Skip to main content

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းမှာ စက်မှုဇုန် (၁)၊ (၂)၊ (၃)၊ (၁၄၄)ရွာသာကြီးရပ်ကွက် စက်မှုဇုန်များရှိရာ စက်ရုံအလုပ်ရုံပေါင်းက ၁၀၀၀ ကျော်၊ လုပ်ငန်းငယ်များ၊ ဆိုင်ခန်းများ ပါဝင်ပါက ၂၀၀၀ ခန့်ရှိပါကြောင်း၊ ၎င်းစက်ရုံ၊ အလုပ်ရုံများကြောင့် နိုင်ငံတော်အတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြည်ပသွင်းကုန် လျှော့ချနိုင်ခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) အပါအဝင် ရန်ကုန်တိုင်းတစ်ခုလုံး၏ အလုပ်အကိုင် အခွင့်‌အလမ်းများကိုလည်း များစွာဖြစ်ပေါ် စေခဲ့ပါကြောင်း၊ စက်မှုဇုန်များကို ပြန်လည်လေ့လာ သုံးသပ်မည်ဆိုပါက စက်မှုဇုန်မြေကွက် ချထားပြီးကတည်းက ကိုယ်တိုင်အစဉ်အဆက် လုပ်ကိုင်နေသူများ ရှိသကဲ့သို့ ယခုအချိန်ထိ မည်သည့်‌လုပ်ငန်းကိုမျှ မလုပ်ဘဲ စက်မှုဇုန်မြေကွက် များလည်း ရှိနေသည့်အပြင် ကိုယ်တိုင်မလုပ်ဘဲ စက်မှုဇုန်မြေနေရာရယူပြီး လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များကို အခကြေးငွေဖြင့် ငှားထားသူများ လည်းရှိပါကြောင်း၊ ၎င်းအတွက် မြေနေရာယူထားပြီး လုပ်ငန်းမဆောင်ရွက်သူများ၊ မြေနေရာအငှား ချထားသူများနှင့် ပတ်သက်၍လည်း မည်သို့မျှဝေဖန် အကြံပြုခြင်း မပြုသော်လည်း အမှန်တကယ် စက်မှုလက်မှု လုပ်ငန်း ကိုယ်တိုင်လုပ်ကိုင်နေသော စက်မှုဇုန်မြေနေရာမရှိဘဲ လုပ်ကိုင်နေကြရသဖြင့်‌ ၎င်းလုပ်ငန်းရှင်များကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဥပမာ ရွာသာကြီး စက်မှုဇုန်ဆိုလျှင် စက်ရုံ ၁၆၇ ရုံချထားပေးသော်လည်း အမှန်တကယ်လုပ်သည့် စက်ရုံ ၉၉ ရုံရှိပြီး ဂိုဒေါင်ခြံခတ်၊ လစ်လပ် ၆၈ လုံးဖြစ်နေပါကြောင်း၊ ကိုယ်တိုင်လုပ်ကိုင်သူက မြေငှားခတစ်နေ့တစ်နေ့ ကြီးမြင့်‌လာခြင်း၊ ငှားခတိုးကောက်ခံရခြင်း၊ လုပ်ငန်းပမာဏ တိုးချဲ့ကိုယ်ပိုင်စက်မှုဇုန်မြေ မဟုတ်သဖြင့်‌ မဆောင်ရွက်နိုင်ခြင်းအပြင် ဆက်၍မငှားခြင်းစသည့်‌ အခက်အခဲများ ဖြစ်နေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်‌ ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကြီးကြပ်ကော်မတီများ တွေ့ဆုံပွဲ တွင်လည်းကောင်း၊ ရန်ကုန်စက်မှုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များတွေ့ဆုံပွဲ တွင်လည်းကောင်း၊ ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးခဲ့ကြပါကြောင်း၊ ပထမအဆင့်‌ မြေနေရာ  အစိုးရစက်မှုဇုန် ဈေးနှုန်းဖြင့်‌ ဝယ်ယူလိုပါသဖြင့်‌ စက်မှုဇုန် (၁) မှလုပ်ငန်းရှင်များမှ အကူအညီတောင်းခံပါကြောင်း၊ ဆက်လက်၍လည်း တောင်းခံနေပါကြောင်း၊ ၎င်းစာရင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင်ပြတောင်းခံပေးခဲ့ပါသော်လည်း စက်မှုဇုန်နှင့်‌ကပ်လျက် ဧက ၆၀ ခန့် မြေကွက်ရှိသော်လည်း ယခုအခါ ရန်ကုန်တိုင်းအစိုးရမှ ကုမ္ပဏီတစ်ခုသို့ ချထားပေးခဲ့ကြောင်း သိရှိရပါသည်။ ၎င်းလုပ်ငန်းရှင်များအား အစိုးရ၏သတ်မှတ်သော မြေဈေးနှုန်းဖြင့်‌ စက်ရုံအလုပ်ရုံချထား ပေးမည်ဆိုပါက SME  လုပ်ငန်းများ ပိုမိုတိုးတက်စေမည်‌ဖြစ်ပြီး ဒေသတွင်းအလုပ်အကိုင် အခွင့်‌အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်‌ Transformer Meter ရရှိရေး၊ အမှိုက်သိမ်းသန့်ရှင်းရေး၊ လမ်းခင်းခြင်းအပါအဝင် အမျိုးမျိုးကို ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါသော်လည်း မြေနေရာရရှိရေးက နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးမှသာ ဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ စက်မှုလျှပ်စစ်နှင့်‌ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဆောင်၍ စက်မှုစည်းစိမ်ဇုန် ကြီးကြပ်ရေးကော်မတီကလည်း ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ သို့ပါ၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်ရှိသည့် စက်မှုဇုန်(၁)၊ (၂)၊ (၃)အတွင်းရှိသော စက်မှုလက်မှုလုပ်ငန်း ရှင်များအတွက် စက်ရုံအလုပ်ရုံ မြေနေရာများ ချထား‌ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ၁၉၉၀ ပြည့်‌နှစ် ဒဂုံမြို့သစ် တည်ဆောက်ရေး စီမံကိန်းနှင့်‌ဆက်စပ်၍ ဒဂုံတောင်စက်မှုဇုန်အမှတ် (၁)အကြီးစားနှင့်‌ အလတ်စား စက်မှုမြေကွက်များ၊ ဒဂုံတောင်စက်မှုဇုန်အမှတ် (၂) အသေးစားစက်မှုမြေကွက်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့်‌အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဖော်ထုတ်ခဲ့ပြီး စက်မှုလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်များကို တစ်ဧကလျှင် သိန်း ၉၀ နှုန်း ဖြင့်‌ စတင်ရောင်းချ ပေးခဲ့ပါကြောင်း၊ ဒဂုံတောင်စက်မှုဇုန်အမှတ် (၃) ကို မူလက စီးပွားရေးဇုန်အမည်ဖြင့်‌ စက်မှုလက်မှု ဆိုင်ခန်းများ နေရာချထားပေးခဲ့ပြီး စက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြသဖြင့်‌ စက်မှုမြေကွက်များ ထပ်မံလိုအပ်၍ ၂၀၀၆ ခုနှစ်တွင် ဒဂုံတောင်စက်မှုဇုန် (၃) တိုးချဲ့စက်မှုဇုန်၊ မြေတိုင်းရပ်ကွက် အမှတ် (၁၄၄) ကျန်စစ်သားစက်မှုဇုန်နှင့်‌ ရိုးမရိပ်သာစက်မှုဇုန်၊ ဒဂုံအရှေ့စက်မှုဇုန် တိုးချဲ့အသံ အနံ့အသေးစားစက်မှု မြေကွက်များကို ထပ်မံတိုးချဲ့ဖော်ထုတ်ရောင်းချပေးခဲ့ပါကြောင်း၊

စက်မှုဇုန် (၁)၊ (၂)၊ (၃) မှ လုပ်ငန်းရှင်များကို စက်ရုံ၊ အလုပ်ရုံမြေနေရာရရှိရေးအတွက် အစိုးရ ဈေးနှုန်းဖြင့်‌ ချထားပေးပါရန်နှင့်‌ပတ်သက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စက်မှုလယ်ယာ (Contract Farming) ခွင့်‌ပြုထားသော မြေနေရာများကို Local Industrial Zone အဖြစ် Land Use ပြောင်းလဲသတ်မှတ် အကောင်အထည်ဖော်နိုင်လျှင် အသေးစားနှင့်‌အလတ်စား စက်မှုလုပ်ငန်း များအတွက် မြေကွက်များဖော်ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားရှင်းလင်း ဖြေကြားပါသည်။

ဦးအေးနိုင်[ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်] က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဝန်ကြီး အစိုးရအဖွဲ့ကိုယ်စား လာဖြေသည့်အခါ မိမိတို့က တိုက်ရိုက်မေးရခြင်းမှာ နည်းနည်းခက်ခဲပါကြောင်း၊ သို့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် တိကျသည့်အဖြေ ကိုဆိုလိုခြင်းဖြစ်ပါကြောင်း၊ မည်သည့်အချိန် မြေကွက်များ ထပ်မံဖော်ထုတ်ပြီး မည်ကဲ့သို့ ရောင်းချပေးမည်နည်း ဆိုသည်ကိုလည်း ဖြစ်နိုင်လျှင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုမေးပြီး ပြန်လည်ရှင်းလင်း ဖြေကြားပေးနိုင်ခြင်းရှိ/မရှိ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ကိုယ်စားလှယ်တော်ကြီး၏ ဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ မူလအဖြေမှာက ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဧကထောင်နှင့်ချီပြီး Contract Farming များ ခွင့်ပြုထားခြင်း ရှိခဲ့ပါကြောင်း၊ Contract Farming ဧကထောင်နှင့်ချီပြီးရှိသော်လည်း လက်တွေ့တွင် အောင်မြင်သည့် လယ်ယာမဟုတ်သဖြင့် စက်မှုဇုန်ပြောင်းရန်ဆိုပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ဖော်ထုတ်မည့် အစီအစဉ်က Contract Farming များကို စက်မှုဇုန်ပြောင်းလဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သည့်အချိန်တွင် ဖော်ထုတ်မည်နည်းဆိုသည့်ကိစ္စက ယခုသူတို့ကြိုးစား နေကြပါကြောင်း၊ အကယ်၍ အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းပြီး ပြန်လည်ရှင်းလင်း ဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း