Skip to main content

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးကို ၂၁.၅.၁၉၉၄ ရက်နေ့တွင် ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၈.၁.၂၀၁၅ ရက်နေ့တွင် ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ခဲ့ပါကြောင်း၊ ထိုဆေးရုံကြီးသို့ သင်္ဃန်းကျွန်းမြို့နယ်အပြင် ရန်ကုန်အရှေ့ပိုင်း ခရိုင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ ရပ်ဝေးလူနာများလည်း လာရောက်ကုသကြပြီး လူဦးရေနှစ်သန်းခန့် အားကိုးအားထား ပြုနေရသော ဆေးရုံကြီးဖြစ်ပါကြောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးတွင် ဖွဲ့စည်းပုံအရ အထူးကုဌာန   ၂၁ ခု ရှိပါကြောင်း၊ ဖွဲ့စည်းပုံများ မပါရှိသော်လည်း ဆေးတက္ကသိုလ် (၂) တွင် ဆီးနှင့်ကျောက်ကပ် ခွဲစိပ်ကုဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆေးကုသဌာန၊ ရင်ခေါင်းဆေးကုဌာနများကိုလည်း တိုးချဲ့ဖွင့်လှစ်၍ ကုသပေးလျက်ရှိပါကြောင်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသည် ၂၀၁၇ ခုနှစ် စာရင်းများအရ ဆေးရုံခုတင် အသုံးပြုမှုရာခိုင်နှုန်း ၁၅၅ ရှိပြီး တစ်နှစ်အတွင်း ခုတင်တစ်လုံးအပေါ်တွင် ကုသပေးခဲ့သည့် အတွင်းလူနာ ၉၄ ဦး ရှိပါသဖြင့် သတ်မှတ်စံချိန်စံညွှန်းထက် နှစ်ဆခန့် ပိုမိုများပြား နေပါကြောင်း၊

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဆေးရုံတစ်ရုံသည် ငါးနှစ်တာကာလအတွင်း ခွင့်ပြုခုတင်၏ ပျမ်းမျှ ၁၅၀ ရာခိုင်းနှုန်း အသုံးချခြင်းရှိပါက အဆင့်မြှင့်တင် ပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ပါကြောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးသည် ပျမ်းမျှ  ၁၆၅ ရာခိုင်နှုန်း ရှိသောကြောင့် သတ်မှတ်ချက် ၁၅၀ ရာခိုင်နှုန်းထက် ကျော်လွန်နေပါကြောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးကို အဆင့်မြှင့်တင် ပေးမည်ဆိုလျှင် လက်ရှိအဆောက်အဦများအနေဖြင့် အသင့်အတင့် လုံလောက်မှုရှိပြီး အဆောက်အဦသစ် ထပ်မံဆောက်လုပ်မည်ဆိုလျှင်လည်း လိုအပ်သော မြေနေရာအကျယ်အဝန်း အလုံအလောက်ရှိပါကြောင်း၊

နိုင်ငံတကာစံနှုန်းတွင် ခုတင်အသုံးပြုမှု ၈၀ ရာခိုင်နှုန်း၊ ခုတင်တစ်လုံးတွင် ၄၀ ဦးဖြစ်ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ၁၅၅ ရာခိုင်နှုန်း၊ ခုတင်တစ်လုံးတွင် ၉၄ ဦး ဖြစ်ပါကြောင်း၊ ငါးနှစ်တာကာလအတွင်း ရာခိုင်နှုန်း ၁၅၀ အသုံးပြုလျှင် သင်္ဃန်းကျွန်းစံပြဆေးရုံသည် ၁၆၅ ရာခိုင်နှုန်း အသုံးချခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးတက္ကသိုလ် (၂) ၏ သင်ကြားရေးဆေးရုံကြီးဖြစ်သော သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးကို ခုတင် ၈၀၀ ဆံ့ သို့မဟုတ် ခုတင် ၁၀၀၀ ဆံ့ဆေးရုံကြီးအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ခုတင် အသုံးပြုနှုန်းမှာ ၂၀၁၄-၁၅ ခုနှစ်မှစ၍ ၁၄၃ ရာခိုင်နှုန်း၊ ၁၄၅ ရာခိုင်နှုန်း၊ ၁၅၃ ရာခိုင်နှုန်း၊ ၁၄၈ ရာခိုင်နှုန်းနှင့် ပျမ်းမျှအားဖြင့် လွန်ခဲ့သည့်လေးနှစ်အတွင်း ၁၄၈ ရာခိုင်နှုန်းရှိပြီး နောက်နှစ် များတွင်လည်းတက်ရန် အလားအလာရှိနေပါကြောင်း၊ သင်္ဃန်းကျွန်းဆေးရုံကြီးတွင် ခန့်ထားရမည့် ဝန်ထမ်း ၈၀၆ ဦး ဖြစ်သော်လည်း ၅၆၅ ဦး (၇၀ ရာခိုင်နှုန်း) သာ ခန့်ထားနိုင်ပြီး ၂၄၁ ဦး လစ်လပ်လျက် ရှိပါကြောင်း၊ စံကိုက်ဆိုလျှင် ၈၈၂ ဦး ဖြစ်သည့်အတွက် ဝန်ထမ်း ၆၄ ရာခိုင်နှုန်း ပိုနည်းသွားမည် ဖြစ်ပါကြောင်း၊ စံကိုက် ရှေ့ ခုတင် ၅၀၀ ကိုယူမည်ဆိုလျှင် အထူးကုဌာနပေါင်း ၂၈ ခု ဖြည့်ရန် လိုအပ်ပါကြောင်း၊ လောလောဆယ် သင်္ဃန်းကျွန်းဆေးရုံတွင် အားလုံး ၂၂ ရှိပါကြောင်း၊ ခုတင် ၅၀၀ မှ ၈၀၀ သို့မဟုတ် ၁၀၀၀ တိုးလျှင် ဖွဲ့စည်းပုံအရ၊ ငွေကြေးရရှိမှု အခြေအနေအရ  အဆင့်ဆင့်သွားရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ ထပ်ဖြည့်ပေးရန် ကိစ္စနှင့်ပတ်သက်၍ မကြာခင် ဝင်မည့်ဆရာဝန်များ ရှိပါကြောင်း၊ ၁၂၀၀ နီးပါးလျှောက်ပါကြောင်း၊ ၎င်းတို့ဝင်လျှင် ဆေးရုံကြီးများတွင်သာ ပို့မည်ဖြစ်သဖြင့် ဆေးရုံတွင်ဝန်ထမ်းများ ချပေးမည်ဖြစ်ပါကြောင်း၊ ထိုဆေးရုံတွင် ခြောက်ထပ်ဆောင်ကြီးသည် ယခု နှစ်လ၊ သုံးလဆိုလျှင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ပြီးလျှင် လူ ၂၄၀ ၊ ၂၅၀ ခန့် ဆက်ပြီးထားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် သင်္ဃန်းကျွန်းဆေးရုံကြီးတွင် ဝန်ထမ်းများသည့်အတွက် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်နေသည်မှာ ဖေဖော်ဝါရီလတွင် ပြီးမည်ဖြစ်ပြီး နောက်ထပ်လေးခန်းတွဲ လေးထပ်အတွက်လည်း ၂၀၁၉-၂၀ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးမည် ဖြစ်ပါကြောင်း၊ ပိုက်ဆံလည်း အကုန်ချထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးရုံကြီးတွင် လူနာများသည့်အတွက် သုံးထပ် Reinforce Cement Concrete နှင့် Operation Data Complexion Intensive Care Units အဆောက်အဦ ဆောက်လုပ်ခြင်းမှာ တစ်လအတွင်း ပြီးစီးမည်ဖြစ်ပြီး ဓာတ်လှေကားလည်း တပ်ဆင်ပြီးဖြစ်ပါကြောင်း၊ မီးမရသည့်အတွက် သန်းပေါင်း ၆၆၅ သန်းသုံးပြီး 5 MV, 33 to 6.6 Kilo Volt ဓာတ်အားခွဲရုံလည်း တပ်ဆင်ပြီး ဖြစ်သော်လည်း လျှပ်စစ်လွှတ်ထားပေးခြင်း မရှိပါကြောင်း၊ လျှပ်စစ်လွှတ်ပေးသည့်အခါ ဓာတ်လှေကားကို Test လုပ်ပြီး  Operation Data Complexion Intensive Care Units လည်း ရှိသည့်အတွက် အဆောက်အဦအတွက် လုံလောက်သွားမည် ဖြစ်သည့်အပြင် သင်္ဃန်းကျွန်း ဆေးရုံတွင် အထူးကု Methadone Centre အတွက်လည်း ပိုက်ဆံများချထားပါကြောင်း၊ ခြောက်ထပ်‌ဆောင်ကြီးအတွက် အစိုးရမှ ၂၀၁၅-၁၆ ခုနှစ်မှစပြီး သန်းပေါင်း ၃၂၈၈ သန်း၊ သုံးထပ်ဆောင်အတွက် သန်းပေါင်း ၁၁၈၉ သန်း၊ လေးခန်းတွဲ လေးထပ်ဆောင်အတွက် သန်းပေါင်း ၄၄၀ ကို အကုန်ပေးထားခြင်း ဖြစ်သည့်အတွက် ပြီးစီးမည်ဖြစ်ပါကြောင်း၊ နောက်ထပ် ဆောက်လုပ်နေသည့် အဆောင်အတွက်လည်း ထိုကဲ့သို့ လျာထားပါကြောင်း၊ လျှပ်စစ်၊ ဓာတ်အားခွဲ စက်ရုံအတွက် သန်းပေါင်း ၆၆၅၊ Methadone Centre အတွက် သန်းပေါင်း ၂၂ သန်းနှင့် ပြင်ဆင်မွမ်းမံ လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အဆောက်အဦအပိုင်းများကို တတ်နိုင်သမျှ လုပ်ထားပေးပါကြောင်း၊ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း ၈၀၀ တင်မည်ဆိုလျှင် ယခုခွင့်ပြုခန့်ထားသည့် ၈၀၆ ယောက်မှ ၁၅၀၀ အထိကို တင်ရမည် ဖြစ်သည့်အတွက် လောလောဆယ်ခန့်၍ မရပါကြောင်း၊ မိမိတို့အနေဖြင့်   ၅၆၅ ယောက်သာရှိသည့် ဝန်ထမ်းများကို တတ်နိုင်သမျှ ဖြည့်ပေးရန်ရှိပါကြောင်း၊ ထို့အပြင် ရန်ကုန်ဆေးရုံကြီး၏ အရှေ့ပိုင်း၊ အနောက်ပိုင်း နေရာများတွင် လာရောက်သည့်သူများ အရမ်းများသည့်အတွက် အနီးအနား ပတ်ဝန်းကျင်ရှိ ဆေးရုံအင်အားကို လက်ရှိစီစဉ်ဆောင်ရွက်ပြီး ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာအရ၊ ပစ္စည်းပိုင်းအရ လှိုင်သာယာဆေးရုံ၊ သံလျင်ဆေးရုံ၊ အင်းစိန်ဆေးရုံ တို့ကိုလည်း အများကြီးလုပ်ထားပါကြောင်း၊ ထို့အပြင် ထိုဆေးရုံများနှင့် ရန်ကုန်ဆေးရုံကြီးတွင် လူမကြပ်စေရန်အတွက် အနီးအနားရှိ Urban Health Center များကို ပြန်ပြီး Review လုပ်နေပါကြောင်း၊ ထိုနေရာတွင် Follow up လူနာကိုပြန်ပြီး ခေါ်ကြည့်သည့် ကိစ္စများ လုပ်ခိုင်းမည်ဆိုလျှင် ဆေးရုံကြီးအတွင်း ကားကြပ်ခြင်း၊ လူကြပ်ခြင်းများ သက်သာနိုင်ပါကြောင်း၊ ထိုကိစ္စများသည် နှစ်လ၊ သုံးလခန့်ဆိုလျှင် အကောင်အထည်ပေါ်မည် ဖြစ်ပါကြောင်း၊ အကောင်အထည်မဖော်ခင် မည်သည့် Urban Health Center ကို မည်သည့်ဆေးရုံလွှတ်မည်၊ မည်သည့်ပါမောက္ခ၊ သမားတော်ကသွားပြီး Follow up  ကြည့်‌မည့်ကိစ္စများအား ဆောင်ရွက်နေပါကြောင်း၊ ယခင်က လူနာများ Referral Form ပါမှသာလျှင် ဆေးရုံအထူးကုများက လက်ခံသော်လည်း ယခုတိုက်ရိုက် လာပြနေပါကြောင်း၊ ထို System ကို ပြန်ပြီး Review လုပ်ပြီး ‌အရေးကြီးလျှင် ကြီးသလို ကြည့်ပေးမည်ဖြစ်ပါကြောင်း၊ Systematically လုပ်မှသာလျှင် လူနာခွဲဝေမှု၊ ပြသမှုများ နည်းသွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ သင်္ဃန်းကျွန်းဆေးရုံကြီးရှိ ဝန်ထမ်းများသည် ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွင် ကျွမ်းကျင်သဖြင့် အားကိုး၍ လူနာများပိုများလာခြင်းကို ဂုဏ်ယူပါကြောင်း၊ မကြာခင် ရက်ပိုင်းအတွင်း မိမိကိုယ်တိုင် အသေးစိတ်သွားရောက်ကြည့်ရှု့ပြီး မည်ကဲ့သို့ လုပ်ဆောင်ပေးရမည်ကို ဆေးရုံအုပ်ကြီးနှင့် တိုင်ပင်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး