Skip to main content

 

မိမိတို့ မဲဆန္ဒနယ်တွင် ပြီးခဲ့သည့်ခြောက်လ ဘတ်ဂျက်မှာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၁၃ ရွာကျော်ကို မီးလင်းခဲ့ပါကြောင်း၊ ၎င်းကျေးရွာများ မီးသွယ်တန်းသည့် နေရာတွင် ကျေးရွာတွင်း ၄၀၀ ဓာတ်အားလိုင်းကို တစ်မိုင်ကို ၂၄ သိန်းဖြင့်‌ ဌာနမှသွယ်တန်း ခဲ့ကြပါကြောင်း၊ ပထမဈေးနှုန်းပြောစဉ်က တစ်မိုင်ကို ၂၄ သိန်း၊ ထမင်းလည်း ကျွေးစရာမလို၊ ရေလည်းတိုက်စရာမလို ကြောင်း ပြောခဲ့ပါသည်။ အမှန်တကယ် သွယ်တန်းသည့်အခါ ကျေးရွာများက မီးအမြန်လင်းချင်သည့်အတွက် မီးတိုင်များလည်း ကူစိုက်ခြင်း၊ ကြိုးများလည်း ကူဆွဲခြင်း၊ ထမင်းလည်းကျွေးခြင်း တချို့ဆို အရက်၊ ဘီယာပါ တိုက်ကြပါကြောင်း၊

၄၀၀ ဓာတ်အားလိုင်းမှ အိမ်သို့ Main ကြိုးသွယ်တန်းခ၊ မီတာတပ်ဆင်ခ၊ အိမ်တွင်းမီးနှစ်ပွင့် တစ်ပလက်တစ်ခု တပ်ဆင်ခကို ၂၅၀၀၀ ကျပ် တောင်းယူခဲ့သဖြင့် တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်မှ တစ်တိုင်းလုံး တစ်ပြေးညီ ၁၅၀၀၀ ကျပ်ဖြင့်ညှိနှိုင်း ပေးခဲ့ပါသော်လည်း အဆင်မပြေခဲ့ပါကြောင်း၊ အမှန်တကယ် Meter Box တစ်လုံး၏ တန်ကြေးသည် ၄၅၀၀၀ ကျပ်ဖြစ်ပြီး သွယ်တန်းခ၊ တပ်ဆင်ခက ၂၅၀၀၀ ကျပ် ဖြစ်နေသဖြင့် ဆင်ဖိုးထက်ချွန်းဖိုး ကြီးနေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ကျေးရွာများတွင် ဈေးနှုန်းများကို တိတိကျကျ ပွင့်လင်းမြင်သာစွာ မသိရှိရသဖြင့် ၂၀၀၀၀ ကျပ် ဆိုလည်း ပေးလိုက်ခြင်း ဖြစ်ပါကြောင်း၊ ၂၅၀၀၀ ကျပ်ဆိုလည်း ပေးလိုက်ခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မီးရဖို့အတွက်သာ မြင်ပြီးငွေကုန်သည်ကို မမြင်တော့ပါကြောင်း၊ ၎င်းတင်သာမက ဌာနနှင့်မသွယ်ချင်သဖြင့် အသိအမှတ်ပြုလက်မှတ်ရ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် သွယ်တန်းမည်ဆိုသော်လည်း လွယ်လွယ်ဖြင့် ခွင့်မပြုပါကြောင်း၊ သို့သော်လည်း နောက်ဆုံး ဌာနဖြင့် အဆင်ပြေအောင် သွယ်တန်းခဲ့ကြပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးသွယ်တန်းရာတွင် ပွင့်လင်းမြင်သာစွာ ရှိစေရန် တစ်နိုင်ငံလုံးသတ်မှတ်နှုန်းထားများ တစ်ပြေးညီဖြစ်စေရန်နှင့် လျှပ်စစ်မီး သွယ်တန်းရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။


 

 

ကျေးရွာများအတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း တစ်မိုင်တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ရာတွင် ကျေးရွာများအတွင်းရှိ လမ်းများ၊ အိမ်ရာများဖွဲ့စည်းတည် ဆောက်ထားသည့် အနေအထားများသည် တစ်ရွာနှင့်တစ်ရွာ မတူညီနိုင်ပါကြောင်း၊ ထိုသို့ တူညီနိုင်မှုမရှိသည့် အတွက်ကြောင့် လိုအပ်သည့် တိုင်အရေအတွက်၊ တန်းအရေအတွက်၊ ကြိုးအရေအတွက်၊ ကြွေးသီး အရေအတွက်များ ကွဲပြားခြားနားသည့်အပြင်  အသုံးပြုရန်လိုအပ်သော ၄၀၀ ဗို့ လိုင်းကြိုး၏ ကြိုးအရွယ်အစား No.1,2,4,6,8 ရွေးချယ်မှုမှာ မတူညီမှုများ ဖြစ်ပေါ်လာပါကြောင်း၊ ထို့အပြင် အသုံးပြုရမည့် တိုင်၊ တန်း၊ ကြိုး၊ ကြွေးသီး အစရှိသည့် ပစ္စည်းများ၏ အမျိုးအစားများတွင် ဥပမာ- HDBC ကြေးကြိုးကို အသုံးပြု၍ဆွဲခြင်း၊ ABC ကြိုးကို အသုံးပြု၍ဆွဲခြင်း များကြောင့်လည်း ကွဲပြားခြားနား နိုင်ပါသည်။ ထို့အပြင် ကျေးရွာများက ဝယ်ယူတည်ဆောက်ထားသည့် ပစ္စည်း၏အရည်အသွေး ကွာခြားမှု၊ တည်ဆောက်မည့် တည်နေရာ၏ ဒေသကွာခြားမှု၊ ပစ္စည်းဝယ်ယူသော အချိန်ကာလမတူနိုင်မှု၊ ငွေလဲလှယ်နှုန်း ပြောင်းလဲနေခြင်းအတွက်ကြောင့် ပစ္စည်းဈေးနှုန်းများ၏ အခြေအနေသည် အစဉ်ပြောင်းလဲနေမှု၊  ဓာတ်အားလိုင်းများကို တည်ဆောက်သည့်အခါ ဓာတ်အားလိုင်းပစ္စည်းများကို ဓာတ်အားလိုင်းနှင့်‌အနီးဆုံး ကားလမ်း၊ ရထားလမ်းသို့ သယ်ယူပို့ဆောင် ရသောခရီးမိုင် မတူညီနိုင်မှု၊ ထိုနေရာမှတစ်ဆင့်‌ ဓာတ်အားလိုင်း အူကြောင်း တည်ဆောက်မည့်နေရာကို  စက်တပ်ယာဉ် သို့မဟုတ် လူအင်အားဖြင့် သယ်ယူပို့ဆောင်ရသည့် စရိတ်များ ကွဲပြားခြားနားမှု၊ ဒေသတွင်း ဝယ်ယူရသည့်ပစ္စည်းအချို့၏ ဒေသပေါက်ဈေးများ မတူညီနိုင်မှု၊ ဒေသတစ်ခုချင်းအလိုက် လက်တွေ့ပေးရသော လုပ်အားခ ကွာခြားမှုများကြောင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း တစ်မိုင်၏ကုန်ကျစရိတ် နှုန်းထားအား တစ်ပြေးညီ တစ်နိုင်ငံလုံးကို သတ်မှတ်ထားနိုင်ရန် သင့်‌လျော်/ဆီလျော်မှုမရှိ ပါသောကြောင့် သတ်မှတ်ထားမှု မရှိပါကြောင်း၊

ဒုတိယကိစ္စရပ်အဖြစ် အိမ်သုံးမီတာများ တပ်ဆင်သွယ်တန်းခြင်းနှင့်‌ ပတ်သက်ပြီး လမ်းအတွင်းရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်းမှ နေအိမ်မီတာသို့သွယ်တန်းသော Service Wire ကြိုးသွယ်တန်းခအဖြစ် ၂၀၀၀ ကျပ်၊ မီးဆက်ခ ၂၀၀၀ ကျပ်၊ ကြီးကြပ်ခ ၁၀၀၀ ကျပ်၊ အာမခံစပေါ်ငွေ ၄၀၀၀ ကျပ်နှင့်‌ မီတာလျှောက်လွှာ မှတ်ပုံတင်ကြေး ၁၀၀၀ ကျပ် စုစုပေါင်း ကျပ် ၁၀၀၀၀ ကို ဌာနက တစ်ပြေးညီ သတ်မှတ် ကောက်ခံပါကြောင်း၊ မြို့နယ်လျှပ်စစ်ရုံးများတွင် အများပြည်သူမြင်နိုင်သော နေရာတွင် အဆိုပါ အချက်အလက်များကို ကြေညာထားပါကြောင်း၊ အိမ်သုံးမီတာ သတ်မှတ်ကြေးများအနေဖြင့် မျက်မြင်ဖတ်ရှုနိုင်သော 5/32 MPR Digital အိမ်သုံးမီတာဆိုလျှင် ၃၅၀၀၀ ကျပ်၊ အဝေးထိန်းစနစ်ဖြင့် ဖတ်ရှုနိုင်သည့် 3/30 MPR  Digital အိမ်သုံးမီတာ ရွေးချယ်တပ်ဆင်လိုလျှင်  ၆၅၀၀၀ ကျပ်နှင့်  အဝေးထိန်း စနစ်ဖြင့်ဖတ်နိုင်သော 10/60 MPR Digital အိမ်သုံးမီတာအတွက်ဆိုလျှင် ၈၀၀၀၀ ကျပ်ဖြင့် ၁-၄-၂၀၁၈ ရက်နေ့မှစတင် ပြင်ဆင်သတ်မှတ်ထားပြီး ဖြစ်သည့်အတွက်ကြောင့် မီးသုံးစွဲလိုသူက  မိမိကြိုက်နှစ်သက်ရာ မီတာအမျိုးအစားအား လျှောက်ထားရွေးချယ်တပ်ဆင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အချက်အလက်များကိုလည်း  မြို့နယ်လျှပ်စစ်ရုံးများတွင် မည့်သူမဆို မြင်နိုင်သော နေရာများတွင် ကြေညာထားပြီးဖြစ်ကြောင်း၊ ဖော်ပြပါ ဆားဗစ်ဝါယာကြိုးသွယ်တန်းခ၊ မီးဆက်ခ၊ ကြီးကြပ်ခ၊ အာမခံစပေါ်ငွေနှင့်‌ မီတာသတ်မှတ်ကြေးများတွင် အိမ်သုံးမီတာတပ်ဆင် ခြင်းအတွက် ဌာနသို့ပေးသွင်းရမည့် သတ်မှတ်နှုန်းထားများ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး  အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းနှင့်ပတ်သက်ပြီး အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်း ကိစ္စသည် လျှပ်စစ်ဌာနနှင့်သက်ဆိုင်မှု မရှိပါကြောင်း၊ မီတာလျှောက်ထားသူက ၎င်းတို့၏ နေအိမ်အတွင်း အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းကိစ္စအား ဥပဒေအရ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်စစ်ဆေးရေးဌာန၏ ခွင့်‌ပြုလက်မှတ်ရ ပြင်ပလျှပ်စစ် ကျွမ်းကျင် လုပ်သားများကို ငှားရမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ခွင့်ပြုလက်မှတ်ရ ပြင်ပလျှပ်စစ် ကျွမ်းကျင်လုပ်သားဆိုသည်မှာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနလက်အောက်က ဝန်ထမ်းများ မဟုတ်ပါကြောင်း၊ အဆိုပါ ပြင်ပလျှပ်စစ်ကျွမ်းကျင်က ၎င်းတို့၏ နေအိမ်အတွင်း သုံးစွဲမယ့်ပစ္စည်းဖိုးနှင့်‌ လုပ်အားခများကို အိမ်တွင်းသွယ်တန်းမည့်ပစ္စည်း အမျိုးအစားနှင့်‌ အရေအတွက်အပေါ် မူတည်ပြီး ကုန်ကျစရိတ်များ တောင်းခံကြသည်ဟု မိမိတို့သိရှိပါကြောင်း၊ အဆိုပါကျွမ်းကျင်လုပ်သားများက တောင်းခံသည့် ဈေးနှုန်းများ ကွဲပြားခြားနားနေခြင်းနှင့်ပတ်သက်ပြီး စက်မှုဝန်ကြီးဌာနထံ မေးမြန်းသင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးထွန်းထွန်း (ပွင့်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ ၄၀၀ ဓာတ်အားလိုင်းကို ကျေးရွာအတွင်း သတ်မှတ်မှုမရှိဘူး ဆိုသော်ငြားလည်း ခုနက မေးခွန်းတွင် ပါပြီးသားဖြစ်ပါကြောင်း၊ တစ်မိုင်ကို မိမိတို့ကျေးရွာတွင်းက ဌာနကို ၂၄ သိန်းဖြင့်ပေးပြီး သွယ်တန်းခဲ့ရပါကြောင်း၊ ထို့ကြောင့် ပြင်ပကနေပြီး လက်မှတ်ရသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ သွယ်တန်းမည်ဆိုသည့်အခါ ကျေးရွာက ကော်မတီများတွင် အဆင်မပြေမှု အခက်အခဲများ တွေ့ရှိရ ပါကြောင်း၊ ၎င်းမှာ မိမိတို့ ခုနမီတာဘောက်စ် သွယ်တန်းခကို တစ်သောင်းဟု ပြောပါကြောင်း၊ အမှန်တကယ် ကျေးရွာများတွင် ၂၅၀၀၀ ကျပ်ပေးရပါကြောင်း၊ ဝန်ကြီးချုပ်ကိုယ်တိုင်က ညှိနှိုင်းခဲ့သဖြင့် ၁၅၀၀၀ ကျပ်နှင့် အဆင်ပြေခဲ့ပါကြောင်း၊ ထို့ကြောင့် မီတာဘောက်စ်မှာ ခုနဝန်ကြီး ပြောသွားသည့်အထဲ မီတာဘောက်စ်တုန်း ၃၅၀၀၀ ကျပ်၊ ၆၅၀၀၀ ကျပ်၊ ၈၀၀၀၀ ကျပ် ဆိုပြီး သုံးစားရှိပါကြောင်း၊ အမှန်တကယ် မြို့နယ်များတွင် ၃၅၀၀၀ ကျပ်တန်က ၄၀၀၀၀ ကျပ် ဖြစ်နေပါကြောင်း၊ ၆၅၀၀၀ ကျပ်တန်က ၇၀၀၀၀ ကျပ်၊ ၈၀၀၀၀ ကျပ်တန်က ၉၀၀၀၀ ကျပ် ပေးရပါကြောင်း၊ စသည့်ဈေးနှုန်းများကို စနစ်တကျဖြစ်အောင်၊ ပွင့်လင်းမြင်သာစွာဖြစ်အောင် ဌာနများကို ညွှန်ကြားချက်ထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရွာထဲလိုင်းများတွင် ၄၀၀  ဓာတ်အားလိုင်း သွယ်တန်းသည့်နေရာ၌ ကုမ္ပဏီများက အသိအမှတ်ပြုသည့် ကုမ္ပဏီများ သွယ်တန်း ပိုင်ခွင့်ရှိ/မရှိ၊ ဌာနကသွယ်တန်းပိုင်ခွင့်ရှိ/မရှိကို သီးခြားဖြေကြားပေးပါရန် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

အိမ်သုံးမီတာတွင် မိမိဖြေကြားခဲ့သော ၃၅၀၀၀ ကျပ်၊ ၆၅၀၀၀ ကျပ်၊ ၈၀၀၀၀ ကျပ်အား ၄၅၀၀၀ ကျပ်၊ ၇၅၀၀၀ ကျပ်၊ ၉၀၀၀၀ ကျပ် ပေးသွင်းနေရပါသည်ဆိုသည့် ကိစ္စရပ်မှာ တင်ပြသွားသည့်‌ ထဲတွင်ပါဝင်သည့်‌ ၄၀၀ ဗို့ Service ကြိုး သွယ်တန်းခ ၂၀၀၀ ကျပ်၊ မီးစက်က ၂၀၀၀ ကျပ်၊ ကြီးကြပ်ခ ၁၀၀၀ ကျပ်၊ အာမခံစာပေါ်ငွေ ၄၀၀၀ ကျပ်၊ မီတာလျှောက်လွှာ မှတ်ပုံတင်ကြေး ၁၀၀၀ ကျပ် စုစုပေါင်း ၁၀၀၀၀ ကျပ်က မီတာတပ်သူတိုင်း ကပေးသွင်းရသည့် ၁၀၀၀၀ ကျပ်ဖြစ်ပါကြောင်း၊ အဆိုပါ ၁၀၀၀၀ ကျပ်နှင့် မီတာအတွက် ၃၅၀၀၀ ကျပ် ပေါင်းလိုက်သည့်အခါ ၄၅၀၀၀ ကျပ် စုစုပေါင်း ကောက်ရသကဲ့သို့ ဖြစ်သွားပါကြောင်း၊ ထို့အတွက်ကြောင့် ၃၅၀၀၀ ကျပ် မီတာတပ်သည့် အချိန်တွင် ၁၀၀၀၀ ကျပ် + ၃၅၀၀၀ ကျပ် သွင်းရသည့်အခါ ၄၅၀၀၀ ကျပ်၊ ၆၅၀၀၀ ကျပ် + ၁၀၀၀၀ ကျပ် သွင်းသည့်အချိန်တွင် ၇၅၀၀၀ ကျပ်၊ ၈၀၀၀၀ ကျပ် + ၁၀၀၀၀ ကျပ် သွင်းသည့်အချိန်တွင် ၉၀၀၀၀ ကျပ်ဆိုပြီး ဖြစ်နေခြင်းအား တင်ပြဖြေကြားသွားသည့် အချက်အလက်အတိုင်း ပေးသွင်းနေရခြင်း ဖြစ်သည်ဟု မိမိမှထပ်မံဖြေကြားအပ်ပါကြောင်း၊ အိမ်တွင်းဝါယာရိုက်သည့် ကိစ္စရပ်သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စီမံခန့်ခွဲခွင့်မဟုတ်သည့် အတွက်ကြောင့် ထပ်ဆင့်မေးခွန်းတွင်ပါသည့် ကုမ္ပဏီများက ရိုက်ခွင့်ရှိ/မရှိဆိုသည့် ကိစ္စရပ်သည် စက်မှုဝန်ကြီးဌာနထံ မေးမြန်းသင့်ပါကြောင်း ထပ်မံဖြေကြားပါသည်။

လျှပ်စစ်နှင့်‌စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်