Skip to main content

ဂျာမနီနိုင်ငံ အခွန်စနစ်နှင့် ဘတ်ဂျက်လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဂျာမနီနိုင်ငံ University of Wuerzburg မှ Prof.Dr.Hans Fehr၏အခွန်စနစ်နှင့်ဘတ်ဂျက် လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက် နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရုံး ရုံး အမှတ် (၂၀) ၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီနှင့် ပြည်သူ့လွှတ်တော်ကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းနှင့် Friedrich-Ebert-Stiftung မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr.Konstantin Barwaldt တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ဂျာမနီနိုင်ငံ WUERZBURG တက္ကသိုလ်မှ ပြည်သူ့ဘဏ္ဍာစီမံရေးတာဝန်ခံ Prof.Dr.Hans Fehr က ဂျာမနီနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်နှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော် များစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ခေတ္တရပ်နားပြီး ဆက်လက်ကျင်းပရာ တက်ရောက် လာကြသူ များက ဂျာမနီနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်နှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးကြရာ Prof.Dr.Hans Fehr နှင့် Friedrich-Ebert-Stiftung မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရပ်နားလိုက်ပြီး ဆွေးနွေးပွဲဒုတိယနေ့ကို စက်တင်ဘာ ၂၈ ရက် နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။