Skip to main content

သနပ်ပင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၂၁ ကျောင်းနှင့် ကျောင်းသားဦးရေ ၃၄၅၄၀ ဦးရှိပါကြောင်း၊ ကျောင်းသားအချိုးအရ ဆရာဦးရေ ၁၄၃၀ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိဆရာဦးရေ ၁၀၂၈ ဦးသာရှိပါကြောင်း၊ ကျောင်းပေါင်း ၁၀၀ ကျော်တွင် ဆရာလိုအပ်ချက်မှာ ၄၀၂ ဦးထိရှိပါကြောင်း၊ အ.ထ.က(ခွဲ)ဉာဏ်ကျွန်းတွင် ကျောင်းသားဦးရေ ၉၃၂ ဦးရှိပြီး ဆရာဦးရေ ၃၃ ဦးရှိရမည်ဖြစ်သော်လည်း ၁၄ ဦးသာရှိပါကြောင်း၊ ဆရာဆရာမများလိုအပ်နေသည့် ကျောင်းပေါင်း  ၄၀ ရှိပါကြောင်း၊ ထိုကျောင်းပေါင်း ၄၀ မှာ လေးဦးနှင့်အထက် လျော့နည်းသည့် ကျောင်းများကိုသာ Choice လုပ်ပြီး ဖော်ပြခြင်းဖြစ်ပြီး အမှန်တကယ် လိုအပ်နေသည့် ကျောင်းပေါင်းမှာ ၁၀၀ ကျော်ထိရှိပါကြောင်း၊ အ.မ.က(ခွဲ)တဲစုတွင် ကျောင်းသားဦးရေ ၈၆ ယောက်ရှိသော်လည်း ဆရာတစ်ယောက်မှ မရှိပါကြောင်း၊ ဆရာလိုအပ်ချက်များအားလုံးကို မိဘများမှ ငှားပြီး သင်နေရပါကြောင်း၊

အခြေခံပညာကျောင်းများတွင် ဆရာဆရာမ မလုံလောက်သည့်အပြင် ကျောင်းခန်းများလည်း ကြပ်တည်း ပြီး သင်ထောက်ကူပစ္စည်းများမှာလည်း အလွန်ချို့တဲ့သည့်အတွက် စာတတ်မြောက်မှု စာသင်ကြားရာတွင် အခက်အခဲအများကြီးရှိသောကြောင့် မိဘများ စိုးရိမ်နေကြပါကြောင်း၊ ယခုလို ဆရာဆရာမများ လိုအပ် သည့်နေရာများတွင် ဒေသခံလူငယ်များကို လိုအပ်သည့် သင်တန်းများပေးပြီး ခန့်ထားပေးမည်ဆိုလျှင် ဒေသရှိ အလုပ်လက်မဲ့ဖြစ်သည့် ဘွဲ့ရလူငယ်များအတွက်လည်း အလုပ်အကိုင်ရရှိမှာဖြစ်သလို ဒေသခံ မဟုတ်သည့် ဆရာဆရာမများကို ခန့်သည့်အခါ မကြာခဏ ပြောင်းရွှေ့ရသည့် အခက်အခဲနှင့် ဝန်ထမ်း ဆောင်မရှိသည့် အခက်အခဲများအတွက် အထိုက်အလျောက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ် အခြေခံကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာဆရာမများအား ဖြည့်ဆည်းခန့်ထား ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ယင်းလိုအပ်လျက်ရှိသော ဆရာဆရာမများအတွက် ဒေသခံဘွဲ့ရလူငယ်များ အား ဦးစားပေးခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းခဲ့သည်၊


 

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် ၂၀၁၈-၁၉ ပညာသင်နှစ်၌ အခြေခံပညာမူလတန်းကျောင်း (ခွဲ)တစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း သုံးကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၆၇ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ၁၆ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁၆ ကျောင်း၊ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) ခုနစ်ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၂၁ ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ လက်ရှိဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူဦးရေအချိုးအနေဖြင့် အထက်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူ ၃၃၃၉ ဦးအတွက် အထက်တန်းပြဆရာဆရာမ ၁၁၂ ဦး ခန့်ထားပြီးဖြစ်သည့်အတွက် ၁း၃၀၊ အလယ်တန်းအဆင့်သင်ကျောင်းသား ၁၂၀၀၉ ဦးအတွက် အလယ်တန်းပြဆရာဆရာမ ၄၁၄ ဦးခန့် ထားပြီးသည့်အတွက် ၁း၂၉ ဦး၊ မူလတန်းအဆင့်သင်ကျောင်းသားကျောင်းသူ ၁၉၁၉၃ ဦးမှာ ခန့်ထားပြီး မူလတန်းပြဆရာဆရာမ  ၄၉၉ ဦးရှိသည့်အတွက် ၁း၃၈ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် မူလတန်းပြနှင့် အလယ်တန်းပြဆရာဆရာမများ ဖြည့်ဆည်းမှုဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် PPTT နှင့် DTEd သင်တန်းဆင်းမူလတန်းပြ ဆရာဆရာမ ၁၄ ဦး၊ မူလတန်းပြမှ အလယ်တန်းပြသို့ ရာထူးတိုး ၅၂ ဦး၊ PGDMA ဆရာမတစ်ဦးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးပါကြောင်း၊

ဒုတိယအကြိမ်အဖြစ် အထက်တန်းပြပြောင်းရွှေ့ရာထူးများ ခန့်ထားဆောင်ရွက်ချိန်တွင် ဘာသာရပ်လိုအပ် ချက်ပေါ်မူတည်ပြီး ဆန္ဒပြုလျှောက်ထားသူများ၊ ဘာသာရပ်ကိုက်ညီသူများအား လုပ်သက်တန်းစီဇယား၊ မူဘောင်သတ်မှတ်ချက်များနှင့်အညီ ဖြည့်ဆည်းခန့်ထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဒေသခံပြင်ပ ဘွဲ့ရလူငယ်များအား ဆရာခန့်ထားခြင်းအဖြစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း(PPTT)သင်တန်းခေါ်ယူသည့်အချိန်တွင် သတ်မှတ်အရည်အချင်းများ နှင့် ကိုက်ညီသည့်သူများ လျှောက်ထားနိုင်ပြီး အောင်မြင်ပါက ဒေသခံများဦးစားပေးခန့်ထားသည့် အစီအစဉ်များ ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း