Skip to main content

 

ယူဝရပ်ကွက် မူလတန်းကျောင်းကို ၂၀၀၂-၀၃ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၂-၁၃ ခုနှစ်တွင် Sanction ကျောင်းလည်းရခဲ့ပါကြောင်း၊ ယခုလက်ရှိ ကျောင်းဆောင်ကို ၂၀၁၄-၁၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာ/မ (၇) ဦး နှင့် ကျောင်းသား/သူ ၁၀၀ ဦးရှိကြောင်း၊ ကျောင်းအကျယ်အ၀န်းမှာ နှစ်ဧကဝန်းကျင်ခန့်ရှိပြီး ကျောင်းဖွင့်လှစ်ခါစတွင် ကျောင်းနှင့်ချောင်း၏ ကြားတွင် အကွာအဝေး ပေ ၅၀၀ ခန့် ရှိပါကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် ချောင်းရေ တိုက်စားမှုကြောင့် ပေ ၃၀၀ ခန့်အထိ ရောက်လာနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိဘပြည်သူများက ဤကျောင်းဆောင်ကြီးအား ရေတိုက်မစားသွားရန်အတွက် အချိန်မီကာကွယ်မှု ပြုနိုင်အောင် တင်ပြလျက် ရှိပါကြောင်း၊ ချောင်းရေတိုက်စားမှုကို ကာကွယ်မှုမလုပ်လျှင် စာသင်ကျောင်းအတွက်သာမက ပညာသင်ယူ နေသော ကျောင်းသား/သူများအတွက်ပါ အလွန်အန္တရာယ် များလာနိုင်ပါကြောင်း၊ ကမ်းထိန်းနံရံ တည်ဆောက်နိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းဆရာ၊ ကျောင်းကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးအရာရှိတို့နှင့် မြေပြင်ကွင်းဆင်း တိုင်းတာခဲ့ကြောင်း၊ ကွင်းဆင်း တိုင်းတာချက်အရ ဆောင်ရွက်ရမည့် အလျားမှာ ကျောင်းဝန်းဧရိယာဆိုလျှင် ပေ ၃၅၀ ရှိပါကြောင်း၊ သို့သော်လည်း စုစုပေါင်း ရေကာတာတည်ဆောက်ရန်၊ ကမ်းထိန်းနံရံ တည်ဆောက်ရန် လိုအပ်ချက်မှာ တိုင်းတာချက်အရ ပေပေါင်းအလျားပေ ၉၅၀ ရှိပြီး အမြင့်ပေ အားဖြင့် ၁၅ ပေ ရှိပါကြောင်း၊ ထို့ကြောင့် ယူဝရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းဝန်းကို သိုင်ယောင်းချောင်း ရေတိုက်စားလာမှုမှ ကာကွယ်နိုင်ရန်အတွက် ကမ်းထိန်းနံရံ တည်ဆောက် ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခွဲ ဖွင့်လှစ်ထားခြင်းမရှိ၍ မိုးဆက်တိုက်ရွာသွန်းသည့်အခါ ချောင်းရေမြင့်တက်ပြီး ကမ်းပါးပြိုကျမှုများ ဖြစ်လေ့ရှိသော နန်းယွန်းမြို့နယ်၊ ယူဝရပ်ကွက် မူလတန်းကျောင်းဝန်း ဧရိယာရှိ သိုင်ယောင်း ချောင်းသို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဒေသ (၆)၊ စစ်ကိုင်းတိုင်း ဒေသကြီးရုံးမှ အသေးစိတ်ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊  နန်းယွန်းမြို့၊ သိုင်ယောင်း ချောင်းကမ်းပြို ကာကွယ်ရေး လုပ်ငန်းအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေစာရင်းတွင် ကျပ်သန်း ၃၀၀ ထည့်သွင်း တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး