Skip to main content

 

မိမိတို့နိုင်ငံတွင် ယခင်ကရော၊ ယခုရော ဗိုလ်ချုပ်တွေ အများကြီးရှိပါသော်လည်း မြန်မာပြည်သူလူထု အများစု၏ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်သာရှိပါကြောင်း၊ ထို့ကြောင့် သေသောသူ ကြာရင်မေ့ဆိုသည့် စကားရှိသော်လည်း ဗိုလ်ချုပ်ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာသွားသော်လည်း ယနေ့ထိ မြန်မာပြည်သူများက တစ်နေ့မှမေ့မရသည်မှာ မိမိတို့ မြန်မာနိုင်ငံ တစ်နံတစ်လျားကမြို့များတွင် ဗိုလ်ချုပ်ရုပ်ထုများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေခြင်းက သက်သေပြနေပါကြောင်း၊ ယခုကဲ့သို့ ဗိုလ်ချုပ်ကိုမမေ့နိုင်ခြင်းကလည်း ဗိုလ်ချုပ်အောင်ဆန်းသည် နေသွားသည့် အသက် ၃၂ နှစ်တာ ကာလအတွင်း မိမိတို့ နိုင်ငံအတွက်၊ အင်မတန်အဖိုးတန်သော အမွေအနှစ်များနှင့် အင်မတန်အတုယူစရာကောင်းသော အမွေအနှစ်များ ချန်ထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိက ခေတ်သစ်မြန်မာနိုင်ငံ၏ အတ္ထုပ္ပတ္တိ ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများသည် မိမိတို့ ခေတ်သစ်မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ဖြစ်သည့်အတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ပြုစုဖို့ လိုပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်ပြီး မိတ်ဆွေအပေါင်းအသင်းများ၊ တပည့် တစ်ပန်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများက ရေးခဲ့သည့်စာအုပ်များ အများကြီးရှိသော်လည်း မိမိတို့ အားကိုးအားထားပြုလောက်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိဆိုတာက ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိသေးပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ပထမဦးဆုံး ပြည်သူ့လွှတ်တော်ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ပြုစုရန်ဆိုပြီး အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးအပ်ပြီး ပြုစုစေခဲ့ခြင်း ရှိပါကြောင်း၊

ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်က ပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိဆိုပြီး ပြုစုခဲ့ပါကြောင်း၊ သို့သော်လည်း ၎င်းသည် မူကြမ်းအဆင့်သာ ရှိပြီး အကြောင်းကြောင်းကြောင့် ပြည့်စုံသည့် စာအုပ်ကြီးတစ်အုပ်အနေဖြင့် ပေါ်ထွက်လာခဲ့ခြင်း မရှိပါကြောင်း၊ ၂၀၀၄ ခုနှစ်ခန့်တွင် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရဲထွဋ်တို့၊ နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြတို့ ဦးဆောင်ပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစုရေးဆိုပြီး ကြိုးစားခဲ့ခြင်းများ ရှိပါကြောင်း၊ သို့သော်လည်း ပုဂ္ဂလိကအဖွဲ့တစ်ဖွဲ့သာ ဖြစ်သည့်အတွက် ၎င်းတို့မှာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ထိုစာအုပ်က ထွက်ပေါ်လာခြင်း မရှိပါကြောင်း၊ နောက်ဆုံးတွင် နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပေါ်ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်ကို မွမ်းမံပြင်ဆင်၍ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဆိုပြီး ထွက်လာခြင်းမျိုးသာ ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရလက်ထက်တွင် နိုင်ငံ့၏ကျေးဇူးရှင် လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်ပြီး ခိုင်မာအားကိုးအားထား ပြုလောက်သည့် အတ္ထုပ္ပတ္တိတစ်ခု ပေါ်ထွက်လာရန် မိမိတို့ နိုင်ငံတော်အစိုးရ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့်ပတ်သက်ပြီး အားကိုးအားထား ပြုလောက်သော ပြည့်စုံလုံလောက်သည့် နိုင်ငံတကာကလည်း ခန့်ညားလေးစားလောက်သည့် အတ္ထုပ္ပတ္တိတစ်ခု ပေါ်ထွက်လာရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူ့အစိုးရ၏ တာဝန်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိဖြစ်လာဖို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေခြင်း ရှိ/မရှိ၊ ဆောင်ရွက်နေလျှင်လည်း မည်ကဲ့သို့ ဆောင်ရွက်နေခြင်း၊ အခုအချိန်တွင် မည်ကဲ့သို့ အခြေအနေ ရှိသည်ဆိုသည်ကို သိရှိလိုသည့်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ ကိုယ်စား မေးမြန်းပါသည်။


 

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်အနေဖြင့် ၁၉၇၁ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ၁၇-၃-၁၉၄၅ မှ ၁၉-၇-၁၉၄၇ ထိ စာအုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဈေးကွက်လိုအပ်ချက်အရ ၎င်းစာအုပ်ကို ပြန်လည်ပုံနှိပ်ထုတ်ဝေရန် အစီအစဉ်ရှိပါကြောင်း၊ ယခု ဆက်လက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ (၁၉၁၅-၁၉၄၇)ကို ထုတ်ဝေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် စာမူကြမ်းအဖြစ် ရေးသားပြုစုထားရှိပြီး ဖြစ်ပါကြောင်း၊ ယင်းဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ သိရှိရပါသည်။ ယင်းစာအုပ်တွင် အခန်း (၆) ခန်း ပါဝင်ပါကြောင်း၊ ၎င်းတို့မှာ အခန်း(၁) လူငယ်ဘဝ (၁၉၁၅ မှ ၁၉၄၇)၊ အခန်း (၂) တက္ကသိုလ်ကျောင်းသားဘဝ (၁၉၃၂ မှ ၁၉၃၈)၊ အခန်း (၃) သခင်ဘဝ၊ အခန်း (၄) လက်နက်ကိုင် တော်လှန်ရေး ပြင်ဆင်မှုကာလ (၁၉၄၀ မှ ၁၉၄၁)၊ အခန်း (၅) စစ်ဝန်ကြီးဘဝ (၁၉၄၂ မှ ၁၉၄၅) နှင့် အခန်း (၆) အမျိုးသားခေါင်းဆောင် (၁၉၄၅ မှ ၁၉၄၇) စသည်တို့ဖြင့် အကြောင်းအရာစုံလင်စွာ ရေးသားပြုစုထားသည်ဟု သိရှိရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း