Skip to main content

 

နော်ဝေနိုင်ငံမှ သုတေသနရေယာဉ် Dr.Fridtjof Nansen သည် ယခုနှစ် သြဂုတ်လက တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်‌ ရခိုင်ပြည်နယ်အတွင်းရှိ ပင်လယ်ရေမျက်နှာပြင်တို့တွင် ငါးသယံဇာတ တည်ရှိမှုများကို သုတေသနပြုသွားသည်ဟု သိရှိရပါကြောင်း၊ အဆိုပါရေယာဉ်သည် ၁၉၇၉ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင်တစ်ကြိမ်၊ ယခုနှစ်တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ် သုတေသနပြုလုပ်ပြီးကြောင်းလည်း သိရှိရကြောင်း၊ ထို့ကြောင့်‌ အဆိုပါသုတေသနရေယာဉ်သည် မြန်မာ့ပိုင်နက် ပင်လယ်ပြင်အတွင်း ၎င်းတို့ သုတေသန ပြုချက်များကြောင့်‌ ရရှိသည့်သုတေသနပြုချက်များကို သက်ဆိုင်ရာမှ လက်ခံရရှိခြင်းရှိ/မရှိ၊ ရှိပါက ထိုသုတေသနပြုချက် ရလဒ်များအရ မြန်မာ့ပင်လယ်ရေပြင် လုပ်သားများနှင့်‌ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ကြေညာခဲ့ခြင်း၊ ပညာပေးခြင်း၊ ရှင်းလင်းခြင်းရှိ/မရှိနှင့်‌ သုတေသနပြုချက်များကို မည်ကဲ့သို့အသုံးချသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာ့ရေပိုင်နက်တွင် ငါးသယံဇာတတည်ရှိမှုကို သိရှိနိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီအစဉ်ဖြင့် နော်ဝေနိုင်ငံ၊ Institute of Marine Research ၏ Dr.Fridtjof Nansen သုတေသနရေယာဉ်နှင့် ငါးသယံဇာတတည်ရှိမှု၊ အဏ္ဏဝါဇီဝကွဲပြားမှု သုတေသနလုပ်ငန်းများကို ၁၉၇၉ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယခု ၂၀၁၈ ခုနှစ်အထိ စုစုပေါင်း ငါးကြိမ် မြန်မာ့ကမ်းရိုးတန်း ရေပြင်တစ်လျှောက် သုတေသနပြု ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုနောက်ဆုံး (၅)ကြိမ်မြောက် ဆောင်ရွက်ခဲ့မှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း၊ သုတေသန ဆောင်ရွက်ခဲ့မှုများအရ ၁၉၇၉-၁၉၈၀ ပြည့်နှစ်၊ ၂၀၁၃ ခုနှစ်၊ မိုးလွန်ကာလ တိုင်းတာရာတွင် ငါးသယံဇာတ ရေပေါ်နေငါးအုပ်စုမှာ ၉၀ ရာခိုင်နှုန်းခန့်၊ ရေအောက်ကြမ်းပြင်နေ ငါးအုပ်စု ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည့် သုတေသနရလဒ်ကို တွေ့ရှိခဲ့ရပါကြောင်း၊ သို့သော်လည်း ငါးအုပ်စုများ အသစ်ဖြစ်ပေါ်မှုနှင့် ငါးအထိအမိသည် ရေငန်ဂေဟဆိုင်ရာ‌ ပြောင်းလဲမှုအရ မိုးလွန်နှင့် မိုးဦးကာလများတွင် ကွာဟချက်များ ဖြစ်ပေါ်နိုင်သောကြောင့် ငါးမျိုးစိတ်အလိုက် ငါးများပေါက်ဖွားရာသီကို ခန့်မှန်းတွက်ချက်နိုင်ရန် ၂၀၁၅ ခုနှစ်တွင် ထပ်မံသုတေသနပြု ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအခြေအနေတွင် ရေပေါ်/ရေအောက် ငါးအုပ်စုမှာ အနည်းငယ်တိုးတက်လာသည့် အနေအထား တွေ့ရှိရပါအကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သုတေသနရလဒ်အရ ငါးအုပ်စုများ အနည်းငယ် ပိုမိုရခြင်း၏အကြောင်းရင်းကို  ပြန်ဆန်းစစ်မည်ဆိုပါက ရာသီဥတု‌ပြောင်းလဲမှုနှင့်အတူ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရနယ်မြေ ပိုမိုသတ်မှတ်ဆောင်ရွက်ခြင်းဖြင့်  မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံခြားငါးဖမ်းသင်္ဘောများ ဝင်ရောက်မှု လျှော့ချခြင်း၊  ပိတ်ပင်တားဆီးခြင်းများ ထိရောက်စွာ ဆောင်ရွက်လာခြင်းကြောင့် ဖြစ်ကြောင်း၊

ယခု ၂၀၁၈ ခုနှစ် သုတေသနတိုင်းတာမှုတွင် ယခင်ကဲ့သို့ ငါးသယံဇာတတည်ရှိမှု တိုင်းတာခြင်း တစ်ခုတည်းမဟုတ်ဘဲ လက်ရှိပင်လယ်ပြင်အတွင်း ပလတ်စတစ်ပါဝင်မှု (Micro Plastic)၊ ငါးဥနှင့် ငါးသားလောင်းများ ပျံ့နှံတည်ရှိမှု အခြေအနေ၊ ရေအောက် ကြမ်းပြင်ရှိ အနည်အနှစ်များတွင် ဓာတုဗေဒပါဝင်မှု တိုင်းတာစစ်‌ဆေးမှုများနှင့်  ဘေးအန္တရာယ်ကင်းသည့် အာဟာရဓာတ်ပြည့်‌ဝမှု အခြေအနေစစ်ဆေးမှုများ စသည့် ပတ်ဝန်းကျင်စောင့်‌ကြည့်‌မှု လုပ်ငန်းများကိုလည်း သုတေသနပြု လေ့လာဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းများကို ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များ၊ တပ်မတော်(ရေ)၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် သုတေသနရလဒ်များအပေါ် အခြေခံ၍ မြန်မာ့ပင်လယ်ပြင်တွင် ငါးမျိုးစိတ်အလိုက် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရနယ်မြေ ပြန်လည်ဆောင်ရွက်သင့်သည့် လုပ်ငန်းစီမံခန့်ခွဲမှု အစီအမံများကို ပြုလုပ်လာခဲ့ပါကြောင်း၊ ပိုမိုကောင်းမွန်သော ငါးလုပ်ငန်းစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့်အတူ ပြည်သူတို့၏ ငါးစားသုံးမှု ဘေးအန္တရာယ်ကင်းရှင်းစေရန် ပလတ်စတစ် ပါဝင်မှုနှုန်း (Micro Plastic) မည်မျှများပြားနေကို အထူးအလေးပြုပြီး သုတေသနပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ သုတေသနရလဒ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် (FAO) ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်သုံးသပ်လျက်ရှိပါကြောင်း၊ လာမည့် ၂၀၁၉ ခုနှစ် မေလတွင် ထုတ်ပြန်ကြေညာ ဆောင်ရွက်နိုင်ရန် ခန့်မှန်းထားကြောင်း၊ သုတေသနရလဒ်များ ထွက်ပေါ်လာလျှင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သတင်း/မီဒီယာများမှတစ်ဆင့် ပြည်သူများသိသင့်သိထိုက်သည့် သုတေသနရလဒ်များကို ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေးဆိုင်ရာ စည်းကမ်းချက်များနှင့် တားမြစ်ချက်များ၊ အမိန့်ညွှန်ကြားစာများကိုလည်း  ထုတ်ပြန်၍ အသိပညာပေးရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ယနေ့ဖြစ်ပေါ်နေသည့် ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးအန္တရာယ်ကြောင့် ပင်လယ်ပြင်အတွင်းရှိ ငါးအပါအဝင် ရေနေသတ္တဝါ‌များ ထိခိုက်ပျက်စီးမှု၊ ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းအပေါ်တွင် ထိခိုက်နိုင်မှု၊ ပလတ်စတစ်များသည့် ပင်လယ်ပြင်မှရရှိသည့် ငါးများကို နိုင်ငံခြားပို့ကုန်အဖြစ် ဈေးကွက်ရရှိရန် ပိုမိုခက်ခဲလာမှုအခြေအနေမျိုး တွေ့ရှိနေရပြီ ဖြစ်ကြောင်း၊ ငါးအသားဓာတ်တွင် ပလတ်စတစ်ပါဝင်မှုသည် ကျန်းမာရေးထိခိုက်ပြီး ဆိုးကျိုးဖြစ်နိုင်မှုအပေါ် ပြည်သူများ ပိုမိုသိရှိလာခြင်းအားဖြင့်‌ မိမိတို့ပတ်ဝန်းကျင်တွင် ပလတ်စတစ်နှင့် အမှိုက်များစွန့်ပစ်မှု ပပျောက်အောင် ထိန်းကျောင်းလာနိုင်မည် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့်‌ ပင်လယ်ပြင်အတွင်း ပလတ်စတစ်‌များ အလွယ်တကူရောက်ရှိမှု နည်းပါးလာစေရာမှ ပိုမိုကောင်းမွန်သော ငါးအာဟာရဓာတ်များ ရရှိလာနိုင်မည့်အပြင် ငါးသယံဇာတများ တိုးပွားရေးကိုပါ အကျိုးပြုနိုင်မည် ဖြစ်သောကြောင့်‌ မြန်မာ့ပင်လယ်ပြင် ရေလုပ်သားများနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရေး၊ အသိပညာပေးမှု လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်