Skip to main content

 

ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်သွားသော မြေယာများအတွက် မြေယာ လျော်ကြေးပေးအပ်ရန် သို့မဟုတ် ရထားလမ်းအဖြစ် ဆက်လက်အသုံးမပြုသည့် ထိုမြေယာများကို မူလလက်ရှိထားလုပ်ကိုင်ခဲ့သည့်‌ တောင်သူလယ်သမားများလက်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့်‌ စပ်လျဉ်းသည့်မေးခွန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ရထားပို့ဆောင် ရေးဌာနက ၂၁-၁၂-၂၀၀၈ ရက်နေ့မှစ၍ လမ်းအူကြောင်း တိုင်းတာခြင်းနှင့်‌ တာပေါင်မြေကြီး လုပ်ငန်းများကို ပြုလုပ်ခဲ့ကြောင်း၊ အစပထမတွင် ထားဝယ်-သရက်ချောင်း မိုင် ၂၀ အကွာအဝေးရှိ သံလမ်းခင်း လုပ်ငန်းပြီးစီးပြီး ၄-၆-၂၀၁၁ ရက်နေ့မှစ၍ ရထားပြေးဆွဲခဲ့ကြောင်း၊ ထိုသို့ ထားဝယ်-သရက်ချောင်း ခရီးစဉ်ပြေးဆွဲရာမှ ၂၉-၁၂-၂၀၁၁ ရက်နေ့မှစပြီး ခရီးစဉ်ကိုရပ်နားခဲ့ကြောင်း၊ ထို့အပြင် ထားဝယ်-ဇလွန် ဘူတာမှ ထားဝယ်ဆိပ်ကမ်းဘူတာထိ ယခင်က ရထားလမ်းပြေးဆွဲ ခဲ့သော်လည်း ၁၅-၅-၂၀၁၅ ရက်နေ့မှစ၍ ခရီးစဉ်ရပ်နားခဲ့ကြောင်း၊ ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းတွင် အကွာအဝေးအားဖြင့်‌ ၁၃၂ မိုင်ခန့်ရှိပြီး ထားဝယ်မြို့နယ်မှ လယ်မြေ ၁၅၁.၀၅ ဧက၊ သရက်ချောင်းမြို့ နယ်မှလယ်မြေ ၁၇၀.၉၉ ဧကနှင့်‌ ဥယျာဉ်ခြံမြေ ၃.၂၈ ဧကအပြင် ရေနုတ်မြောင်းတူးဖော်ရာတွင် ကျောက်မော်နှင့် ကူးတို့ကွင်းတို့မှ လယ်ဧရိယာ ၈၉.၃၃ ဧကပါဝင်သွားသည်ဟု သိရှိရကြောင်း၊ ထို့အပြင် သမုတ်-ဘုတ်ခြံလမ်းပိုင်း ပဆွပ်မှရော်ဘာခြံ ၉၈.၇၆ ဧက၊ သမုတ်မှလယ်မြေ ၀.၅၉ ဧက၊ ဥယျာဉ်ခြံမြေ ၂.၁၄ ဧက၊ ရော်ဘာခြံ ၃၄.၈၁ ဧက စုစုပေါင်း ၁၃၆.၄၀ ဧက ပါဝင်သွားကြောင်း၊ ထို့ကြောင့်‌ ယခင်က ရထားပြေးဆွဲခဲ့ပြီး ယခုအခါ ရပ်နားထားသည့်‌ လမ်းပိုင်းဖြစ်သော ထားဝယ်-သရက်ချောင်းလမ်းပိုင်းနှင့်‌ သံလမ်းလုံးဝ တပ်ဆင်ခြင်းမရှိသေးဘဲ မြေရန်လုပ်ငန်းသာပြီးစီးသည့်‌ သရက်ချောင်း-သမုတ်-ဘုတ်ခြံ-မြိတ်လမ်းပိုင်းတွင် အသုံးပြုရန် ပါဝင်သွားသော မြေယာများအတွက် မြေယာလျော်ကြေးပေးရန် သို့မဟုတ် ဆက်လက်အသုံးမပြုပါက ထိုမြေယာများကို မူလလက်ရှိထား လုပ်ကိုင်အကျိုးခံစား ခဲ့သူ တောင်လယ်သမားလက်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ယခင်ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့်‌ ခရီးမိုင် ၁၃၂.၅ မိုင်ခန့် ရှည်လျားသည့် ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ထားဝယ်ဘက်ခြမ်းတွင် ထားဝယ်-သရက်ချောင်း လမ်းပိုင်း ၉.၃၁ မိုင်ကို ၄.၆.၂၀၁၁ ရက်နေ့တွင် ဖွင့်‌လှစ်ပြီးရထားများ ပြေးဆွဲခဲ့ပါကြောင်း၊ သရက်ချောင်း-ပုလောလမ်းပိုင်းတွင် သရက်ချောင်းဘက်မှစ၍ ရထားလမ်းတာပေါင်အရှည် သုံးမိုင်ခန့် မြေကြီးလုပ်ငန်းများ စတင်ဆောင်ရွက် ထားရှိပြီး မြိတ်ဘက်အခြမ်းတွင် သမုတ်မှစ၍ မြေကြီးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ရာတွင် သမုတ်-ဘုတ်ခြံ-ပုလော အပိုင်းမှ ရထားလမ်း တာပေါင်အရှည် ၁၀ မိုင်ခန့် မြေကြီးလုပ်ငန်းဆောင်ရွက် ထားရှိခဲ့ပါကြောင်း၊ ဖွင့်‌လှစ်ပြီးလမ်းပိုင်း ဖြစ်သည့် ထားဝယ်-သရက်ချောင်းလမ်းပိုင်းတွင် ရထားပြေးဆွဲခဲ့ရာ နေ့စဉ်ရထားခရီးစဉ် အသွား/အပြန်အတွက် စုစုပေါင်း စက်သုံးဆီကြေးတစ်ခုတည်းပင် ကျပ် ၇၀၀၀၀ ခန့် ကုန်ကျပြီး တစ်ရက်ပျမ်းမျှဝင်ငွေမှာ ကျပ် ၇၀၀၀ ကျော်သာရှိသဖြင့်‌ ကုန်ကျစရိတ်နှင့်‌ ရရှိသောဝင်ငွေမှာ မျှတမှုမရှိ၍ စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့်‌ ၁၆-၅-၂၀၁၆ ရက်နေ့မှစ၍ ယခုအချိန်အထိ ရထားပြေးဆွဲမှုကို ရပ်နားထားခဲ့ရပါကြောင်း၊ မြန်မာ့မီးရထားအနေဖြင့်‌ ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းတွင် ပါဝင်သွားသည့် မြေယာများကို ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်မှ မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာမြို့နယ် မြေစာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစိတ် ကွင်းဆင်းတိုင်းတာ ထားမှုများအရ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း ထားဝယ်မြို့နယ်မှ ၁၅၁ ဧက၊ သရက်ချောင်းမြို့နယ်မှ လယ်မြေ ၁၇၄.၉၉ ဧကနှင့်‌ဥယျာဉ်ခြံမြေ ၃.၂၈ ဧကနှင့်‌ ရေနုတ်မြောင်း တူးဖော်ခြင်းအတွက် လယ်မြေ ၈၉.၃၃ ဧက စုစုပေါင်း ၄၁၈.၆၅ ဧကတို့ ပါဝင်ကြောင်းကို စိစစ်တွေ့ရှိ ခဲ့ရကြောင်း၊

ဖောက်လုပ်ပြီးဖြစ်သည့် ထားဝယ်-သရက်ချောင်း လမ်းပိုင်းနှင့်‌ ဖောက်လုပ်ဆဲဖြစ်သည့် သရက်ချောင်း-ပုလော လမ်းပိုင်းရှိ တာပေါင်အရှည် သုံးမိုင်ခန့်တွင်ရှိသည့် ရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော မြေများကို မြန်မာ့မီးရထားအနေဖြင့်‌ သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးများ ပေးချေထားခြင်း မရှိသေးကြောင်း၊ မြိတ်ဘက်ခြမ်းရှိ ဖောက်လုပ်ဆဲ ဖြစ်သော သမုတ်-ဘုတ်ခြံ-ပုလောလမ်းပိုင်း ရထားလမ်းတာပေါင်အရှည် ၁၀ မိုင်ခန့် ဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် လယ်ယာမြေ ၀.၅၉ ဧက၊ ရော်ဘာစိုက်ခင်း ၃၄.၈၁ ဧက၊ ကွမ်းသီးပင် ၂.၂၄ ဧက စုစုပေါင်း ၃၇.၆၄ ဧကအတွက် သီးနှံလျော်ကြေးနှင့်‌ (၂၅ ပေ x ၁၅ ပေ) အကျယ်ရှိသည့် မျောတိုင်၊ ထရံကာ၊ ဓနိမိုးလူနေအိမ်နှစ်လုံး ပြောင်းရွှေ့ရခြင်းအတွက် လျော်ကြေးငွေအပါအဝင် စုစုပေါင်းလျော်ကြေးငွေကျပ် ၂၉၈.၉၈ သန်းကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ပေး‌ချေထားပြီးဖြစ်သော်လည်း မြေယာလျော်ကြေးများကို ပေးချေခဲ့ရခြင်း မရှိသေးကြောင်း၊ ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင် တံတား ၆၅ စင်း တည်ဆောက်ပြီးဖြစ်ခြင်း၊ ထားဝယ်နှင့်‌ ထားဝယ်ဆိပ်ကမ်းသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ရထားလမ်းသည် ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင်ပါဝင်နေခြင်း၊ ဖွင့်‌လှစ်ပြီး ရထားလမ်းပိုင်းဖြစ်ခြင်းတို့ကြောင့်‌ နောင်တွင်လိုအပ်လာပါက ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သဖြင့်‌ ထားဝယ်-သရက်ချောင်းလမ်းပိုင်းအထိ ဖောက်လုပ်ရာတွင် ပါဝင်သွားသော မြေများအတွက် မြေယာလျော်ကြေး ပေးချေခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ကိုယ်စားလှယ်ကြီး တင်ပြသွားသည့် သမုတ်-ဘုတ်ခြံရထားလမ်းပိုင်းတွင် ပဆွပ်မှရော်ဘာ ၉၈.၇ ဧက၊ သမုတ်မှလယ်မြေ ၀.၅၉ ဧက၊ ဥယျာဉ်ခြံမြေ ၂.၁၄ ဧကနှင့်‌ ရော်ဘာ ၃၄.၈၁ ဧက စုစုပေါင်း ၁၃၆.၂၄ ဧကကို ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် မြေပြင်ကွင်းဆင်းတိုင်းတာပြီးဖြစ်သဖြင့်‌ ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက်မည် ဆိုပါက တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်‌ မြေယာလျော်ကြေး ကိစ္စများကို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်‌အညီ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာ့မီးရထားအနေဖြင့် ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် မရှိသဖြင့်‌ သရက်ချောင်း-ပုလောအပိုင်းရှိ မြေသားလုပ်ငန်း ဆောင်ရွက်ဆဲ သုံးမိုင်နှင့်‌ သမုတ်-ဘုတ်ခြံ-ပုလောအပိုင်းရှိ မြေသားလုပ်ငန်း ဆောင်ရွက်ဆဲ ၁၀ မိုင်တို့အပါအဝင် သရက်ချောင်း-သမုတ်လမ်းပိုင်းကို လက်ရှိ အနေအထားအတိုင်း မူလပိုင်ရှင်များထံပြန်လည် ပေးအပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပို့ဆောင်ရေးနှင့်‌ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး