
ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ကျောင်းသားလူငယ်များ အခြေခံပညာကို ဆုံးခန်းတိုင် သင်ယူနိုင်အောင် ကျောင်းအဆင့်မြှင့်တင်ခြင်းကို အလေးထား ဆောင်ရွက်နေသည့်အတွက် ပုံမှန်ဆိုလျှင် မေးခွန်းပါ ကျေးရွာ၏ ပညာသင်ယူမှု အခွင့်အလမ်း နောက်ကျမကျန်ခဲ့အောင် Parliamentary Oversight သဘောအရ တင်ပြရခြင်းဖြစ်ပါကြောင်း၊ အင်ဒေါင်းကျေးရွာ အလယ်တန်းကျောင်း (ခွဲ) ကို ၂၀၁၂ ခုနှစ်မှ စတင်တိုးမြှင့် သင်ကြားခွင့်ရခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ် ကျောင်းအဆင့် တိုးမြှင့်သည့်အခါ ထီးချိုင့်မြို့အတွင်း အ.ထ.က (ခွဲ) အဆင့် ခြောက်ကျောင်းနှင့် အ.လ.ကအဆင့် ၁၇ ကျောင်း တိုးမြှင့်ဖွင့်လှစ် ခွင့်ပြုခဲ့ပါကြောင်း၊ ကျောင်းသားဦးရေ နည်းသော်လည်း ပင်မအထက်ကျောင်းနှင့် အလွန်ဝေးကွာသည့်အတွက် ကျေးလက်ဒေသနေ ကျောင်းသားလူငယ်များ အထက်တန်းပညာကို ထိုက်ထိုက်တန်တန် သင်ကြားနိုင်အောင် ဖြေလျှော့မှုများစွာနှင့် အထက်တန်းကျောင်း (ခွဲ) များကို ဖွင့်လှစ်ခွင့်ပြုပေးခဲ့သည့် ဝန်ကြီးဌာနကို အထူးကျေးဇူးတင်ပါကြောင်း၊
အဆင့်တိုးမြှင့်ပြီး အ.ထ.က(ခွဲ)ကျောင်းများ၏ ကျောင်းသားအင်အားစာရင်းမှာ ပေါက်ကုန်း အ.ထ.က (ခွဲ) တွင် စုစုပေါင်းကျောင်းသားဦးရေ ၁၇၁ ယောက်ရှိပြီး အလယ်တန်းအဆင့် ၇၂ ယောက်နှင့် အဆင့်တိုးမြှင့် ပေးထားသည့်အတွက် နယ်ကျောင်းသားများအစား အထူး ကျေးဇူးတင်မိပါကြောင်း၊ ယခုနှစ်တိုးသည့် အ.လ.က (၁၇) ကျောင်းထဲက တစ်ကျောင်း အပါအဝင်ဖြစ်သည့် အင်ဒေါင်းကျေးရွာ အုပ်စုထဲက ကျေးရွာခွဲဖြစ်သော လှည်းကူးကျောင်းသည် အလယ်တန်းကျောင်းသား ၁၁၆ ယောက်နှင့် အလယ်တန်း အဆင့်တိုးပြီး အုပ်စုကျေးရွာကြီးဖြစ်သည့် အင်ဒေါင်းကျေးရွာက အလယ်တန်းကျောင်းသား ၂၂၅ ယောက်နှင့် စုစုပေါင်း ၆၅၈ ယောက်ရှိပြီး အဆင့်တိုးစာရင်းထဲတွင် မပါခဲ့သည်ကို တင်ပြလိုခြင်းဖြစ်ပါကြောင်း၊ လက်ရှိကျောင်းသားဦးရေသည် တင်ပြပါ အ.ထ.က (ခွဲ) ကျောင်း အားလုံးထဲတွင် ကျောင်းသားဦးရေ ပိုနေပါကြောင်း၊ ထီးချိုင့်မြို့နယ်တွင်ရှိသည့် အ.ထ.က (ခွဲ) ကျောင်းများ အားလုံးထဲတွင် ၆၅၄ သည် အများဆုံးဖြစ်ပါကြောင်း၊ ၎င်းထက်ကို မတိုးသေးသည့် အ.လ.က (ခွဲ) က ပိုနေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကအင်ဒေါင်းကျေးရွာမှ ပင်မ အ.ထ.က ကြက်တကောင် ကျောင်းကိုသွားရသည့် မြစ်ကူးချောင်းများကို ကြက်တကောင်ဆရာတော် ဘုရားဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပေ ၅၇၀၀ ကျော်ရှည်သည့် ဆောက်လက်စကွန်ကရစ်တံတားသည် ရေလယ်ဘက်မှ အင်ဒေါင်းကျေးရွာကို မြင်တွေ့နေရပါကြောင်း၊ ၎င်းကလက်ရှိ အင်ဒေါင်းကျေးရွာ အုပ်စုနှင့် ပင်မကြက်တကောင် ကျောင်းတို့တည်ရှိရာ အင်ဒေါင်း-ကျောင်းလမ်း-လှည်းကူး-ကျို့ကုန်း ကျေးရွာများသည် တစ်အုပ်စုတည်းဖြစ်ပြီး အရှေ့ဘက်ကုန်းမြင့်တွင် တစ်ဆက်တည်းတည်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ကြက်တကောင် အ.ထ.က ကို သွားရန်အခက်အခဲ အတူတူဖြစ်ပါကြောင်း၊ အင်ဒေါင်းကျောင်းအဆင့် မတိုးရခြင်းကို ခြေခြေမြစ်မြစ် လေ့လာသည့်အခါ ဝန်ကြီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး နှစ်မိုင်အထက် ဝေးကွာပါက အဆင့်တိုးပေးရန် ချွင်းချက်ပါပါကြောင်း၊ ၂၀၁၆-၁၇ နှင့် ၂၀၁၇-၁၈ အင်ဒေါင်းကျောင်းအဆင့်တိုး အမှုတွဲတွင် ၁.၅ မိုင်ဟု ယခင်တာဝန်ခံ ကျောင်းအုပ်က ဖော်ပြထားပါကြောင်း၊ ယခင် အ.လ.က (ခွဲ) အဆင့်တိုး လျှောက်စဉ်က အကွာအဝေးကို သုံးမိုင်ဟု တင်ခဲ့ပါလျက် ယခု အ.လ.က အဆင့်တိုးတွင်မှ ၁.၅ မိုင် တင်ခဲ့သည့်အတွက် အဆင့်မတိုးရခြင်း ဖြစ်သည်ဟု သုံးသပ်မိပါကြောင်း၊ ယခုအခါ အင်ဒေါင်းအုပ်ချုပ်ရေးမှူးနှင့် အကျိုးတော်ဆောင် အဖွဲ့ကို မြေပြင်အရှိ ကြိုးဆွဲတိုင်းခိုင်းသည့်အခါ ၂.၁၈ မိုင် အတိရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထူးတင်ပြလိုသည်မှာ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးများနှင့် တာဝန်ခံ ကျောင်းအုပ်များ၏ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ၎င်းတို့ဖော်ပြသည့် ကိန်းဂဏန်း အချက်အလက် များကြောင့် ၂၀၀ ကျော်သော ကျောင်းသား/သူများ၏ ပညာသင်အခွင့်အရေးများ ဆုံးရှုံးရခြင်းများ ဖြစ်ပါကြောင်း၊ ဖော်ပြပါကျောင်းသားဦးရေနှင့် အကွာအဝေးသတ်မှတ်ချက် အရဆိုလျှင် အ.ထ.က (ခွဲ) အဆင့်တိုးရန်အထိ ဘောင်ဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ အင်ဒေါင်းအ.လ.က (ခွဲ) အား အဆင့်တိုးမြှင့် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (ခွဲ) ပေါင်းတစ်ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်းပေါင်း ၄ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၈ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) ၄ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၁၇ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း ၆ ကျောင်း စုစုပေါင်းအခြေခံပညာ ကျောင်းပေါင်း ၄၀ အဆင့်တိုးမြှင့် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် သတ်မှတ်ချက်မူများအနေဖြင့် အလယ်ဆင့်သင် ကျောင်းသား/သူ ၂၄၀ ဦးနှင့် အထက်ရှိခြင်း၊ မြေပြန့်ဒေသတွင် အနီးဆုံးအလယ်တန်းအဆင့်သင် ကျောင်းနှင့်သုံးမိုင် အထက်ကွာဝေးခြင်း သို့မဟုတ် သွားလာရေးခက်ခဲသော မြစ်ချောင်းပေါများသည့် ဒေသများဖြစ်ပါက အနီးဆုံးအလယ်တန်းအဆင့်သင် ကျောင်းနှင့်နှစ်မိုင်အထက် ကွာဝေးခြင်းတို့ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းအခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် စုစုပေါင်းအလယ်အဆင့်သင် ကျောင်းသား ၂၂၄ ဦးရှိပြီး အနီးဆုံးပင်မ ကျောင်းဖြစ်သော ကြက်တကောင်အခြေခံပညာ အထက်တန်းကျောင်းနှင့် ၁.၅ မိုင်ကွာဝေးကြောင်း တွေ့ရှိရပါတယ်။ သို့သော် ကိုယ်စားလှယ်တော်ကြီးက မြေပြင်တွင် ကြိုးဆွဲပြီးပြန်တိုင်းထားသည့်အခါမှာ ၂.၁၈ မိုင် ဝေးကြောင်းတင်ပြသွားသည်ကို ယခုကြားသိရပါကြောင်း၊ ၎င်းအချက်အလက်များနှင့် ပြန်လည်စိစစ်ပြီး ၂၀၁၈-၁၉ ခုနှစ်တွင် ပြန်လည်စိစစ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။