Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် စင်္ကာပူနိုင်ငံ၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လီကွမ်ယုကျောင်း (LKY School) ၏ ပြင်ပရေးရာနှင့် ဈေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Dane Lim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် စင်္ကာပူနိုင်ငံ၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လီကွမ်ယုကျောင်း (LKY School) ၏ ပြင်ပရေးရာနှင့် ဈေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Dane Lim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCC) ဖွဲ့စည်းထားရှိမှု အခြေအနေများ၊  နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လီကွမ်ယုကျောင်း (LKY School) ၏ မဟာဘွဲ့နှင့် ပညာသင်ဆုဆိုင်ရာ အစီအစဉ်များ၊ မြန်မာလွှတ်တော်များမှ ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ တက်ရောက် ပညာသင်ကြားနိုင်ရေးအတွက်  လိုအပ်သော အကူအညီ အထောက်အပံ့များ ပေးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးပြုစေမည့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ရည်မှန်းချက်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ် တို့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်