Skip to main content

ရှမ်းပြည်နယ်၊ လွိုင်လင်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားမိဘ ပြည်သူများနှင့် တွေ့ဆုံပြီး တိုင်းရင်းသား မိဘပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခြင်း၊ လိုအပ်သည့်‌ ကိစ္စရပ်များကို ပြည်သူ့လွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလည်း တိုင်းရင်းသားမိဘ ပြည်သူများ၏ လိုအပ်သည့် ကျန်းမာရေး ကိစ္စရပ်များကို တင်ပြလာပါသဖြင့် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အထွေထွေရောဂါကု ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေကြသည့်‌ မိဘပြည်သူများမှာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သော လူနာများမှ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ ပြောင်းရွှေ့လစ်လပ် သွားပါသဖြင့် ခွဲစိတ်ရန်လိုအပ်သော လူနာများကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ သွားရောက် ခွဲစိတ်ကုသမှုကို ခံယူနေရပါသဖြင့်‌ လူနာများမှာ အခက်အခဲနှင့် ကြုံတွေ့နေရပါသောကြောင့်‌ မေ့ဆေး ဆရာဝန်ကြီးများ အလျင်အမြန်ခန့်အပ်၊ တာဝန်ပေးအပ်ပါရန်နှင့်‌ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြပေးပါရန် အကြောင်းကြား လာပါကြောင်း၊ ထပ်မံတင်ပြသည်မှာ လွိုင်လင်မြို့အထွေထွေ ရောဂါကုခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမများအတွက် ဝန်ထမ်းအိမ်ရာများလည်း လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အထွေ‌ထွေရောဂါကုခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် မေးဆေးအထူးကု ဆရာဝန်ကြီးများ အလျင်အမြန်ခန့်အပ်၊ တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်‌ အချိန်တွင် ခန့်အပ်၊ တာဝန်ပေးမည်နည်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အထွေထွေ ရောဂါကုခုတင် ၂၀၀ ဆံ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်‌ သူနာပြုဆရာမများ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးမည့်‌ အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်‌အချိန်တွင် ဆောင်ရွက် ပေးမည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ကျန်းမာရေးနှင့်‌ အားကစားဝန်ကြီးဌာနအနေဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံကြီးသို့ အထူးကု မေ့ဆေး ဆရာဝန်တစ်ဦးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ၂၇-၁၂-၂၀၁၈ ရက်နေ့စာအမှတ်၊ ၃ မက (က) ၂၀၁၈ ၂-၂၂၁ ဖြင့် ခန့်အပ်ထားပြီး ဖြစ်ပါကြောင်း၊ ဇန်နဝါရီလ ၁၄ ရက် နေ့ကစပြီး လွိုင်လင်ပြည်သူ့ ဆေးရုံတွင် စတင်ပြီးတာဝန် ထမ်းဆောင်လျက် ရှိပါကြောင်း၊ သူနာပြုများအနေဖြင့် လွိုင်လင်အထွေထွေ ရောဂါကုခုတင် ၂၀၀ ဆံ့ဆေးရုံတွင် ယခုအခါ လေးခန်းတွဲသုံးထပ် ဝန်ထမ်း အိမ်ရာတစ်လုံးကို စီမံကိန်းတန်ဖိုး ကျပ်သန်း ၃၀၀ ဖြင့်‌ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေစရိတ်ဖြင့်‌ဆောင်ရွက်ရန် ခွင့်‌ပြုထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် အဆိုပါလွိုင်လင် ဆေးရုံကြီး၏ မြေနေရာအ‌ခြေအနေ၊ သူနာပြုဆရာမများ ဝန်ထမ်းလိုအပ်မှု အခြေအနေအရ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းဦးရေ ၆၄ ဦး နေထိုင်သော လေးခန်းတွဲလေးထပ် အပျိုဆောင် အဆောက် အဦ ထပ်မံတည်ဆောက်ရန်လည်း မိမိတို့ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လွိုင်လင်ဆေးရုံ ကြီးသည် ကုတင် ၂၀၀ ဆံ့ ဖြစ်သည့်အတွက် ဝန်ထမ်းအင်အား စုစုပေါင်း ၅၉၄ ဦး ရှိပါကြောင်း၊ လောလောဆယ် မိမိတို့ ၁၉၈ ဦး ခန့်ထားနိုင်ခြင်း ဖြစ်ပါကြောင်း၊ အိမ်လိုသည့် ဝန်ထမ်းက ၁၀၆ ဦး ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စကိုလည်း မိမိတို့သိသည့်အတွက်ထပ်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင်လည်း တင်ပြမည်ဖြစ်ပါကြောင်း၊ ယခုတင်ပြသည့်အတိုင်း မိမိတို့အနေဖြင့် ယခုအစိုးရ တက်လာသည့်အခါ ဝန်ထမ်းအခန်းပေါင်း ၆၁၂၁ ခန်း ပြီးသွားပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမပါသေးပါကြောင်း၊ ကုသရေးဦးစီးဌာန ဖြစ်ပါကြောင်း၊ ယခု အဆိုပါ ဘတ်ဂျက်တွင် ဆောက်နေသည့် အခန်းပေါင်း ၇၁၀၁ ခန်း ပြီးစီးမည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စများ အားလုံးပြီးလျှင် တော်တော်လေး ဖူလုံမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး လာမည့်‌နှစ်တွင် ဝန်ထမ်းအိမ်ရာများလုပ်ပြီး ဝန်ထမ်းအိမ်ရာ အတွက် ပိုက်ဆံပိုချမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးအတွက် ၁၆၀.၈၂၅ ဘီလီယံ ပေးပါကြောင်း၊ ဝန်ထမ်းအိမ်ရာအတွက် သက်သက်ဖယ်ထားပါကြောင်း၊ ဆေးရုံအဆောက်အဦနှင့် အားကစားကွင်းကိုလည်း ၁၁၅ ဘီလီယံခန့် ဖယ်ထားပါကြောင်း၊ လာမည့်‌နှစ်တွင်လည်း ယခုထက် မနည်းသော ပမာဏကိုဝန်ထမ်း အိမ်ရာအတွက် ဆောက်ရန်တင်ပြထားပါကြောင်း၊ အဆိုပါ နေရာတွင် မေ့ဆေးဆရာဝန်များ ဆိုတာက မေ့ဆေး Post Graduates ရပါကြောင်း၊ MSc, NSc ရသော်ငြားလည်း ချက်ချင်းပို့၍ မရပါကြောင်း၊ လာမည့်‌နှစ်တွင် အများကြီးပိုခေါ်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့်‌ မေ့ဆေး၊ ခွဲစိတ်များနှင့် (radiology) ဓာတ်မှန်များ လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများနှင့် ယခုဆွေးနွေးနေပါကြောင်း၊ လာမည့်နှစ်တွင် များစွာခေါ်ပါမည် သို့မှသာလျှင် ယခုကဲ့သို့လစ်လပ်သည့် ဆရာဝန်များ မိမိတို့ ဖြည့်‌ဆည်းနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး