Skip to main content
zwt

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် NDI ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် National Democratic Institute (NDI) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter M. Manikas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် NDI အနေဖြင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းကူညီ ဆောင်ရွက်သွားနိုင်ရေး၊ ပြည်ထောင်စုလွှတ်တော်နှင့် NDI အကြား လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာဆိုင်ရာ ကိစ္စရပ်များ၊ JCC ဖွဲ့စည်းထားရှိမှု အခြေအနေ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ JCC နှင့် NDI ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။