Skip to main content

 

နေပြည်တော်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ဒေသခံတောင်သူများထံမှ ရွာမြေ၊ လယ်ယာမြေနှင်‌့ အခြားမြေအမြောက်အမြားကို တပ်မတော်အစိုးရက သိမ်းဆည်းခဲ့ပါကြောင်း၊ ရွာမြေသိမ်းဆည်းခံရသော ပြည်သူများအတွက် ရပ်ကွက်အသစ်များ ဖော်ထုတ်၍ ပြန်လည်နေရာ ချထားပေးခဲ့ပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံခဲ့ရသည့် အချို့တောင်သူများလည်း မြေယာထောက်ပံ့ကြေးအပြင် မြို့မြေကွက်များ ရရှိခဲ့ကြပါကြောင်း၊ တောင်သူအများစုတွင် ဦးပိုင် ပေါက်လယ်အတွက် တစ်ဧကသုံးသိန်းခွဲနှုန်း၊ ယာအတွက်တစ်ဧက နှစ်သိန်းခွဲနှုန်းဖြင့် သစ်တော ကျူးလယ်အတွက် တစ်ဧကနှစ်သိန်းနှုန်း၊ ယာအတွက်တစ်သိန်းနှုန်း မြေယာထောက်ပံ့ကြေးသာ ရရှိခဲ့ကြပါကြောင်း၊ နေပြည်တော်ရှိ သိမ်းဆည်းခံမြေများသည် မြို့မြေများအဖြစ် သတ်မှတ်ပြီး ဖြစ်နေသောကြောင့် တောင်သူများအား ပြန်လည်စွန့်လွှတ်ရန် အခက်အခဲများ ရှိနေပါကြောင်း၊ သိမ်းဆည်းခံ တောင်သူများအတွက် နစ်နာမှုမရှိစေရန် နည်းလမ်းသစ်များဖြင့်ဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ နေပြည်တော်မြို့သစ် စီမံကိန်းကြီးတွင် ကုမ္ပဏီကြီးများ၊ တပ်မတော်သားများနှင့် ဝန်ထမ်းများအတွက် မြို့မြေကွက်အမြောက်အမြားကို ခွဲဝေချထား ပေးခဲ့ပါကြောင်း၊ ပြည်သူများဝယ်ယူရန် မြေကွက်တန်ဖိုး ကျပ်သိန်းနှစ်ဆယ်၊ သုံးဆယ်သတ်မှတ် ရောင်းချခဲ့သော်လည်း ရိုးသားသည့် ပြည်သူများဝယ်ယူရန် မြေကွက်မရှိခဲ့ပါကြောင်း၊ ကျေးလက်နေ ပြည်သူများအတွက် စိုက်ပျိုးမြေ နည်းပါးလာခြင်းကြောင့် ရွာမြေများမချဲ့နိုင်ခြင်း၊ တိုးပွားလာသည့် လူဦးရေတို့ကြောင့် ဒေသခံပြည်သူများအတွက် အိမ်ရာမြေကွက်များ လိုအပ်လျက်ရှိနေပါကြောင်း၊ သိမ်းဆည်းခံ တောင်သူများက ယခုအခါ ထောက်ပံ့ကြေးရရှိမှု နည်းပါးခဲ့ခြင်းကြောင့် ထပ်မံရရှိ လိုမှုများတင်ပြနေကြပြီး အကောင်အထည်မဖော်သော မြေများအတွင်း ကျူးကျော်ထွန်ယက် စိုက်ပျိုးမှုများလည်း ရှိနေပါကြောင်း၊ အချို့မြေဝယ်ခွင့် ရရှိသူများနှင့် တောင်သူများအကြား တရားစွဲဆို ရင်ဆိုင်နေရမှုများလည်း ရှိနေပြီး လယ်ယာမြေထောက်ပံ့ကြေး နည်းပါးစွာရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာ မြေကွက်များ ဖော်ထုတ်ရောင်းချပေးပါက ဒေသခံပြည်သူများအတွက် အိမ်ရာမြေကွက် လိုအပ်ချက်နှင့် အခြားပြဿနာများ ပြေလည်လျော့ပါးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းကို သက်ဆိုင်ရာသို့ မေးမြန်းရခြင်းဖြစ်ပြီး လယ်ယာမြေထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာမြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နေပြည်တော်ကိုမြို့တော်အဖြစ် စတင်တည်ဆောက်ချိန်က တည်ဆောက်ရေးဧရိယာနှင့် ကင်းလွတ်မှု မရှိသော ကျေးရွာများမှ အိမ်ထောင်စုများကို အဆောက်အဦ လျော်ကြေးများ၊ ပြောင်းရွှေ့စရိတ် ပေးလျော်မှုများဖြင့် မြို့ကွက်သစ်၊ ရပ်ကွက်သစ်များ ဖော်ထုတ်ပြီး ပြောင်းရွှေ့နေရာ ချထားပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် နေပြည်တော်တည်ဆောက်ရေး စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေးများကိုလည်း တွက်ချက်ပြီး ပေးခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း လယ်ယာမြေ ဥပဒေ ၂၀၁၂ ခုနှစ် မထုတ်ပြန်မီကာလက ဦးပိုင်ပေါက်လယ်မြေ တစ်ဧကအတွက် သုံးသိန်း ငါးသောင်းနှုန်း၊ ဦးပိုင်ပေါက် ယာမြေတစ်ဧကအတွက် နှစ်သိန်းငါးသောင်းနှုန်းဖြင့် ပေးလျော်ခဲ့ပြီး ဖြစ်ပါသည်။ လယ်ယာမြေဥပဒေ ၂၀၁၂ ခုနှစ် ထုတ်ပြန်ပြီး နောက်ပိုင်း သက်ဆိုင်ရာမြေယာနှင့် သီးနှံလျော်ကြေး တွက်ချက်ပေးရေးအဖွဲ့များနှင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တို့၏ အဆိုပါ ဥပဒေနှင့်အညီ တွက်ချက်ပေးသည့်အတိုင်း ပေးလျော်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းကြောင့် မူလနေထိုင်ရာ ကျေးရွာများမှ မြို့ကွက်သစ်၊ ရပ်ကွက်သစ်များသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ဖြစ်သော်လည်း ၎င်းကာလ၏ နောက်ပိုင်းတွင် အိမ်ထောင်ကျပြီး အိမ်ခွဲသူများ လယ်ယာမြေသိမ်းဆည်း ခံရမှုကြောင့် မိသားစုနေထိုင်ရေး အခက်အခဲရှိသော အိမ်ထောင်စုများ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် တင်ပြခြင်းများကိုစိစစ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အိမ်ရာစီမံကိန်းများ၊ မြေကွက်စီမံကိန်းများ ဖော်ဆောင်ချိန်တွင် ဆောင်ရွက်ပေးနိုင်ရန်အတွက် မှတ်တမ်းတင် ထားရှိပါကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြေကွက်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိပါကြောင်းနှင့် အမှန်တကယ်နေထိုင်မည့် မိသားစုများ၊ အမှန်တကယ်နစ်နာပြီး အခက်အခဲရှိသော မိသားစုများကို ဦးစားပေးနေရာ ချထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း