Skip to main content

စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရသော ပြည်သူများ မနစ်နာစေရေးနှင့်စပ်လျဉ်းသော အဆိုကို အတည်ပြု

ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖာပွန်မဲဆန္ဒနယ်မှ ဦးစိုင်းသန်းနိုင်က စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ်တပ်မတော်သား များနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ခန္ဓာ၊ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ရသော ပြည်သူများ

မနစ်နာစေရေးအတွက် ထိုက်သင့်သောအသိအမှတ်ပြုမှု၊ ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ယင်းတို့၏ ဘဝအဆင်ပြေစေရေးအတွက်ထောက်ပံ့ကူညီမှုများပြုလုပ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေ ပြဋ္ဌာန်းပေးရေးအဆိုနှင့်ပြည်သူများသေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခရောက်နေရခြင်းမှာ ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သဖြင့် ပြည်သူများ၏ဆန္ဒများနှင့်အညီ ယနေ့ငြိမ်းချမ်း ရေးရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများမှ ဦးစွာအမြန်ဆုံး ရပ်ဆိုင်းပေးရေးအဆိုတို့ကို တင်သွင်းခဲ့သည်။ ယင်းအဆိုကို ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာနှင့် ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဉာဏ်ဆွေဝင်းတို့က ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ရသော ပြည်သူများမနစ်နာစေရေးအတွက် ထိုက်သင့်သောအသိအမှတ်ပြုမှု၊ ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ယင်းတို့၏ ဘဝအဆင်ပြေစေရေးအတွက် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေ ပြဋ္ဌာန်းပေးရေးအဆိုနှင့် ပြည်သူများသေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခရောက်နေရခြင်းမှာ ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သဖြင့် ပြည်သူများ၏ဆန္ဒများနှင့်အညီ ယနေ့ငြိမ်းချမ်း ရေးရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများမှ ဦးစွာအမြန်ဆုံး ရပ်ဆိုင်းပေးရေးအဆိုတို့ကိုတင်သွင်းခြင်း

ဥက္ကဋ္ဌ။             ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၆၃ အရ အရေးတကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ဦးစိုင်းသန်းနိုင်၊ ဖာပွန် မဲဆန္ဒနယ်က ဥက္ကဋ္ဌထံ စာရေးသားလက်မှတ်ရေးထိုးပြီး အဆိုတစ်ရပ်အဖြစ် တင်ပြလာပါတယ်။ အဆိုမှာ-

၁။       စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရသော ပြည်သူများမနစ်နာစေရေးအတွက် ထိုက်သင့်သော အသိအမှတ်ပြုမှု၊ ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ယင်းတို့၏ဘဝ အဆင်ပြေစေရေး အတွက် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးရေး အဆိုနှင့်

၂။       ပြည်သူများသေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊  ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခရောက် နေရခြင်းမှာ ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သဖြင့် ပြည်သူများ၏ ဆန္ဒများနှင့်အညီ ယနေ့ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများမှ ဦးစွာအမြန်ဆုံးရပ်ဆိုင်းပေးရေးအဆိုတင်သွင်းဖို့ ဖြစ်ပါတယ်။ 

ဥက္ကဋ္ဌ။           ။ ဒီအဆိုကို တင်သွင်းဖို့ ဖာပွန်မဲဆန္ဒနယ်မှ ဦးစိုင်းသန်းနိုင်အား ဖိတ်ခေါ်ပါတယ်။

ဦးစိုင်းသန်းနိုင်(ဖာပွန်မဲဆန္ဒနယ်)။          ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ပြည်ထောင်စုအဆင့်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ကရင်ပြည်နယ်၊ ဖာပွန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အရေးကြီးအဆို နှစ်ရပ်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အခုလို အရေးကြီးအဆိုနှစ်ရပ်ကို တင်သွင်းခွင့်ပြုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တင်သွင်းမယ့် အရေးကြီးအဆိုနှစ်ရပ်ကတော့ (၁) စစ်ဆင်ရေး အထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများ မနစ်နာစေရေးအတွက် ထိုက်သင့်သော အသိအမှတ်ပြုမှု၊ ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ယင်းတို့၏ဘဝအဆင်ပြေစေရေးအတွက် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးရေးအဆိုနှင့် (၂) ပြည်သူများ သေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခရောက်နေရခြင်းမှာ ပြည်တွင်းပဋိပက္ခ၊ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သဖြင့် ပြည်သူများ၏ ဆန္ဒများနှင့်အညီ ယနေ့ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများမှ ဦးစွာ အမြန်ဆုံးရပ်ဆိုင်းပေးရေး အဆိုတို့ကိုတင်သွင်းသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီမနက်မှာပင် ကျွန်တော်ဟာ ကျွန်တော်တို့ဒေသကဖြစ်စဉ်တချို့ကို ဥပမာထားပြီးတော့ ပြည်တွင်းပဋိပက္ခများကြောင့် အနိဋ္ဌာရုံဘဝနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ဘဝကို ကူညီ စောင့်ရှောက်ပေးနိုင်ဖို့အတွက် မေးခွန်းတင်သွင်းခဲ့ပါတယ်။ ကျွန်တော်တို့ဒေသတွင်မကပါဘူး။ ခုနက ကျွန်တော့်မေးခွန်းမှာ တင်ပြခဲ့သလိုပဲ ကျွန်တော်တို့ နယ်စပ်ဒေသတွေဖြစ်တဲ့ ရှမ်း၊ ကချင်၊ ကယား၊ မွန်၊ ပဲခူး၊ တနင်္သာရီအစရှိတဲ့ နယ်မြေတွေမှာ ဒီလိုဒုက္ခ၊ သုက္ခပေါင်းများစွာကြုံတွေ့ခဲ့ရပါတယ်။ ဒါဘာကြောင့် ဖြစ်ရလဲဆိုတော့ ကျွန်တော်တို့ မငြိမ်းချမ်းလို့၊ ပြည်တွင်းတိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်စွဲပြီးတော့ တိုက်ခိုက်နေကြလို့ဖြစ်တယ်။ ဒါကြောင့် ဒီလိုဒုက္ခရောက်တဲ့လူတွေကို ကူညီစောင့်ရှောက်ဖို့ ကျွန်တော့်မေးခွန်းမှာ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနက ဖြေဆိုသွားတဲ့အထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သူ့ရဲ့စီမံဆောင်ရွက်နိုင်တဲ့ တည်ဆဲဥပဒေတွေအရ ကူညီထောက်ပံ့ ပေးခဲ့တာတွေ၊ မှတ်တမ်းမှတ်ရာပြုခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် လုံလောက်သောအခြေအနေ မဟုတ်ပါဘူး။ ဒါတွေကို နိုင်ငံတော်ကို ကူညီဆောင် ရွက်သောကြောင့် နိုင် ငံတော်အပိုင်းကနေပြီးတော့လည်း ကျွန်တော်တို့ ဒီလို နိုင်ငံသားတွေကို ပြန်လည်ကြည့်ရှုစောင့်ရှောက်သင့်တဲ့အတွက်ကြောင့် ကျွန်တော့် ပထမအဆိုဖြစ်တဲ့ဟာကို ကျွန်တော်တို့ သူတို့ရဲ့ဘဝအဆင်ပြေရေးအတွက် ကူညီ ထောက်ပံ့မှုတွေ ပြုပေးနိုင်ဖို့အတွက် မူဝါဒတွေ ဥပဒေပြဋ္ဌာန်းပေးနိုင်ဖို့လိုပါတယ်။

ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေ မဖြစ်အောင်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းမှာဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းမှာဖြစ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ဟာ အားလုံးအားလုံး ကိုယ်စီကိုယ်စီ ပြည်သူအပါအဝင် အားလုံးမှာဆိုလို့ရှိရင် စိတ်အားထက်သန်ပြီးတော့ ကူညီစောင်မမှုတွေ လိုအပ်နေပါတယ်။ ဒီငြိမ်းချမ်းရေးကို ပြည်သူအားလုံးကလည်း စိတ်ဝင်တစားနဲ့ ငံ့လင့်မျှော်လင့်နေကြတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းနေကြတယ်။ ပြည်သူတစ်ရပ်လုံးက စိတ်ဝင်စားနေကြတဲ့ ငြိမ်းချမ်းရေး ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးကလည်း ငြိမ်းချမ်းရေးအတွက်ကို စိတ်အားထက်သန်စွာနဲ့ တွန်းအားပေးဆောင်ရွက်နေတဲ့အချိန်၊ နိုင်ငံတကာကလည်း ကူညီအားပေးမှုတွေပြုနေတဲ့ အချိန်ကောင်း၊ အခါကောင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့အားလုံးဟာဆိုလို့ရှိရင် တတ်နိုင်သလောက် အမြန်ဆုံးရရှိအောင် ဆောင်ရွက်ကြရဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးရမှပဲ ကျွန်တော်တို့လိုချင်တဲ့ အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့က ပထမဦးစွာ အရေးကြီးကိစ္စအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အရင်ဆောင်ရွက်ရပါတယ်။ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါကျတော့လည်း ကျွန်တော်တို့ဟာ အပစ်အခတ်ရပ်စဲပြီးတော့သာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဖော်ဆောင်အောင်မြင် နေတာကိုတွေ့ရှိရပါတယ်။ လက်နက်ကိုယ်စီ ကိုင်ထားပြီးတော့ ငြိမ်းချမ်းရေး စကားပြောရင် လိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့အဆိုမှာ ဒုတိယ အဆို ဖြစ်တဲ့ ပြည်သူတွေသေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးရခြင်း၊ ဆင်းရဲဒုက္ခ ရောက်နေရခြင်း၊ ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သဖြင့် ပြည်သူတို့ရဲ့ဆန္ဒနှင့်အညီ ယနေ့ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေတဲ့ အချိန်မှာ ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများက ဦးစွာအမြန်ဆုံးရပ်ဆိုင်းပေးရေးအဆိုကို သက်ဆိုင်သူများ အားလုံးကို တိုက်တွန်းကြောင်း အဆိုနှစ်ရပ်ကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ အဆိုကို ထောက်ခံမယ့် ကိုယ်စားလှယ်တစ်ဦးအား ဖိတ်ခေါ်ပါတယ်။

ဒေါ်နန်းစေအွာ(ဘားအံမဲဆန္ဒနယ်)။       ။ ရိုသေလေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ ကရင်ပြည်နယ်၊ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာ ဖြစ်ပါတယ်ရှင်။ ဒီအရေးကြီးအဆိုနှင့်ပတ်သက်ပြီး တင်သွင်းသွားတဲ့ ဖာပွန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်ရဲ့ တင်ပြချက်နှင့်ပတ်သက်ပြီးတော့ ကျွန်မ အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်မက်ဖြစ်ပွားနေရတဲ့ ဒေသများကိုပြန်ကြည့်မယ်ဆို့လို့ရှိရင် ဒေသခံများက အများဆုံးခံလိုက်ရတဲ့ ဆိုးကျိုးများ ဖြစ်ပါတယ်။ ဒီဆိုးကျိုးတွေကြောင့် တိုင်းရင်းသားတွေအားလုံးဟာ သေကျေပျက်စီးရခြင်း၊ အချင်းချင်း ပြန်လည်တိုက်ခိုက်ရခြင်းများဖြစ်ပွားနေကြတာ ယနေ့ထိပါပဲ။ ဒါကြောင့် တိုင်းရင်းသားအားလုံးရဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေ ခံစားနိုင်ဖို့အတွက်က ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း တာဝန်ရှိသလို နိုင်ငံတော်အစိုးရရဲ့အပိုင်း၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကနေ ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်ရှင်။ ဒါကြောင်‌့ ဦးစိုင်းသန်းနိုင်ရဲ့ အရေးကြီးအဆိုမှာပါရှိတဲ့ စစ်ရေးအထောက်အကူပြုဝန်ထမ်းအပြင် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်နေစဉ်မှာ အသက်၊ ခန္ဓာ၊ ပစ္စည်းများ၊ ပျက်စီးဆုံးရှုံးရသော ပြည်သူများ မနစ်နာစေရေးအတွက် ထိုက်သင့်တဲ့ အသိအမှတ်ပြုတဲ့ ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ၎င်းတို့၏ဘဝအဆင်ပြေစေရေးအတွက် ထောက်ပံ့မှုများပြုလုပ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးနိုင်ရေးအဆိုနဲ့ ပြည်သူများ သေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ခြင်း၊ ပစ္စည်းဥစ္စာ ဆုံးရှုံးရမှုနှင့်ပတ်သက်၍ ဆင်းရဲဒုက္ခရောက်နေကြရသော ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်တိုက်ခိုက်မှုများ ကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်သဖြင့် ပြည်သူများ၏ဆန္ဒများနှင့်အညီ ယနေ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်မှာ ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများအားလုံးက အမြန်ဆုံး ရပ်ဆိုင်းပေးရေးအဆိုအား လေးလေးနက်နက်ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ရှင်။

ဥက္ကဋ္ဌ။           ။ ဦးဉာဏ်ဆွေဝင်းကို မိုက်ပေးပါ။

ဦးဉာဏ်ဆွေဝင်း(ကျောက်ကြီးမဲဆန္ဒနယ်)။         ။ ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များ အေးချမ်းသာယာ၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေကြောင်း ဂါရဝပြု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေ သကြီး၊ ကျောက်ကြီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဆွေဝင်းဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်ဟာလည်းပဲ ခုနက ဖာပွန်မဲဆန္ဒနယ်က ဦးစိုင်းသန်းနိုင် တင်သွင်းသွားတဲ့အရေးကြီးအဆိုမှာ အပြည့်အဝပါဝင်ပြီးတော့ အကျုံးဝင်တဲ့မြို့နယ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်ဟာ ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာ အင်္ဂလိပ်နှစ်သစ်ကူးဖြစ်တဲ့ ကမ္ဘာ့နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေပြီးတော့ မြန်မာ နှစ်သစ်ကူးဖြစ်တဲ့ ဧပြီ ၁၃ ရက်နေ့ကြားကာလ သုံးလကာလအတွင်းမှာပင် မြေမြှုပ်မိုင်းနဲ့ပတ်သက် လို့ ၁၇ ကြိမ်ဖြစ်ခဲ့ပြီးတော့ နေ့စဉ် လူတွေသွားလာနေတဲ့နေရာတွေမှာ ပြည်သူတွေဟာ နေ့စဉ် ပြတ်တောက်၊ ပျက်စီး၊ သေကျေခဲ့တာဟာ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဆီကို အထူးအစီရင်ခံစာနှင့် ကျွန်တော် တင်သွင်းခဲ့ပါ တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကလည်းပဲ ဒီကိစ္စကို အရေးကြီးကိစ္စတစ်ရပ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးထံကို အထူးသဝဏ်လွှာ တစ်ရပ်အနေနဲ့ ပေးပို့ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်းပဲ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီးကို ကျွန်တော့်ရဲ့ တင်ပြစာကို မိတ္တူပြုပြီးတော့မှ ဓာတ်ပုံများနှင့်တကွ ပေးပို့ခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကို လည်းပဲ အထူးရိုသေလေးစားပြီးတော့ ကျေးဇူးတင်မိ ကြောင်း ဒီနေရာမှာတင်ပြအပ်ပါတယ်။

ကျွန်တော်တို့မြို့နယ်အတွင်းမှာဆိုလို့ရှိရင် စစ်ဘေး၊ စစ်ဒဏ်ကြောင့်မို့လို့ ခြေပြတ်၊ လက်ပြတ် အတိဒုက္ခရောက်ခဲ့ရတဲ့ အသေးစိတ်စာရင်း အင်အား ၃၃၃ ဦးကို တင်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ ထပ်မံပြတ်တောက်တဲ့ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးစဉ်မှာပဲ ထပ်မံပြတ်တောက်တဲ့ဦးရေဟာဆိုလို့ ရှိရင် ၁၀၀ နီးပါးရှိခဲ့ပါပြီ။ ဒီအနိဋ္ဌာရုံတွေနဲ့ ပြည်သူတွေ ဒုက္ခ၊ သုက္ခရောက်နေတဲ့ အခြေအနေတွေဟာ လက်ရှိအခြေအနေတွေမှာ အမြန်ဆုံးကျဆင်းသွားဖို့ လိုအပ်နေပါတယ်။ အထက်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက ငြိမ်းချမ်းရေးကို ဆန္ဒပြင်းပြစွာနှင့် ဆွေးနွေးဆုံးဖြတ်နေကြသော်လည်းပဲ အောက်ခြေမှာတော့ ဒီနေ့အထိ ပြည်သူတွေဟာ ဒုက္ခရောက်ဆဲပဲဖြစ်တယ်ဆိုတာ ဥက္ကဋ္ဌကြီးဆီကို ကျွန်တော်တင်ပြခဲ့တဲ့ အစီရင်ခံစာက သက်သေပြနေပါပြီခင်ဗျာ။ ဒါကြောင့် ဖာပွန်မဲဆန္ဒနယ်က ဦးစိုင်းသန်းနိုင် တင်သွင်းသွားတဲ့အရေးကြီးအဆိုဟာ ဒီနေ့ နိုင်ငံအတွင်း ငြိမ်းချမ်းသာယာရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး စိတ်ဆန္ဒပြင်းပြစွာနှင့် အထူးလိုလားအပ်တဲ့ အရေးကြီးဆန္ဒနဲ့ ထပ်တူထပ်မျှဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၃၂ (က)၊ (ခ)နှင့် အညီ ဤအဆိုအား အတည်ပြုသင့်ပါကြောင်း ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။           ။ အဆိုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ရှင်းလင်းပြောကြားဖို့ဖြစ်ပါ တယ်။

ဗိုလ်ချုပ်ကျော်ညွန့်(ဒုတိယဝန်ကြီး၊ ကာကွယ်‌ရေးဝန်ကြီးဌာန)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော် ဦးစိုင်းသန်းနိုင်၊ ဖာပွန်မဲဆန္ဒနယ်က တင်ပြတဲ့ အရေးကြီးအဆိုဖြစ်တဲ့ စစ်ဆင်ရေးအထောက်အကူပြု ဝန်ထမ်းအဖြစ် တပ်မတော်သားများနှင်‌့အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများမနစ်နာစေရေးအတွက် ထိုက်သင့်သော အသိ အမှတ်ပြုသည့် ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ယင်းတို့၏ဘဝ အဆင်ပြေစေရေးအတွက်၊ ထောက်ပံ့ကူညီမှုများပြုလုပ်ရေးအတွက် မူဝါဒ သို့မဟုတ် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးအဆိုတစ်ရပ် ရှိပါတယ်။ နောက်အဆိုတစ်ခုကတော့ ပြည်သူများ သေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာနှင့် ဆင်းရဲဒုက္ခတွေရောက်နေရခြင်းတို့မှာ လက်နက်ကိုင်တိုက်ခိုက် မှု များကြောင့် ဖြစ်ပေါ်လာရသဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ယနေ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများမှ ဦးစွာအမြန်ဆုံးရပ်ဆိုင်းပေးရေး အဆိုနှစ်ရပ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ တပ်မတော်အနေဖြင့် လှိုက်လှဲစွာထောက်ခံအပ်ပါကြောင်း ပဏာမဦးစွာတင်ပြအပ်ပါတယ်။ တပ်မတော်အနေဖြင့် မိမိတို့နှင့်လိုက်ပါသော စစ်ဆင်ရေး ဝန် ထမ်းများကို တတ်အားသရွေ့ ကူညီမှုများ၊ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ထိုက်သင့်သောအတိုင်းအတာတစ်ခုပဲဖြစ်ကြောင်း တင်ပြလိုပါတယ်။ ပြည်တွင်းစစ်မှာ အချင်းချင်းတိုက်ခိုက်မှုကြောင့် အရပ်သားစစ်ဆင်ရေး ဝန်ထမ်းများ ထိခိုက်ရတာလည်း ကျွန်တော်တို့ ဦးစိုင်းသန်းနိုင် တင်ပြသလိုပါပဲ ကရင်ပြည်နယ်တစ်ခုတည်းသာ မဟုတ်ပါဘူး။ အခြား ကချင်ပြည်နယ်တွေ၊ ရှမ်းပြည် နယ်တွေ၊ ကယားပြည်နယ်တွေ စသဖြင့် စသဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီးမှာလည်း ထိခိုက်နစ်နာမှုတွေရှိကြောင်း တင်ပြလိုပါတယ်။ ပြည်တွင်းစစ်ရဲ့ တိုက်ခိုက်မှုတွေမှာ စစ်ဆင်ရေးဝန်ထမ်းပဲ ထိခိုက်နစ်နာတာမဟုတ်ဘဲနဲ့ တပ်မတော်သားကောင်း၊ တစ်ဘက်ကတိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နောက်တစ်ပိုင်းကတော့ ကျွန်တော်တို့ အသက်အိုးအိမ်၊ စည်းစိမ်၊ ပျက်စီးရာ စစ်ဖြစ်ရာ ဒေသအသီးသီးမှာရှိတဲ့ လုပ်သားပြည်သူများဟာလည်း မြေဇာပင်ပမာဖြစ်ခဲ့ရတယ်ဆိုတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ တပ်မတော်အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးအတွက်၊ နိုင်ငံရေးအတွက် ဦးလည်မသုန် ဆောင်ရွက်လျက်ရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ တစ်ဖက်သတ် ရပ်ဆိုင်းလို့မရသလို လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကလည်း အားတက်သရော ပါဝင်လုပ် ဆောင်သွားနိုင်ရန်လည်း လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးသာ အမှန်တကယ် အမြန်ဆုံးရရှိမယ်ဆိုရင် အခုလို တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပဋိပက္ခကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီးတော့ အသက်ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ မရှိနိုင်ဘူး လို့ ပြောဆိုနိုင်ပါတယ်။ တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးရသော ပြည်သူများမနစ်နာစေရေးအတွက် တပ်မတော်အနေဖြင့် ကျွန်တော်တင်ပြခဲ့သလို ထိုက်သင့်စွာ ဆောင်ရွက်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့ ဆောင်ရွက်ပေးရန် လိုအပ်တဲ့ ကွက်လပ်တွေ များစွာရှိကြောင်း တင်ပြအပ်ပါတယ်။ ဒါကိုလည်း နိုင်ငံတော်အစိုးရအပိုင်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မယ်ဆိုရင် ပိုမို၍ ဖြည့်ဆည်းနိုင်ပြီးတော့ ကျွန်တော်တို့ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲမှုကြောင့် ကျတဲ့မျက်ရည်တွေအစား အစိုးရရဲ့ စေတနာကြောင့် ဝမ်းသာလို့ကျတဲ့မျက်ရည်တွေလည်း ဖြစ်ပါလိမ့်မယ်လို့ ဆိုလိုချင်ပါတယ်။ ယနေ့ နိုင်ငံတော်က ဦးလည်မသုန်ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နေရာမှာလည်း ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများမှ ဦးစွာအမြန်ဆုံးရပ်ဆိုင်းသွားအောင်လည်း လုပ်ဆောင်သွားရန် လိုပါတယ်။ အချုပ်အားဖြင့် တင်သွင်းရရင် ယနေ့ အရေးကြီးအဆိုနှစ်ရပ်ဖြစ်တဲ့ ကျွန်တော်တို့ စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းများနှင့်ပတ်သက်၍ ကျွန်တော်တို့ ဆောင်ရွက်ပေးရန်ကိစ္စရပ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပစ်ခတ်တိုက်ခိုက်မှုများ၊ သက်ဆိုင်သူများက အမြန်ဆုံး ရပ်ဆိုင်းရေးအဆိုနှင့်ပတ်သက်လို့ တပ်မတော်မှ လေးလေးနက်နက်ထောက်ခံပါကြောင်း တင်ပြအပ်ပါ တယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးစိုင်းသန်းနိုင်၊ ဖာပွန်မဲဆန္ဒနယ်က တင်သွင်းတဲ့ အဆိုမှာ (၁)စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသော ဒီဟာသည် အတိတ်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့တော့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနက ရှင်းပြတဲ့အချိန်မှာ ဒီနေ့တော့ ဘယ်ရက်ကသတ်မှတ်၊ ဘယ်ရက်ရဲ့နောက်ပိုင်းမှာ စစ်ဆင်ရေးဝန်ထမ်း အဖြစ်မခေါ်တော့ပါဘူးလို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီရဲ့နောက်ပိုင်းမှာတော့ စစ်ဆင်ရေးဝန်ထမ်းအဖြစ် လိုက်ပါတာရှိတော့မှာ မဟုတ်ပါဘူး။ သို့ရာတွင် ယခင်ကာလတုန်းက ရှိခဲ့ပါတယ်။ ရှိခဲ့တဲ့အနေအထားကြောင့် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသော အတိတ်ကိုဆိုလို ခြင်းဖြစ်ပါတယ်။ ပြည်သူများ မနစ်နာစေရေးအတွက် ထိုက်သင့်သော အသိအမှတ်ပြုမှု၊ ဂုဏ်ပြုလွှာ လက်မှတ်၊ ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရေးနှင့် ယင်းတို့၏ဘဝအဆင်ပြေစေရေးအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးရေးအဆိုနှင့် (၂) ပြည်သူများ သေကျေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခရောက်နေ ရခြင်းမှ ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သဖြင့် ပြည်သူများ၏ ဆန္ဒများနှင့်အညီ ယနေ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက် မှုများကို သက်ဆိုင်သူများမှ ဦးစွာအမြန်ဆုံးရပ်ဆိုင်းပေးရေးအဆိုတို့ကို တင်သွင်းလာခြင်း ဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်က အတည်ပြုရန် သဘောတူပါသလားခင်ဗျား။

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။          ။သဘောမတူသူရှိပါသလားခင်ဗျား။ သဘောမတူသူရှိတဲ့အတွက် ဦးစိုင်းသန်းနိုင် တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။ (သြဘာသံများ)