Skip to main content

၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကျင်းပ

“ ဒီမိုကရေစီဖော်ဆောင်ရေး လူငယ်များဝိုင်းဝန်းဆောင်ရွက်ပေး” ဟူသည့်ဆောင်ပုဒ် ဖြင့် ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ကျင်းပသည်။

အခမ်းအနားသို့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိမ်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ၊ကော်မရှင် ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ကင်းထောက်လူငယ်မောင်မယ်များ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာနိုင်ငံကဲ့သို့ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီကျင့်စဉ် ခိုင်မာတည်တံ့ရန်အတွက် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည်ကို အားလုံးကအသိပင်ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒကို လိုက်နာသော စနစ်ဖြစ်သည့်အတွက် အများအကျိုးကို ရှေ့တန်းတင်သောစနစ်ဟု ဆိုနိုင်ပါကြောင်း၊ အများအကျိုးနှင့်ယှဉ်လျှင် ကိုယ်ကျိုးစီးပွားကို အထိပါးခံနိုင်သည့်အတွက် မွန်မြတ်သော စနစ်တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီကျင့်စဉ်ကို နိုင်ငံရေးတွင်သာမက လူမှုရေးရာအဖြာဖြာတွင်လည်း ကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ လူဆိုသည်မှာ တစ်ဦးတည်းနေ၍မရဘဲ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် နေရတာဖြစ်သည့်အတွက် လူ့ဘောင်ဘဝတွင် ဒီမိုကရေစီ နေနည်း ထိုင်နည်းနှင့်နေပါက အချင်းချင်းသဟဇာတဖြစ်လိမ့်မည် ဖြစ်ပါကြောင်း၊ အချင်းချင်း သဟဇာတဖြစ်ခြင်းသည် ဒီမိုကရေစီစည်းလုံးညီညွတ်ခြင်းပင်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် စည်းလုံးညီညွတ်မှုအဓိကလိုအပ်ကြောင်းကို သမိုင်းက သက်သေခံ လျက်ရှိပါကြောင်း၊ စည်းလုံးညီညွတ်မှုဆိုသည်မှာ တစ်ကြိမ်တည်ဆောက်လိုက်ရုံဖြင့် မပြီးဘဲ ရေရှည်ထိန်းသိမ်းထားရမည်၊ အစဉ်အမြဲတည်ဆောက်နေရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်နှင့် ဒီမိုကရေစီကဏ္ဍကို ယနေ့ ဆွေးနွေးနေကြခြင်းပင်ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ်ဆိုသည်မှာ သူတစ်ပါးက ပေးမှရသည်မဟုတ်ဘဲ ကိုယ်တိုင် ကျင့်သုံးမှ ရမည်ဖြစ်သည့်အတွက် လူငယ်များက လူအချင်းချင်း မွေးရာပါ လူ့အခွင့်အရေးကို အပြန်အလှန် တန်ဖိုးထားတတ်ခြင်းအားဖြင့် အချင်းချင်းအကြားတွင် ကွာဟမှုကို ပယ်ဖျောက်နိုင်လိမ့်မည် ဖြစ်ပါကြောင်း။

တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် ဒီမိုကရေစီလက္ခဏာကို သဘောထားကြီးမားမှုဖြင့် သယ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ လူပုဂ္ဂိုလ်အချင်းချင်း အဖွဲ့အစည်း အချင်းချင်းအကြားတွင် အရေးကြီးသည့် လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဖက်များဖြင့် အပြန်အလှန် သဘောထားကြရမည်ဖြစ်ပါကြောင်း။

မင်းမပါလဲမပြီး သူမပါလဲမပြီးဆိုသည့် အားလုံးပါဝင်ရေးကို ရှေးရှုကြရမည်ဖြစ်ပါ ကြောင်း၊ အချုပ်အားဖြင့် လူငယ်များသည် အချင်းချင်း အပြန်အလှန် နားလည်မှုရှိသည့် ဒီမိုကရေစီ စည်းလုံးညီညွတ်မှုကို ကိုင်ဆွဲလျက် ငြိမ်းချမ်း၍သာယာဝပြောသည့် နိုင်ငံတော်ကို ဆက်လက် သယ်ပိုးနိုင်ခြင်းဆိုသည့် ပူးတွဲချန်ပီယံဆုကို ရယူကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ  ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအတွက် ပေးပို့သည့် သဝဏ်လွှာကို အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးက ဖတ်ကြားသည်။

ဆက်လက်၍ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအတွက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တို့ထံမှပေးပို့သည့် သဝဏ်လွှာများကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးသိန်းထွန်းဦးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်မှ ကိုယ်စားလှယ် Mr.  Toily  Kurbanov တို့က ဖတ်ကြားသည်။

၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားနှင့် စပ်လျဉ်း၍                    “ကျောင်းသားလူငယ်များ၊ ပြည်သူလူထုကိုယ်စားပြုကိုယ်စားလှယ်၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကရင်ပြည်သူ့ပါတီ၊ “ဝ” ဒီမို ကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ”တို့၏ စာတမ်းများကို စာတမ်းရှင် (၂၀)ဦးက ဖတ်ကြားတင်ပြကြသည်။

အခမ်းအနားအပြီးတွင် ၂၀၁၄ ခုနှစ်အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဌေးဦးနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမ၌ ပြည်တွင်းသတင်းမီဒီယာသမား များအား တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။