Skip to main content

 

ပျော်ဘွယ်မြို့အနောက်ဘက် နတ်မောက်မြို့နယ် နယ်စပ်ရှိ တိုက်နယ်ဆေးရုံနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရန် သဖန်းချောင်း 33/11 KV 3 MVA ဓာတ်အားခွဲရုံမှ တဲကြီးကုန်းကျေးရွာအုပ်စု၊ သီးပင်ကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၁၄ မိုင်နှင့် 33/11 KV 3 MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင်ရှိသည့် ပျော်ဘွယ်မြို့နယ်သည် စတုရန်းမိုင် ၆၃၇.၈၂ ကျယ်ဝန်းပြီး ကျေးရွာပေါင်း ၃၁၇ ရွာ ရှိပါကြောင်း၊ ၎င်းတို့ထဲတွင် လျှပ်စစ်အသုံးပြုနိုင်သည့် ကျေးရွာပေါင်း ၂၅ ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာပေါင်း ၂၃၇ ရွာ ကျန်ရှိပါသေးကြောင်း၊ အဆိုပါ ကျေးရွာများမှာ ပျော်ဘွယ်မြို့နယ် အနောက်ဘက် နတ်မောက်မြို့နယ်နှင့် မိတ္ထီလာမြို့နယ် နယ်စပ်တစ်ဝိုက်တွင်ရှိသည့် ကျေးရွာ အားလုံးပါဝင်လျက် ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်အထိ ပျော်ဘွယ်မြို့နယ် အနောက်ဘက်အခြမ်းတွင် နိုင်ငံတော်က ဖြန့်ဝေပေးသည့် လျှပ်စစ်ဓာတ်အားလိုင်းသည် ပျော်ဘွယ်မြို့နယ်မှ ၁၂ မိုင် ကွာဝေးသည့် ရန်အောင်ကျေးရွာ အထိသာ ရောက်ရှိခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာ၏ အနောက်မြောက်ဘက်တွင် မိတ္ထီလာနယ်စပ်အထိ တည်ရှိနေသော ကျေးရွာများမှ ပြည်သူများက လျှပ်စစ်ဓာတ်အား မရရှိသေးသည့်အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးအဋ္ဌမနေ့တွင် မေးခွန်းမေးမြန်း တောင်းဆိုခဲ့ပါကြောင်း၊ တောင်းဆိုချက်ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုပေးသည့်အတွက် ၎င်းနယ်မြေတွင် ၃၃ ကေဗွီဓာတ်အားလိုင်း ၁၆ မိုင်နှင့် 33/11 KV 3 MVA ဓာတ်အားခွဲရုံ တစ်ခုရရှိခဲ့ပါကြောင်း၊ ယခု ပြည်ထောင်စုဘဏ္ဍငွေ ခွဲဝေချထားပေးသည့် ၃၃ ကေဗွီဓာတ်အားလိုင်းမှတစ်ဆင့် ကျေးရွာပေါင်း ၁၄ ရွာကို ပြီးခဲ့သည့် အပတ်အတွင်း လျှပ်စစ်မီးလင်းပေးနိုင်သည့်အတွက် ပြည်သူများဝမ်းသာပီတိ ဖြစ်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့်အစိုးရ ပူးပေါင်းညီညွတ်မှု၏ ရလဒ်ဟု မိမိမှခံယူပါကြောင်း၊ ပျော်ဘွယ်မြို့နယ်၏ အနောက်ဘက် နတ်မောက်နယ်စပ်အထိ လျှပ်စစ်မီးမရသေးသည့် ကျေးရွာများကလည်း ယခုလို ရလဒ်မျိုးကိုခံစားရန် မျှော်လင့်လျက်ရှိပါကြောင်း၊

အထက်က မိမိတင်ပြချက်ပါ ခွင့်ပြုခဲ့သည့်ကျေးရွာများသည် ဓာတ်အားခွဲရုံကနေ ၁၁ ကေ‌ဗွီ ဓာတ်အားလိုင်း သွယ်တန်းနိုင်သည့် အကွာအဝေးထိ ဖြန့်ပေးခြင်းဖြစ်သည့်အတွက် အဆိုပါ ဓာတ်အားခွဲရုံ အနောက်ဘက်ရှိ သီးပင်၊ ရှမ်းစုကုန်း၊ ကျောက်ဆည်၊ စမ်းတော၊ ဆည်ရွာ၊ မိဖုရားကုန်း၊ ကျောင်းရွာစသည့် ကျေးရွာအုပ်စုခြောက်စုက 11 KV မမီသည့်အတွက် မီးဖြန့်ပေးနိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလို မီးဖြန့်ပေးနိုင်ရန်အတွက် ၃၃ ကေ‌ဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတစ်ခု ၎င်းရွာများဘက်တွင် တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်လျှပ်စစ်နှင့် ညှိနှိုင်းချက်အရ တိုက်နယ်ဆေးရုံ တည်ဆောက်ထားသော သီးပင်ကျေးရွာသည် အသင့်တော်ဆုံးဟု ရွေးချယ်ရရှိပါကြောင်း၊ ၎င်းဒေသသည် မြို့နှင့်အလှမ်းဝေးသဖြင့် လူမှုစီးပွားရေးဘဝ ခက်ခဲနေသော ဒေသလည်း ဖြစ်ပါကြောင်း၊ သီးပင်ရွာသည် လက်ရှိဓာတ်အားခွဲရုံ သဖန်းချောင်းနှင့် ၁၄ မိုင်ပဲဝေးပြီး ထိုရွာပတ်ဝန်းကျင်တွင် ၁၉ ရွာသည်လည်း ၃၃ ကေဗွီအေ ဓာတ်အားခွဲရုံမှ လက်လှမ်းမီသွယ်နိုင်သည့် အကွာအဝေးတွင် ရှိပါကြောင်း၊ ထို့ကြောင့် သဖန်းချောင်းမှ သီးပင်ရွာအထိ ၃၃ ကေဗွီအေလိုင်း ၁၄ မိုင်နှင့် ဓာတ်အားခွဲရုံတစ်ရုံ ခွင့်ပြုပေးမည်ဆိုလျှင် ပျော်ဘွယ်အနောက်ဘက် နတ်မောက်အစပ်အထိ ကျေးရွာများ နိုင်ငံတော်က အမျိုးသားလျှပ်စစ်ဓာတ်အား စီမံကိန်းအရ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် ခံစားရရှိမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဒေသတွင်ရှိသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားရေးဘဝများလည်း ပြောင်းလဲတိုးတက်လာမည် ဖြစ်သကဲ့သို့ အစိုးရက အကောင်အထည် ဖော်နေသည့် ထောင်စုနှစ်မျှော်မှန်းချက်များထဲက နေရာဒေသအသီးသီးတွင် အမျိုးမျိုးသော ဆင်းရဲမွဲတေမှု အဆုံးသတ်စေရေး၊ လူ့ပတ်ဝန်းကျင်နှင့်‌ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း တရားမျှတမှု ရှိစေရေးဆိုသည့် အချက်များကို အမှန်တကယ်အောင်မြင်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည့် မေးခွန်းမှာ ကျေးလက်နေပြည်သူများ လူမှုစီးပွားရေးဘဝ တိုးတက် မြင့်မားလာရေးအတွက် ပျော်ဘွယ်မြို့နယ်၏ အနောက်ဘက် နတ်မောက်နယ်စပ်တွင်ရှိသော တိုက်နယ်ဆေးရုံနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရန်အတွက် သဖန်းချောင်းရှိ 33/11 KV 3 MVA ဓာတ်အားခွဲရုံမှ တဲကြီးကုန်းကျေးရွာအုပ်စု သီးပင်ရွာအထိ ၃၃ ကေဗွီအေဓာတ်အားလိုင်း ၁၄ မိုင်နှင့် ခွဲရုံတစ်ရုံ တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ပျော်ဘွယ်မြို့အနောက်ဘက် ရန်အောင်မြို့နယ်ရှိ တိုက်နယ်ဆေးရုံနှင့် ကျေးရွာ ၂၀ ဓာတ်အား ရရှိရေးအတွက် ၃၃ ကေဗွီ ပျော်ဘွယ်-သဖန်းချောင်းဓာတ်အားလိုင်းမှ 33 KV ဓာတ်အားလိုင်း ၂၁ မိုင် တည်ဆောက်ရပါမည်။ သီးပင်ကျေးရွာအနီး 33/11KV 3 MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းနှင့်  11 KV ဓာတ်အားလိုင်း ဖီဒါသုံးခုအတွက် စုစုပေါင်း ၁၉ မိုင် တည်ဆောက် ပေးရန် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး Corporation ကနေပြီး စီစဉ်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ၃၃ ကေဗွီ သီးပင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ၃၃ ကေဗွီနှင့် ၁၁ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ စက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ရေးရာ ကော်မတီတို့ ပူးပေါင်းပြီး ဘဏ္ဍာ‌ရေးနှစ်အလိုက် ဘတ်ဂျက် ရန်ပုံငွေ လျာထားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် တည်ဆောက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်အား မိမိက ကိုယ်စားရှင်းလင်း ဖြေကြားပါသည်။

ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေကြားချက်အရ ၃၃ ကေဗွီအေ ဓာတ်အားလိုင်း ၂၁ မိုင်နှင့် ဓာတ်အားခွဲရုံကို မန္တလေးတိုင်း ဒေသကြီး၏ စီမံခန့်ခွဲမှုနှင့် မိမိတို့ ဘဏ္ဍာရေးနှစ်အလိုက် လျာထားပေးမည်ဟု ဖြေကြားချက်သည် မိမိနှင့်တကွ ဒေသခံပြည်သူများအတွက် အတော်မရေရာလှသည့်အဖြေဟု ခံစားမိပါကြောင်း၊ ထို့ကြေင့် တိကျရေရာသည့် ဘတ်ဂျက်လျာထားချက်မျိုးကို ပေးနိုင်ခြင်းရှိ/မရှိနှင့် မိမိတို့ အမျိုးသား လျှပ်စစ် စီမံကိန်းလျာထားချက်ဖြစ်သည့် NEP စီမံချက်ဆိုလျှင် ၂၀၁၅ ကတည်းက ယနေ့အထိ မိမိတို့မြို့နယ်တွင် နှစ်မိုင်ပတ်ဝန်းကျင်ကျေးရွာများ မီးမလင်းသေးပါကြောင်း၊ ပစ္စည်းများသာ သက်ဆိုင်ရာဌာနကို ရောက်ရှိပါကြောင်း၊ ကျေးရွာကို မရောက်သေးပါကြောင်း၊ ထို့ကြောင့် မီးမျှော်လင့်နေသည့် ကျေးရွာသူ/သားများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက်ဟု မရေရာသည့် ခုနှစ်သက္ကရာဇ်ကို ပြောနေမည့်အစား ယခု ၂၀၁၈-၁၉ ခုနှစ် ပိုလျှံရန်ပုံငွေက လုပ်ပေးနိုင်ခြင်းရှိ/မရှိ သို့တည်းမဟုတ် ၂၀၁၉-၂၀ ခုနှစ်တွင် လုပ်ပေးနိုင်ခြင်းရှိ/မရှိ တိကျသည့်အဖြေကို ပြန်ကြားပေးနိုင်ရန်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

မေးခွန်းတွင်ပါရှိသည့် လုပ်ငန်းကိစ္စရပ်များကို မန္တလေးတိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ပေးမည် ဖြစ်သည့်အတွက်ကြောင့် အဆိုပါ ဖြေကြားချက်သည် မန္တလေးတိုင်းဒေသကြီး အစိုးရထံက ပြည်ထောင်စု ဝန်ကြီးဌာနထံသို့ ပေးပို့သည့်အဖြေကို မိမိကကိုယ်စားဖြေကြားရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ထပ်ဆင့်မေးခွန်းနှင့် မေးမြန်းသည့် အချက်အလက် များအား တိုင်းဒေသကြီး အစိုးရထံကို စာဖြင့်ပေးပို့ပြီး ထပ်မံမေးမြန်းပြီး ပြန်ကြားချက် ရရှိသည့်စာအား လွှတ်တော်ဥက္ကဋ္ဌကြီးထံသို့ စာဖြင့်ပြန်လည်ပေးပို့ ဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်