Skip to main content

 

လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စုနှင့် သင်္ကန်းကြီးကျေးရွာအုပ်စုတွင်ရှိသော သာပေါင်း စက္ကူစက်ရုံမှ သိမ်းဆည်းထားသော သင်္ကန်းလေးဆားကွင်းအား ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်အပ်နှံခဲ့ရာ မူလပိုင်ရှင်လယ်သမားများက မိမိတို့ လယ်ယာမြေများကို တရားဝင်ပုံစံ(၇)နှင့်အညီရရှိအောင် သက်ဆိုင်ရာမှ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်‌မေးခွန်း

လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စုနှင့် သင်္ကန်းကြီးကျေးရွာ အုပ်စုတွင်ရှိသော စက်မှုလက်မှု ဝန်ကြီးဌာနအောက်ရှိ သာပေါင်းစက္ကူစက်ရုံမှ တာဝန်ယူလုပ်ကိုင်ခဲ့သော သင်္ကန်းလေးဆားကွင်းအား သားပေါင်းစက်ရုံ၏ တာဝန်ရှိသူများက ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် ၎င်းတို့သိမ်းဆည်းခဲ့သော ဆားပင်များအား လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပြန်လည်စွန့်လွှတ် အပ်နှံခဲ့ပါကြောင်း၊ ထို့ကြောင့် စွန့်လွှတ်မြေများအား ကျေးရွာလယ်စစ်များ၊ မြို့နယ်လယ်စစ်များနှင့် ခရိုင်လယ်စစ်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များက အကြိမ်ကြိမ်စိစစ်ပြီး မူလတောင်သူဖြစ်သူ ၁၈ ဦးနှင့် တစ်နိုင်တစ်ပိုင်ဆားလုပ်ငန်း လုပ်ကိုင်သူ ၅ ဦးအား စုစုပေါင်း ၂၃ ဦး ကို စိစစ်တွေ့ရှိခဲ့ပါကြောင်း၊ တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်များကိုလည်း တိုင်းဒေသကြီးအဆင့်ဆင့်၊ လယ်ယာမြေနှင့် အခြားမြေများ၊ အသိမ်းဆည်းခံရသူများ ပြန်လည် စိစစ်ရေးကော်မတီသို့ တင်ပြခဲ့ပါကြောင်း၊

နယ်မြေသို့လည်း မိမိနှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စာရင်းစစ်ဦးစီးမှူးတို့ ကွင်းဆင်းလေ့လာခဲ့ကြပါကြောင်း၊ တရားဥပဒေအရ အသိမ်းဆည်းခံရသော လယ်မြေများကို တရားဝင်ပိုင်ဆိုင်ခွင့်ရရှိရန် စက်မှုဝန်ကြီးဌာနမှ ဦးဆောင်၍ သာပေါင်းစက္ကူစက်ရုံမှူးနှင့် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးများမှ တရားဝင်ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့် လုပ်ကိုင်ဆောင်ရွက်ပေးမှသာ တရားဝင်ပိုင်ဆိုင်မှု ရရှိမည်ဖြစ်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စုနှင့် သင်္ကန်းကြီးကျေးရွာအုပ်စုအတွင်းရှိ မြေများဖြစ်ပြီး ဆားလုပ်ငန်း ကော်ပိုရေးရှင်း အမည်ဖြင့် လယ်ယာမြေများကို ဆားချက်မြေအဖြစ် အသုံးပြုနိုင်ရန် ယခင်ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကော်စီကနေ ၁၉၈၃-၈၄ ခုနှစ်တွင် မြေဧရိယာ ၉၂၈.၉၄ ဧကကို လ/န (၃၉) ခွင့်ပြုမိန့်ပေးခဲ့သည့် မြေများဖြစ်ပါကြောင်း၊  မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းမှ ဆားကွင်းများအဖြစ် ဖော်ထုတ်လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါမြေကို ၂၀၀၈-၀၉ ခုနှစ် ဆားရာသီတွင် အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) ကို လွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် ၂၀၁၂-၁၃ ခုနှစ်အချိန်အထိ အဆင့်‌မြင့်‌စက္ကူစက်ရုံ (သာပေါင်း) မှ ဆက်လက် တာဝန်ယူ လုပ်ကိုင်ခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် အဆိုပါ ဆားကွင်းမြေများကို အဆင့်‌မြင့်‌ စက္ကူစက်ရုံ (သာပေါင်း) မှ ဆားထုတ်လုပ်ခြင်း မပြုနိုင်သည့်အတွက် ပြန်လည်အပ်နှံခွင့်‌ ပြုနိုင်ရန် တင်ပြခဲ့သည့်အတွက်ကြောင့် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၉-၁၂-၂၀၁၅ ရက်နေ့တွင်  လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီကို ပြန်လည်စွန့်လွှတ် အပ်နှံခဲ့ကြောင်း စိစစ်သိရှိရပါသည်။

အဆင့်‌မြင့်‌စက္ကူစက်ရုံ (သာပေါင်း) မှ ပြန်လည်စွန့်လွှတ်အပ်နှံခဲ့သည့် မြေများသည် ဆားလယ်မြေ အဖြစ် လ/န(၃၉) ကျပြီးဖြစ်သည့်အတွက် မူလတောင်သူများကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ (၇) ပေးအပ်နိုင်ခြင်း မရှိသည့်အပေါ် တောင်သူများ နစ်နာမှုမရှိစေရန် ကျေးရွာအုပ်စု၊ မြို့နယ်နှင့်‌ ခရိုင်လယ်ယာမြေနှင့်‌ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်‌ဆင့်‌မှ စိစစ်ထောက်ခံ တင်ပြခဲ့ပါကြောင်း၊ ၎င်းအပေါ် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်‌ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ ၂၈-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ မူလတောင်သူ ၂၃ ဦး၊ ဦးပိုင် ၂၆ ခု၊ ဧရိယာ ၁၇၆.၇၂ ဧကကို ၁၈-၁၀-၂၀၁၈ ရက်နေ့တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ယာယီလုပ်ကိုင် ခွင့်‌ပြုလက်မှတ် ပုံစံများကို ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊

မူလလက်ငုတ် တောင်သူများကို  လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု ပုံစံလက်မှတ် (၇) ထုတ်ပေးနိုင်ရန်အတွက် ဆားလယ်မြေအဖြစ် လ/န(၃၉) ခွင့်ပြုမိန့် ရရှိထားသည့် မြေများကို  ပယ်ဖျက်ခွင့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်တင်ပြဆောင်ရွက် လျက်ရှိသည့် အခြေအနေတွင် လက်ရှိအနေအထားအရ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း သိရှိရပါသည်။

၁၉၈၃ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကောင်စီက ဆားလယ်မြေအဖြစ် လ/န(၃၉) ခွင့်ပြုထားသည့် မြေများကိုခွင့်ပြုမိန့် ပယ်ဖျက်ပေးရန် ကိစ္စအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအမံဖြင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်ကို တင်ပြဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လ/န(၃၉) ပယ်ဖျက်ခွင့်အမိန့် ရရှိပါက မူလလက်ငုတ် တောင်သူများထံသို့ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) များ ထုတ်ပေးနိုင်ရေးကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်