Skip to main content

 

ဒေါပေါ်ကလဲရွာငယ်မှ ဘုရားနီရွာအထိ ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းရှိမည်ဆိုပါက ဘီလူးချောင်းအနောက်ဘက်ရှိရွာပေါင်း ၁၂ ရွာ၊ ဘီလူး ချောင်းအရှေ့ဘက်ရှိ ၁၀ ရွာတို့၏ ဒေသခံ တောင်သူ များ၏ နွားများအတွက် လမ်းပန်းဆက်သွယ် ကောင်းမွန်ပြီး မိုးဗြဲလက်ဝဲမြောင်းမှတိုက်ရိုက် မိုင်တိုင် ၉၂၄ အထိ၊ မိုးဗြဲ လက်ဝဲမြောင်းလက်တံ(၂)၊ လက်တံ(၃)ရေသောက်စနစ်အတွင်းရှိ ကွင်းပေါင်း ၂၀ ၏ ရေသောက် ဧကပေါင်း ၅၇၇၀ မှ ထွက်ရှိလာမည့် စပါးတင်းပေါင်း ပျမ်းမျှ၄၆၀၀၀၀ ခန့်တို့အတွက် ရာသီမရွေး လွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် ပေးမည့်  အစီအစဉ်သည်  မူဝါဒအနေဖြင့်လည်း ကိုက်ညီနေသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာ နိုင်ငံတော်၏ မူဝါဒ(၁၂)ချက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဖြစ်သည့် SDG တွင်လည်း ပါဝင်သကဲ့သို့ MSDB စီမံကိန်းတွင်လည်းကောင်း၊ ပြည်နယ်၏ လုပ်ငန်းစဉ်မူဝါဒ(၇)ချက်တွင်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွင်လည်း စိုက်ပျိုးရေးကဏ္ဍအနေဖြင့်လည်းကောင်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲရွာ ဘုရားနီအထိ လယ်ယာကုန် ထုတ်လမ်း၏ အခြေအနေကို ကွင်းဆင်းစစ်ဆေးရာတွင် သွားလာရအလွန်ခက်ခဲလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းကို ဆောင်ရွက်ပေးရန် ဌာနဆိုင်ရာ ဆည်မြောင်းဦးစီးဌာနသို့ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ အထိ ဌာနဆိုင်ရာအသီးသီးက ဘဏ္ဍာရေးနှစ်များတွင် တင်ပြခဲ့သော်လည်း မရရှိခဲ့ ပါကြောင်း၊  ဒေါပေါ်ကလဲရွာငယ်မှ ဘုရားနီရွာအထိ အလျား ၈၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၂ လက်မရှိ လယ်ယာကုန်ထုတ်မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန်သည် တောင်သူများ၏ ဆန္ဒဖြစ်သကဲ့သို့ မြေပြင်အနေအထားတွင်လည်း မရှိမဖြစ်လိုအပ်သည်ကိုတွေ့ရှိရသည့်အပြင် စီမံကိန်းညွှန်းကိန်း၊ ကယားပြည်နယ်၏မူဝါဒ၊ နိုင်ငံတော်သမ္မတ၏မိန့်ခွန်း၊ ထပ်မံဦးစားပေးလုပ်ငန်း (SDG နှင့် MSDB)တွင် ပါဝင်နေသည့်အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက  မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မိုးဗြဲဆည်ရေသောက်စနစ်အတွင်း တည်ရှိသည့် ဒေါပေါ်ကလဲရွာငယ်မှ ဘုရားနီရွာအထိ ဆက်သွယ်ဖောက်လုပ်ထားသည့် လယ်ယာကုန်ထုတ်လုပ်ငန်းသည် ဘီလူးချောင်းအရှေ့ဘက်တွင် ရှိပြီး ကျေးရွာ ၁၀ ရွာနှင့် အနောက်ဘက်ကမ်းရှိကျေးရွာ ၁၂ ရွာတို့အပြင် လွိုင်ကော်မြို့နှင့်ပါ ဆက်သွယ်သွားလာနိုင်ပြီး ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုလျက်ရှိသည့် အခြေအနေ ဖြစ်ပါကြောင်း၊ အဆိုပါလယ်ယာကုန်ထုတ်လမ်းသည် မြေသားလမ်းဖြစ်ပြီး အလျားပေ ၈၅၀၀x အကျယ် ၁၂ ပေခန့်ရှိပါကြောင်းနှင့် မိုးရာသီအတွင်း ဆက်သွယ်သွားလာရန် အခက်အခဲ ရှိပါသောကြောင့် ရာသီမရွေးသွားလာနိုင်မည့် ကျောက်ချောလမ်းခင်းပေးရန် လိုအပ်လျက်ရှိသည်ကို စိစစ်သိရှိ ရပါကြောင်း၊

ထို့ကြောင့် ဒေါပေါ်ကလဲ-ဘုရားနီ လယ်ယာကုန်ထုတ်လမ်းကို ကျောက်ချောလမ်းခင်းပေး၇န် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခန့်မှန်းကုန်ကျငွေတွက်ချက်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊  လိုအပ်ရန်ပုံငွေကို  ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှု ပေါ်မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်