ္ဍာရေးနှစ်အလိုက် မြန်မာနိုင်ငံ၏ ရငွေ၊ သုံးငွေ၊ လိုငွေနှင့် GDP အချိုးကိုကြည့်လျှင် သုံးငွေမှာ ရငွေထက်များနေပြီး လိုငွေပြမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် လိုငွေပြမှုအခြေအနေကို ဖြည့်ဆည်းရန် နိုင်ငံတော်ဗဟိုဘဏ်မှ နှစ်စဉ်လိုငွေကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ သို့သော် ထိုသို့ဖြည့်ဆည်းပေးမှုသည် ငွေကြေးဖောင်းပွမှုကို မြင့်တက်သောကြောင့် မက်ခရိုစီးပွားရေးအခြေအနေ ဘက်မညီမှုများ မရှိစေရန်အတွက် ဗဟို ဘဏ်မှ လိုငွေဖြည့်ဆည်းခြင်းကို လျှော့ချဆောင်ရွက်ရန်၊ ရငွေပိုမိုတိုးတက်ရရှိအောင် အခွန်စနစ် ကို ဆက်လက်ထိန်းသိမ်းပြုပြင်ရန်၊ အသုံးစရိတ်ကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်ပါသည်။

နိဂုံး

မြန်မာနိုင်ငံ၌ လက်ရှိဘတ်ဂျက်ရေးဆွဲသည့်ပုံစံမှာ နိုင်ငံခြားငွေရရှိသုံးစွဲမှုများအတွက် နိုင်ငံခြားငွေနှင့် ညီမျှသောမြန်မာကျပ်ငွေကို ဘတ်ဂျက်တွင် လျာထားခြင်းဖြစ်သော်လည်း ပြည်တွင်း၌ နိုင်ငံခြားသုံးငွေ ဈေးကွက်ဖွံ့ဖြိုးခြင်းမရှိသေး၍ အစိုးရထံမှ နိုင်ငံခြားသုံးငွေကို တောင်းခံသုံးစွဲနေရသည့် ပုံစံဖြစ်ပြီး အဆိုပါအခြေအနေကို ပြင်ဆင်ရန် ပြည်တွင်းနိုင်ငံခြား သုံးငွေဈေးကွက်မှာလည်း ဖွံ့ဖြိုးရန်လိုအပ်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာတွင် ဖော်ပြထားပါသည်။ သို့သော် လက်ရှိ အချိန်အထိ နိုင်ငံခြားသုံးငွေဈေးကွက်မှာ ဖွံ့ဖြိုးမှုမရှိဘဲ အစိုးရထံမှ နိုင်ငံခြားငွေကို တောင်းခံ ယူရသည့်အဆင့်သာရှိနေပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏သုံးသပ်အကြံပြုချက်အရ တည်ဆောက်ရေးလုပ်ငန်းများ နှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်သူများထံမှ ရယူသည့် လုပ်ငန်းပြီးမြောက်မှုအာမခံများကို ဌာနများ၏ ငွေထုတ်စာရင်းသို့ ပေးသွင်းပြီး အပ်ငွေအဖြစ် ထားရှိဆောင်ရွက်ပါက နိုင်ငံတော်၏ လိုငွေဖြစ်ပေါ်မှုကို လျော့နည်းစေမည်ဖြစ်ပါသည်။
ဘတ်ဂျက်လိုငွေပြမှုသည် သိသာထင်ရှားသောစီးပွားရေးပြဿနာများကိုဖြစ်ပေါ်စေပါ သည်။ ပုဂ္ဂလိက၏အခန်းကဏ္ဍလျော့နည်းခြင်း၊ အတိုးနှုန်းမြင့်မားခြင်း၊ အခွန်အခများ တိုးမြှင့် စေခြင်း၊ ငွေကြေးဖောင်းပွမှုမြင့်မားခြင်း စသည့် အကျိုးစီးပွားများကို ဖြစ်ပေါ်စေပါသည်။ သို့ သော် ဘတ်ဂျက်လိုငွေပြမှုသည် စီးပွားရေးတိုးတက်မှုကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်း၊ အလုပ်လက်မဲ့နှုန်းမြင့်မားခြင်းကို တားဆီးရာ၌ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ Budget Deficit ဖြစ်မှုသည် စီးပွားရေး၊ ရာသီဥတု၊ ငွေကြေးလဲလှယ်နှုန်း၊ အတိုးနှုန်း၊ အစိုးရ၏ချေးငွေဖြစ်ပေါ်ရခြင်းအကြောင်းတရားများစွာ တည်မှီနေပါသည်။ Budget Deficit ကို GDP ၏ ရာခိုင်နှုန်း (percent of GDP) ဖြင့် တိုင်းတာပါသည်။

အခွန်အကောက်နှုန်းထက် အခွန်အခကောက်ယူမှု နည်းသွားလျှင်သော်လည်းကောင်း၊  အခွန်အခကောက်ယူနှုန်းနည်းပြီး အသုံးမလျှော့လျှင်သော်လည်းကောင်း၊ စီမံချက်ဖြင့် မဆောင်ရွက် သောသုံးစွဲမှုများ၊ မိုးခေါင်ရေရှားသဘာဝဘေးအန္တရာယ်များ၊ စစ်မက်ထူပြောမှုများ စသည့် အကြောင်းအရာများသည် Budget Deficit ကို ဖြစ်ပေါ်တတ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၆.၉.၂၀၁၈