Skip to main content

မေးခွန်း အကြောင်းအရာ 

u than aungနှစ်ပေါင်း ၁၀၀ အတွင်း ငပုတောမြို့နယ်၏ သေပျောက်မှုအများဆုံး အင်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း များသည် သိန်းနှင့်ချီ၍ လူသတ္တဝါများကို ဝါးမြိုစားသောက်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုးကြီးအဖြစ် စံချိန်တင်ခဲ့သည်ကို ၂၀၀၈ နာဂစ်မုန်တိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါကြောင်း၊          ငပုတောမြို့နယ်ရှိ ပြည်သူများအတွက် လုံခြုံစိတ်ချရသည့် အသက်ရှင်သန်းခွင့်ကို ခေတ်အဆက်ဆက်က တောင်းတမျှော်လင့်နေခဲ့ကြပါကြောင်း၊ သို့သော်လည်း ယနေ့အထိ Cyclone Shelter ၁၅ လုံးအပြင် လူဦးရေအချိုးအစားအရ ပြည်စုံလုံလောက်သည့် ထပ်မံတည်ဆောက်မှုများကို လုပ်မပေးနိုင်သည်မှာ ငပုတောမြို့နယ်သူ၊ မြိုနယ်သားအတွက် ကြေကွဲဆိုးနစ်ဖွယ် ဖြစ်နေကြရပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင်လည်း ဝင်ရောက်လာရန် ဦးတည်လာခဲ့သည့် ကြံ့အမည်ရှိ မုန်တိုင်းသည် သမီးလှကျွန်း၊ မော်တင်စွန်းအနီးမှာရှိသည့် လိပ်ကျွန်း၊ ၎င်းတို့အနီးရောက်ပြီးမှ နောက်ကြောင်းပြန်လှည့်သွားသောကြောင့် ငပုတောမြို့နယ်သားများ နောက်တစ်ကြိမ် အသက်ဆုံးရှုံးရခြင်း ဘေးကသက်သာ လွတ်ကင်းသွားရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငပုတောမြို့နယ်တွင်ရှိသည့် ပင်လယ်နှင့်နီးစပ်နေသော ဒေသများတွင် နှစ်စဉ် Cyclone Shelter များ ထပ်မံတည်ဆောက်ပေးရန် ဘတ်ဂျက်များ လျာထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ဖြေကြားချက် 

dr win myat ayeဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်များနှင်‌့ ပတ်သက်ပြီး United Nations University က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများထဲက ၁၇၁ နိုင်ငံကို ၂၀၁၆ ခုနှစ်မတိုင်မီ အခြေအနေများကို လေ့လာဆန်းစစ်ပြီး ထုတ်ပြန်ခဲ့သည့် World Risk Report (2016) အရ မြန်မာနိုင်ငံသည် သဘာဝဘေးဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ၁၇၁ နိုင်ငံအနက်မှ အဆင်‌့ ၄၂ ဖြစ်ပြီး ဘေးဖြစ်ပွားမှုအပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ရှိမှု၊ အဆင့်သင့်ဖြစ်မှုမှာ အဆင်‌့ ၁၅၇ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးကြံ့ကြံ့ခံ၊ ရင်ဆိုင်နိုင်စွမ်းအသင့်ဖြစ်ရေး ထိရောက်စွာ အားထုတ်ကြိုးပမ်းရန် လိုအပ်နေသည့်အတွက် အစိုးရအနေနှင့် သဘောဝဘေးဒဏ်ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်စွမ်း ရှိရန်အတွက်  မူဝါဒအသစ်များ ချမှတ်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံချက်နှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် အဆင်သင့်ဖြစ်ရေးမှာ ကြံ့ခိုင်သည့် အဆောက်အဦရှိမှု၊ လမ်းတံတားကြံ့ခိုင်မှု၊ ပို့ဆောင်ဆက်သွယ်ရေးလုံခြုံ စိတ်ချရမှု၊ လျှပ်စစ် စွမ်းအင် အသုံးနိုင်မှုစသည့် အဓိကဆောင်ရွက်ရမည့် ကိစ္စများရှိပါကြောင်း၊ ထို့ကြောင့် ခိုင်ခံ့သည့် Cyclone Shelter များ အဆင်သင်‌့ရှိရေးသည် အရေးကြီးပါသဖြင့် Cyclone Shelter များ တည်ဆောက်ပေးရန် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်တွင် နာဂစ်အပြီး Cyclone Shelter များတည်ဆောက်ပေးခြင်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လအထိ ၁၄ လုံးတည်ဆောက်ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ငပုတောမြို့နယ်ရှိ ကျေးရွာများ  သဘာဝဘေးအန္တရာယ် ကျရောက်လျှင် ထိခိုက်မှုများသည့် ဒေသဖြစ်ခြင်း၊ လူဦးရေနှင်‌့ Cyclone Shelter အရေအတွက် မမျှတခြင်း၊ သဘာဝဘေးကြောင့် အသက်ဆုံးရှုံးမှု မရှိရအောင် အဆင်သင့် ပြင်ဆင်ထားရှိရာ Cyclone Shelter ဆောက်လုပ်ခြင်းသည် ထိရောက်မှုရှိခြင်း၊ ဒေသအတွက် ဘက်စုံအသုံးပြု၍ ရခြင်းတို့ကြောင့် ထပ်မံ၍ Cyclone Shelter ၉ လုံးကို ငရုတ်ကောင်းကျေးရွာ ရပ်ကွက်(၁)၊ နတ်မောက်ကျေးရွာ၊ ကွင်းဘက်ကျေးရွာ၊ ဟိုင်းကြီးကျွန်းအပိုင်းတွင် ဆီလောင်ကျေးရွာ၊ ရေသိုးကျေးရွာ၊ ဟဲလက်ကျေးရွာ၊ ခမောက်မော်ကျေးရွာ၊ ကံချိုင်‌ကျေးရွာနှင်‌့ ဇီးချိုင်ကျေးရွာများတွင် အသီးသီးဆောက်လုပ်ရန် စီစဉ်ပြီးဖြစ်ပါကြောင်း၊

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် Cyclone Shelter များ တည်ဆောက်ထားရှိမှုမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ရန်ကျန်ရှိသည့် အခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီး Cyclone Shelter အလုံး ၇၀ ရှိပြီး ဆောက်လုပ်ဆဲ ၁၃ လုံး နှင့် ဆောက်လုပ်ရန် ကျန်ရှိသည်မှာ ၃၂ လုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီး Cyclone Shelter  ၉ လုံး၊ ရခိုင်ပြည်နယ်တွင်  ဆောက်လုပ်ပြီး ၁၄ လုံးနှင့် ဆောက်လုပ်ဆဲ ၁၀ လုံး၊ ဆောက်လုပ်ရန်ကျန်ရှိသည်မှာ အလုံး ၃၀၊ ကရင်ပြည်နယ်တွင် ဆောက်လုပ်ဆဲ Cyclone Shelter ၂ လုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ဆောက်လုပ်ဆဲ ၅ လုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဆောက်လုပ်ဆဲ ၃ လုံး၊ ချင်းပြည်နယ်တွင် ဆောက်လုပ်ဆဲ Cyclone Shelter ၁ လုံးနှင့် ဆောက်လုပ်ရန်ကျန်ရှိသည်မှာ ၂ လုံး၊ စုစုပေါင်း ၆၄ လုံးကို မိမိတို့အနေဖြင့် စီမံချက်ချပြီး၊ ဘဏ္ဍာငွေလည်း လျားထားပြီး ဖြစ်သည့်အတွက်ကြောင့် ယခုဒီနှစ်ကစပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည့်အတွက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၁၉၁ လုံးအထိ ရောက်ရှိသွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး Cyclone Shelter များကို တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် Cyclone Shelter များ ဆောက်လုပ်ပေးရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၀၁၃၊ အခန်း ၆ ပုဒ်မ ၁၆ ပုဒ်မခွဲ (က)အရ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိသည့် ဒေသများတွင်  သဘာဝဘေးအန္တရာယ် မကျရောက်မီ ဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ပေးရမည်ဟု ပါရှိသည့်အတွက်ကြောင့် Cyclone Shelter ၉ လုံးဆောက်လုပ်ရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးရန် စီစဉ်ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။