Skip to main content

 

၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို ၈-၅-၁၉၆၀ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ပြဋ္ဌာန်းခဲ့သည့်ကာလက ၅၈ နှစ်ရှိပြီး နှစ်ကြိမ်ခန့် ပြင်ဆင်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ မူလရည်ရွယ်ချက်က မြို့ပြများရှိ ဥပစာများကို အချုပ်အချယ်မရှိ ငှားရမ်းရန်နှင့် ငှားရမ်းခအဆမတန် တောင်းခြင်းကို ပိတ်ပင်ရန်ဖြစ်ပါကြောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေသည် အိမ်ငှားများကို အကာအကွယ်ပေးရန် အဓိကပြဋ္ဌာန်း ထားသော ဥပဒေဖြစ်ပြီး ပုဒ်မ ၁၂ က အိမ်ရှင်က အိမ်ငှားကို ဖယ်ရှားပေးရန် ပြဋ္ဌာန်းချက်များ ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေက အိမ်ရှင်က အိမ်ငှားကို အိမ်ငှားခပေးရန် ပျက်ကွက်လျှင် အငှားချထားမှု ပဋိဉာဉ်ကို ချိုးဖောက်လျှင်၊ အနီးအနားတွင်နေထိုင်သည့် သူများကို စိတ်အငြိုအငြင်ပေးလျှင်၊ ဥပစာကို ညစ်ညမ်းသောကိစ္စ သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သည့် ကိစ္စများအတွက် အသုံးပြုလျှင်ပြုန်းတီးမှု၊ ပေါ့လျော့မှု၊ ပျက်ကွက်မှုကြောင့် ဥပစာအခြေအနေ ဆိုးရွားစေလျှင်၊ ဥပစာကို အဆောက်အဦဆောက်ရန် သို့မဟုတ် ပြန်လည်ဆောက်လုပ်ရန် အိမ်ငှားပြောင်းရွှေ့ပြီး တစ်နှစ်အတွင်း အပြီးဆောက်လုပ်၍ အိမ်ငှားခပြန်လည်အငှားချထားရန် ခံဝန်ချုပ်ဖြင့် ဖယ်ရှားစေချင်လျှင်၊ ဥပစာပိုင်ရှင်က မိမိကိုယ်တိုင်နေထိုင်ရန် ဖယ်ရှားစေချင်လျှင်၊ အိမ်ရှင်က အိမ်ငှားကို ဖယ်ရှားနိုင်သည်ဆိုသည့် အချက်ခုနစ်ချက်ကို တွေ့ရှိရပါကြောင်း၊  သို့သော်လည်း ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ ပဋိဉာဉ်ဥပဒေ၊ ရန်ကုန်မြို့တော် တရားရုံးများအက်ဥပဒေ ပါ အချက်ခုနစ်ချက်အရ အိမ်ငှားကို နှင်ထုတ်ပိုင်ခွင့်ရှိပါကြောင်း၊ အဆိုပါဥပဒေသည် အိမ်ငှားအား အကာအကွယ်ပေးထားပြီး အိမ်ငှားအား နှင်ထုတ်ရန်ခက်ခဲခြင်း၊ အမှုအနိုင်ရရှိရန် ခက်ခဲခြင်း၊ အမှုအချိန်ကြာမြင့်ခြင်း၊ အိမ်ငှားအား တစ်ဖက်သတ် ကာကွယ်ပေးထားသည့်  ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပါ အိမ်ရှင်၊ အိမ်ငှားအတွက် တရားမျှတမှု မရှိကြောင်းကို တွေ့ရှိရပါသည်။ နောက်တစ်ချက်အနေဖြင့် နေအိမ်ဥပစာလွတ်ပါက အိမ်ရှင်က အိမ်ငှားငှားရမ်းခကို ကြီးကြပ်ရေးဝန်ထံ လျှောက်ထားရမည်ဆိုသော်လည်း လျှောက်ထားခြင်းမရှိပါကြောင်း၊ စံငှားရမ်းခ သတ်မှတ်ရန်ဆိုသော်လည်း လျှောက်ထားခြင်းမရှိပါကြောင်း၊ ငှားရမ်းခတိုးမြှင့်တောင်းခံလိုပါက ငှားရမ်းခကြီးကြပ်ရေးဝန်ထံ လျှောက်ထားရမည်ဆိုသော်လည်း လျှောက်ထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါဥပဒေသည် ဘက်လိုက်ရေးဆွဲထားသော ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး ဥပဒေသည် ပြောင်းလဲနေသည့်ခေတ်နှင့် မညီသည့်အတွက် အိမ်ရှင်/အိမ်ငှား နှစ်ဦးနှစ်ဖက် မျှတသော မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး ဥပဒေအဖြစ် ပြင်ဆင်ပေးရန် သို့မဟုတ် အသစ်ရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ဒုတိယကမ္ဘာစစ်အပြီး အိမ်ရာရှားပါးမှုကြောင့် အိမ်လခအဆမတန် တိုးမြင့်လာခြင်းကို ကာကွယ်ရန်အတွက် ၁၉၄၈ ခုနှစ်တွင် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေကို ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနက ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်တော် ဝန်ကြီးဌာနက ရေးဆွဲပြဋ္ဌာန်းပြီး ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနက အဆိုပါဥပဒေကို ကိုင်စွဲခဲ့ပါကြောင်း၊ ကိုင်စွဲပြီး အရေးယူဆောင်ရွက်ခဲ့ခြင်းများ ၁၉၅၂ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အထိ လေးနှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၅၂ ခုနှစ်တွင် ငှားရမ်းခကြီးကြပ်ရေး ဝန်၏တာဝန်ဝတ္တရားများကို ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေး ဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေဆိုပြီး အသစ်ရေးဆွဲခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနမှ ဥပဒေအသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လိုအပ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းနှင့် ငှားရမ်းခ ကြီးကြပ်ရေးဝန်များ ခန့်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၇၂ ခုနှစ်အထိ ပြည်ထဲရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများကိုသာ ခန့်ထားတာဝန်ပေးခဲ့သည့်အပြင် လစာနှင့်စရိတ်ငွေများကိုလည်း ၎င်းဝန်ကြီးဌာနက ကျခံခဲ့ပါကြောင်း၊

အဆိုပါ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် တရားစီရင်ရေးသဘော လုပ်ဆောင်သည့် လုပ်ဆောင်ချက်ဖြစ်သည့် (Quasi- Judicial Function) အရ ဆောင်ရွက်ရခြင်းကြောင့် ငှားရမ်းခ ကြီးကြပ်ရေးဝန်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်းများသည် တရားဥပဒေများနှင့် အကျွမ်းဝင်သူဖြစ်ရန် လိုအပ်သည့်အတွက်ကြောင့် နယ်ပိုင်များ၊ မြို့ပိုင်များနှင့် တရားမတရားသူကြီးများနှင့် အခွန်ဝန်များကို ငှားရမ်းခကြီးကြပ်ရေးဝန်၏ တာဝန်များကို ပေးအပ်ခဲ့ပါကြောင်း၊ ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးအပြောင်းအလဲကြောင့် ငှားရမ်းခကြီးကြပ်ရေးဝန်၏ တာဝန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြန်လည်လွှဲပေးခဲ့ပြီး ၁၉၇၆ ခုနှစ်အထိ အိုးအိမ်ဦးစီးဌာနကနေပြီး တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၇၆ ခုနှစ်တွင် မြို့နယ်ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ကနေ ပြန်လည်ပြီး လွှဲ‌ပြောင်းတာဝန်ယူခဲ့ပါကြောင်း၊ ၁၉၇၆ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့က တာဝန်ယူခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းပြီးသည့်နောက်ပိုင်း ၁၉၈၉ ခုနှစ်ကစပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးများကို ငှားရမ်းခကြီးကြပ်ရေးဝန်၏ တာဝန်ကိုအပ်နှင်းခဲ့ပြီး ယနေ့ထိတိုင် ကျင့်သုံး ဆောင်ရွက်လျက် ရှိပါကြောင်း၊

၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေအား ခေတ်နှင့်လျော်ညီသော ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ယခင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိပြီး ယခုအချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက် ပြောင်းလဲထားသည့် အထွေထွေအုပ်ချုပ်ဦးစီးဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိသည့်နေရာတွင် ဥပဒေပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများနှင့် သက်ဆိုင်သည့်ကိစ္စများအားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း