Skip to main content

လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၁၄ ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးစီး၍ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ  ၃ရက် နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌  ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဦးကျော်လွင်၊ ဦးသန်းဌေး၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်များအစည်းအဝေးကို  ဒသမအကြိမ်မြောက်အထိ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ရာ ယခု (၁၁) ကြိမ်မြောက် အစည်းအဝေးကိုလည်း အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ အလိုက်ဆောင်ရွက်ထားရှိမှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန် အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက လုံခြုံရေး၊ အခမ်းအနားပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပြန်ကြားရေး၊ လျှပ်စစ် ကဏ္ဍဆိုင်ရာလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ အသံထိန်းစနစ်နှင့် ဆန္ဒမဲပေးစက်ခလုပ် ဆိုင်ရာလုပ်ငန်းများ၊ ကျန်းမာရေး၊ တည်းခိုရေးနှင့် နေရာချထားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်ကျင်းပစဉ် ကာလအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်၍ အလေးထားဆောင်ရွက်ရန် အသေးစိတ်ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များ ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုလွှတ်တော်နာယက က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ် အမှာစကား ပြောကြား ရာတွင် လုံခြုံရေးဆိုင်ရာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် နေရာများအပါအဝင် လမ်းကြောင်းများ၊ ဝင်ထွက်/ သွားလာမှုကိစ္စရပ်များ၊ လွှတ်တော် အတွင်း/အပြင် လုံခြုံရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် ကာလအတွင်း လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် အားလုံးက ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်မည့် ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားသည်။