Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းဖြူးမြို့နယ်ရှိကော်မတီများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများအားတွေ့ဆုံအမှာစကားပြောကြား

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ရှိမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီ၊ မြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့မိ မြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃ ရက် နံနက် (၁၁)နာရီတွင် ဖြူးမြို့နယ် စည်ပင်သာယာ ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးဝင်းတင်၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန် ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း က  ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသောကော်မတီများသည် သက်ဆိုင်ရာပြည်သူများ၊ ပြည်သူ့ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်ပြီးလုပ်ငန်းစီမံကိန်းများဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေရရှိ ရေးနှင့် ရရှိဘဏ္ဍာငွေများကိုခွင့်ပြုထားသောလုပ်ငန်းများအလိုက် စနစ်တကျနှင့် ထိထိရောက်ရောက် သုံးစွဲနိုင်ကြရန် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

ထို့အတူရှေးယခင်ကမရရှိခဲ့သောဒီမိုကရေစီအခွင့်အရေးများကိုယခုအခါ ရရှိလာပြီးစနစ်တကျ မှန်မှန်ကန်ကန်အသုံးပြုသွားရန် ဖြစ်ကြောင်းနှင့် ဒီမိုကရေစီပိုမိုရှင်သန် တိုးတက်ရေးအတွက် အားလုံး ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း။

လွှတ်တော်များသည်လည်းဒီမိုကရေစီဖော်ဆောင်ရာတွင် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက် ”ဆိုသောဆောင်ပုဒ် သည် လွှတ်တော်၏မူဝါဒဖြစ်၍ စစ်မှန်သောပြည်သူ့အသံပြည်သူ့ဆန္ဒများရရှိအောင် လွှတ်တော် ကိုယ်စားလှယ်များကဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်းဖြင်‌့ ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆောင်ရွက်နေမှု၊ ကျေးရွာများကိုမြို့အဖြစ် ပြောင်းလဲလုပ်ဆောင်နေမှု၊ မြို့နယ်အတွင်းလမ်းပန်းဆက်သွယ်ရေးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ပြည်သူများနှင်‌့ ပူးပေါင်းဆောင်ရွက်မှု၊ ပဲခူးမြို့နယ် အတွင်းရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသည့် စိုက်ဧကများအတွက် နိုင်ငံတော်အစိုးရမှ ကူညီပံ့ပိုး ဆောင်ရွက်ပေးမှု၊ ဖြူးမြို့နယ် မြို့တော်ခန်းမတည်ဆောက်ရေးအတွက် စီစဉ်‌ေဆောင်ရွက်ထားရှိမှု၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ (၂၈)မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်များဖြင်‌့ ဆောင်ရွက်ရာတွင် မျှမျှတတရှိအောင် ထိန်းကျောင်း ဆောင်ရွက် နေမှုတို့နှင်‌့ စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကပြန်လည်သုံးသပ် ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကာနိဂုံးချုပ် အမှာစကားပြောကြားသည်။

 တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ဖြူးမြို့နယ် မြို့တော်ခန်းမပုံစံငယ် ဓာတ်ပုံများကိုကြည့်ရှုပြီးတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။