Skip to main content

 

ပဲခူးရိုးမပေါ်တွင် အစိုးရ၏သစ်ထုတ်လုပ်ခြင်းကို ၁၀ နှစ် ရပ်ဆိုင်းထားမည်ဟု ဆိုပါကြောင်း၊ ပဲခူးရိုးမကို ကယ်တင်လိုက်ခြင်းကြောင့် အများပြည်သူများက လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ထို့ကြောင့် ပဲခူးရိုးမကြီးသည် နောင် ၁၀ နှစ်ကြာလျှင် စိမ်းလန်းစိုပြည်သော သစ်တောကြီးများဖြင့် ဖုံးလွှမ်းလာလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊ သို့သော် ပဲခူးရိုးမကြီး၏ အရှေ့ဘက်ခြမ်းနှင့် ပဲခူးရိုးမကြီး၏ အနောက်ဘက်ခြမ်းကို ဆက်သွယ်ဖောက်လုပ်ထားသော လမ်းမကြီးများ ရှိပါကြောင်း၊ အဆိုပါလမ်းမကြီး ငါးခုမှာ ပဲခူးတိုင်းဒေသကြီးတွင် (၁) အုတ်ဖို-စိန်ကန့်လန့်လမ်း၊ (၂) ပေါက်ခေါင်း-အုတ်တွင်းလမ်း၊ (၃) မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းကို ဆက်သွယ် ဖောက်လုပ်ထားသည့် ကိုးပင်-သာဂရလမ်း၊ (၄) မကွေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို ဆက်သွယ်ထားသော ချောက်နှင်‌့ ပန်းတင်-နေပြည်တော် လမ်း၊ (၅) မကွေး-ကန်ပြား-ပန်းတင်-နေပြည်တော်လမ်း စုစုပေါင်းလမ်းမကြီး ငါးလမ်းရှိပါကြောင်း၊

၎င်းပဲခူးရိုးမဖြတ် လမ်းကြီးငါးလမ်း၏ လမ်းဘေးဝဲ/ယာများတွင် လမ်းသွယ်၊ လမ်းမြောင်များ ရှိပါကြောင်း၊ အဆိုပါလမ်းသွယ်၊ လမ်းမြောင်လေး များသည် လမ်းမကြီးကို အခြေပြုပြီးမှ ဖြစ်ပေါ်လာသော လမ်းသွယ်၊ လမ်းမြောင်ကြီးများ ဖြစ်ပါကြောင်း၊ ဟိုယခင်က အဆိုပါလမ်းသွယ်၊ လမ်းမြောင်လေးများသည် လှည်းသာမောင်းလို့ရသည့် လမ်းသွယ်ကျဉ်းကျဉ်း လမ်းကြမ်းများ ဖြစ်ခဲ့ပါကြောင်း၊ ယခု လှည်းလမ်းကြီးများသည် အဆင့်မြင့်သွားပြီ ဖြစ်ပါကြောင်း၊

တိုးတက်လာသည့် စက်ယန္တရားများကြောင့် မြန်မာ့သစ်တောများ ပြုန်းတီးလာခြင်း၊ Chain-saw ခေါ် လက်ကိုင်စက်လွှများကို အသုံးပြုထားတာကြောင့် သစ်ပင်ကြီးတစ်ပင်သည် နာရီပိုင်းအတွင်း အစိတ်စိတ်အမွှာမွှာ၊ အစိတ်အစိတ် အပိုင်းပိုင်းဖြစ်သွားနိုင်ပါကြောင်း၊ Chain-saw ခေါ် လက်ကိုင်စက်လွှကြီးများကဲ့သို့ ယနေ့ သစ်တောများကို အန္တရာယ်ပြုနေသော လယ်ထွန်စက် (Dozer) များ ပေါ်လာပြီဖြစ်ပါကြောင်း၊ အဆိုပါလယ်ထွန်စက်များသည် လယ်ကိုထွန်နိုင်သကဲ့သို့ မြေကိုလည်း ညှိနိုင်ပါတယ်။ မြေကိုလည်းပြင်နိုင်ပါကြောင်း၊ ထို့ကြေင့် အဆိုပါ Dozer များကို အသုံးပြုပြီး သစ်ခိုးသမားများသည် သစ်တောထဲကိုဝင်သည့် သစ်ခိုးလမ်းများကို ပြုပြင်ဖောက်လုပ် နေသည်ကို မိမိတို့ တွေ့ရှိရပါကြောင်း၊

သစ်ခိုးသည့်ယာဉ်ကြီးများသည် ယခုကဲ့သို့ နွေရာသီခြောက်သွေ့ကာလတွင် အလွယ်တကူ ဝင်ရောက်နေနိုင်ပါကြောင်း၊ ယခုလို သစ်ခိုးသည့်မြေစား တစ်ကြောင်းထိုး လမ်းများအကြောင်းကို သက်ဆိုင်ရာက မသိကြဘူးလားဟု မေးချင်ပါကြောင်း၊ အဆိုပါလမ်းများသည် ပြည်ထောင်စု ဘတ်ဂျက်က လည်းမဟုတ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ကလည်းမဟုတ်  သစ်ခိုးသည့်လူတစ်စု စုပေါင်းညီညာစွာဖြင့် ဖောက်ထားသော လမ်းများဖြစ်ပါကြောင်း၊ အဆိုပါလမ်းများသည် အလွန်ကောင်းမွန်လှည်ကို တွေ့ရှိရပါကြောင်း၊ မူလတုန်းက လှည်းလမ်းလေးများသာ ဖြစ်ပါကြောင်း၊ ယခုလိုအဆင့်မြင့် ယန္တရားကြီးများဖြင့် သစ်တောထဲက သစ်ခိုးလမ်းများကို မည်ကဲ့သို့ တားဆီးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ပဲခူးရိုးမဖြတ်လမ်းပေါ်ရှိ လမ်းသွယ်လေးများမှတစ်ဆင့် ယခင်သစ်ထုတ်လုပ်သည့် လမ်းဟောင်းများသည် ယခုအခါ ရိုးမတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော တောင်ကွဲကြီးရွာ၊ လေးဒူးရွာ၊ ထိပ်တမ်းရွာ၊ ကြက်လျှာရွာ၊ တံခွန်တိုင်ရွာ အစရှိသည့်ရွာများမှ ဆက်သွယ်အသုံးပြု လျက်ရှိသော လမ်းသွယ်လေးများဖြစ်ပြီး ဝါးထုတ်လုပ်မှုအတွက် အဓိကထားအသုံးပြုလျက် ရှိပါသဖြင့် လမ်းပေါက်များမှ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်မှုမရှိစေရေးအတွက် သပြေဝ (၁-က) ဘိနယ်၊ စိန်ရေ (ဂ) ဘိနယ်၊ စိန်ရေ (ခ) ဘိနယ်၊ စိန်ရေ (က) ဘိနယ်စခန်းများတွင် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင်‌့အတူ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများကို စဉ်ဆက်မပြတ် ဖမ်းဆီးစစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်းအပြင် မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း-ဖဒို-ကျွန်းကုန်းလမ်းပေါ်တွင်လည်း Check Point များ၊ ၂၅ မိုင် သစ်တော စခန်းများ ထားရှိပြီး သစ်တောလုံခြုံရေးရဲများဖြင့် နေ့/ညမပြတ်စစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားချက်များပေးပို့လာပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနပိုင်လမ်းများ ပျက်စီးမှုမဖြစ်ပေါ်စေရန်အတွက် လမ်းနယ်နိမိတ်အတွင်း ဝန်ကြီးဌာနမှ ခွင့်ပြုချက်မရဘဲ တစ်ကြောင်းထိုး မြေသားလမ်းများ ဖောက်လုပ်သွားလာခြင်း၊ လမ်းမကြီး၏ ဝဲ/ယာလမ်းနယ်နိမိတ်အတွင်း၌ လမ်းမကြီးများကို ထိခိုက် ပျက်စီးစေသော လုပ်ငန်းများဆောင်ရွက်လျှင် ကျူးလွန်သူမည်သူမဆို အတည်ပြုရေးဆွဲထားသော လမ်းမကြီးများ ဥပဒေ၊ အခန်း (၅)၊ ပုဒ်မ ၇၊ ၈၊ ၉ တို့ပါ တားမြစ်ချက်များအရ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမင်းသိန်း (တောင်တွင်းကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခု ဝန်ကြီးဖြေသွားသည့်အထဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုသာ ကိုးကားပေါင်းစပ်ဖြေသွား ပါကြောင်း၊ အမှန်တကယ် လမ်းကြီးငါးလမ်းသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နေပြည်တော် ကောင်စီနှင့်ပါ ဆက်စပ်နေပါကြောင်း၊ ချောက်ဘက်ကနေ တောင်တွင်းကြီးမြို့နယ် ပန်းတင်သည် ကျွန်တော်တို့ ဥတ္တရသီရိနေပြည်တော် ကောင်စီလမ်းမတွင် မကွေးကံပျားက ပန်းတင်သည်လည်း ဥတ္တရာသီရိ နေပြည်တော်ကောင်စီနှင့်လည်း ဆက်စပ်နေပါကြောင်း၊ ၎င်းလမ်းကြီးများကို အခြေပြုပြီး တောထဲကို ဝင်သွားသည့်လမ်းများသည် ကျေးရွာချင်းဆက် လမ်းလုံးဝမဟုတ်ပါကြောင်း၊ ယခုဝန်ကြီး ဖြေဆိုရာတွင် လမ်းမကြီးများဥပဒေအရ ထိခိုက်ပျက်စီးမှုနှင့် လမ်းနယ်နိမိတ်အတွင်း မြေသားလမ်း ဖောက်လုပ်ခြင်းကိုသာ ဆိုလိုပါကြောင်း၊ သစ်တောနယ်မြေထဲတွင် ဖောက်ထားသည့်လမ်းကို ဆိုလိုခြင်းဖြစ်ပြီး သစ်ခိုးသည့်လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင်‌့ သက်ဆိုင်ခြင်းရှိ/မရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင်‌့ သက်ဆိုင်ခြင်းရှိ/မရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင်‌့လည်း သက်ဆိုင်ခြင်းရှိ/မရှိ၊ ယခုလိုအငြင်းပွားဖွယ် သူ့တာဝန်လိုလို၊ ကိုယ့်တာဝန်လိုလို ဖြစ်နေမည်ဆိုလျှင် သဘာဝမကျသည့် အတွက်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင်‌့ အစိုးရအဖွဲ့များ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ယခု မူလမေးခွန်းခေါင်းစဉ်က ပဲခူးရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကတ္တရာကားလမ်းမကြီးများ၏ လမ်းဘေးဝဲ/ယာတွင်ရှိသည့် လမ်းများဆိုပြီး မေးသည့်အတွက် အဆိုပါမေးခွန်းကို ဝန်ကြီးဌာနက ဖြေကြားပေးရန် ဖြစ်လာခြင်း ဖြစ်ပါကြောင်း၊ အမှန်တကယ် ကိုယ်စားလှယ်ကြီးရည်ရွယ်သည်မှာ သစ်ခိုးထုတ်ခြင်းများကို ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊ စက်ယန္တရားကြီးများနှင့် တောထဲတွင်သစ်များ ထုတ်နေသည်ဆိုပြီး ၎င်းမေးခွန်းဆိုလျှင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဖြေရမည် ဖြစ်ပါကြောင်း၊ သို့သော်ယခု ကိုယ်စားလှယ်ကြီး အဓိကရည်ရွယ်သည့် သစ်ထုတ်လူက်သည့်ကိစ္စများ ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဆက်စပ်မေးခွန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို ပေးပို့ပြီး ဖြေကြားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း