Skip to main content

 

ကူတောင်တိုက်နယ်အတွင်းရှိ မိုးစဲကျွန်းသည် ရခိုင်ပြည်နယ်တွင်ရှိသည့် အကြီးဆုံးကျွန်းများအနက် တစ်ကျွန်းအပါအဝင် ဖြစ်ပါကြောင်း၊ ကူတောင်တိုက်နယ်တွင် ကျေးရွာပေါင်း ၂၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၃၀၀၀၀ ကျော် နေထိုင်လျက် ရှိကြပါကြောင်း၊ မိုးစဲကျွန်းမှစစ်တွေကို သွားသော တွီတေးမြစ် ပါတလိတ်အကျယ်ဆိုလျှင် အကျယ် ၁ မိုင်ခွဲခန့် ရှိပါကြောင်း၊ နောက် ကူတောင်တိုက်နယ်မှ ပါတလိတ်ဆိပ်ကမ်းအထိ ကိုးမိုင် အကွာအဝေး ရှိပါကြောင်း၊ အဆိုပါ ဆိပ်ကမ်းကနေပြီး စစ်တွေဆေးရုံကြီးကို သွားမည်ဆိုပါက အကျယ် ၁ မိုင်ခွဲခန့်ရှိသည့် တွီတေးမြစ်ကို စက်တပ်လှေများဖြင့် စစ်တွေဘက်ဆိပ်ကမ်းကို ဖြတ်ကူးသွားလာရပါကြောင်း၊ စစ်တွေပါတလိတ် ဆိပ်ကမ်းမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ၁၂ မိုင်အကွာအဝေးရှိပါကြောင်း၊ ထိုမှတစ်ဆင်‌့ ကားများဖြင့် သွားလာရပါကြောင်း၊ အသွားအပြန် လိုင်းဆွဲနေသော စက်တပ်လှေများက နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ပြေးဆွဲပါကြောင်း၊ ကျန်သည့်အချိန်များတွင် ဈေးကြီးပေးပြီး စက်တပ်လှေများကို ငှားစီးရလေ့ရှိပါကြောင်း၊

ကူတောင်တိုက်နယ်မှ ရသေ့တောင်ဆေးရုံကို သွားမည်ဆိုလျှင် ငနန်းပြားချောင်းကို ဖြတ်ရပါကြောင်း၊ ကူတောင်ကျေးရွာမှ ငနန်းပြားဆိပ်ကမ်းကို နှစ်မိုင်ခန့်သွားရပါကြောင်း၊ ငနန်းပြားချောင်းမှ တစ်ဖက် ဆိပ်ကမ်းကို ရောက်သည့်အခါ ကား၊ ဆိုင်ကယ်များဖြင့် သုံးမိုင်ခရီးရှိသည့် ရသေ့တောင်ချောင်းကို တစ်ဖန်ထပ်မံပြီး ဖြတ်ကူးရပါကြောင်း၊ ရသေ့တောင်ချောင်းမှ ရသေ့တောင်မြို့ကို ရောက်ရှိရန် အတွက်ဆိုလျှင် ချောင်းတစ်ခုကို ထပ်မံပြီးဖြတ်ရပါကြောင်းပြီးမှ ရသေ့တောင်ဆေးရုံကို ရောက်ရှိမည် ဖြစ်ပါကြောင်း၊ ယခုကူတောင်တိုက်နယ် ဆေးရုံဆိုလျှင် ၈-၆-၂၀၁၆ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့သည့်အတွက် ဒေသခံပြည်သူ ၃၀၀၀၀ ကျော်၏ ကျန်းမာရေးစိတ်အေးရပြီဟု ယုံကြည်မျှော်လင်‌့ ခဲ့ကြရပါကြောင်း၊ ၎င်းကျေးရွာ ၂၄ ရွာကို ကိုယ်စားပြုပြီး လူဦးရေ ၃၀၀၀၀ ကျော် အမီပြုနေသည့် ကူတောင်တိုက်နယ် ဆေးရုံအတွက် ကျန်းမာရေးစောင်‌့ရှောက်ကုသမှု ပြည့်စုံစေရန် လစ်လပ်လျက် ရှိနေသည့် ဝန်ထမ်းနေရာများကို အမြန်ဆုံးအစားထိုးခန့်အပ် ပေးစေလိုပါကြောင်း၊ အဆိုပါ တိုက်နယ်ဆေးရုံတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာဝန်ဆိုလျှင် MSC ဘွဲ့လွန် တက်ရောက်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွေ့သွားပါကြောင်း၊ ထပ်မံ၍ ဆရာဝန်တစ်ဦးကို ယာယီတာဝန်ချထားပေးစေပြီး ၁ ရက်၊ ၂ ရက် အတွင်း ရောက်ရှိတာဝန် ထမ်းဆောင် ကြောင်းကိုလည်း သိရှိရပါသည်။ ထို့ကြောင့် အမြဲတာဝန် ထမ်းဆောင်နိုင်မည့် ဆရာဝန် တစ်ဦးကိုလည်း ခန့်ထားပေးစေလိုပါကြောင်း၊ သွားလာရေးခက်ခဲပြီး ကျန်းမားရေးစောင်‌့ရှောက်မှု အလှမ်းဝေးနေသော ပြည်သူများ၏ဘဝနှင့် မြေပြင်အခြေအနေကို လက်တွေ့မြင်စေရန် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကိုလည်း မိမိတို့မြို့နယ်ကို အလည်တစ်ခေါက် လာလည်ရန် ဖိတ်ခေါ်ချင် ပါကြောင်း၊ ထို့ကြောင့် ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေရသည့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ရသေ့တောင် မိုးစဲကျွန်းကူတောင် တိုက်နယ်ဆေးရုံအတွက် တိုက်နယ်ဆရာဝန်တစ်ဦးကို ၂၀၁၉ ခုနှစ် ဧပြီလတွင် ခန့်ထားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝင်လာသော အသစ် ၁၀၀၀ နှင့် ၁၀၀၀ ပတ်ဝန်းကျင် ဆရာဝန်များက ဝင်လိုက်လျှင် ဆေးရုံကြီးများက Experience ရှိသည့် တစ်ယောက်ကို ခန့်ထားမည်ဖြစ်ပါကြောင်း၊ မိမိတွင် တိုက်နယ်ဆေးရုံပေါင်း ၇၄၅  ရုံတွင် အကုန်လုံး မခန့်နိုင်ပါကြောင်း၊ ၂၀၀ ကျော်၊ ၂၅၀ ခန့်က လစ်လပ်လျက် ရှိသေးပါကြောင်း၊ နောက်တစ်ချက်က လောလောဆယ် Stocked Matching အနေဖြင့် သံတွဲပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးကို ၁၄-၁-၂၀၁၉ ရက်နေ့ကပြီး ခေတ္တတာဝန် ချထားပြီး ဖြစ်ပါကြောင်း၊ ဆရာဝန်အသစ် မရောက်ခင် ဆရာဝန်လုံးဝ ပြတ်လပ်မှုမရှိအောင် ပြည်နယ်ဦးစီးမှူးကိုလည်း မိမိမှအကြောင်းကြားမည် ဖြစ်ပါကြောင်း၊ ကူတောင်တိုက်နယ် ဆေးရုံတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း လက်ရှိအထက်တန်းသူနာပြု ခွင်‌့ပြုနှုန်းမှာ တစ်ဦး ခန့်ထားပါကြောင်း၊ သူနာပြုခွင့်ပြုနောက်ထပ် လေးဦးမှာ တစ်ဦးခန့်ထားပါကြောင်း၊ ၂၁ ရက်နေ့က ထပ်မံပြီး တစ်ဦးခန့်လိုက်ပြီ ဖြစ်ပါကြောင်း၊ မိမိတို့သူနာပြုများကို ယခုလတွင် သုံးနှစ်သားဖွားသူနာပြု သင်တန်းအောင်သည့်သူ ၁၆၃၃ ဦး ခန့်ထားပါကြောင်း၊ BNSC ရရှိသူ ၃၉၅ ဦး ခန့်ပါကြောင်း၊ အားလုံး ၂၀၀၀ ကျော်ကို တိုင်းဒေသကြီးနှင်‌့ ပြည်နယ်အကုန်လုံးကို ခွဲဝေပေးရပါကြောင်း၊ ခွဲဝေပေးသည့် အခါတွင် ရခိုင်ပြည်နယ်အနေဖြင့် ၅၃ ယောက်ရရှိပါကြောင်း၊ ၅၃ ယောက်ကိုလည်း ယခု ၂၁ ရက်နေ့က ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံးတွင်လုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ တစ်ယောက်ကို မိုးစဲကူတောင်ဆေးရုံကို ပို့လိုက်ခြင်းဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် ရလျှင်လည်း ရသလို ခန့်အပ်ထားမည် ဖြစ်ပါကြောင်း၊ နောက် နေ့စားဝန်ထမ်းအနေဖြင့် ၉-၁၁-၂၀၁၈ ရက်နေ့ စာအမှတ်အရ နေ့စားဝန်ထမ်းတစ်ဦးလည်း ခန့်ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် မကွေးတိုင်းတွင် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ မှ စပြီး ကြီးကြပ်-၁ ကို သင်တန်းများ ပေးပါကြောင်း၊ သင်တန်းပေးသည့်အခါ အားလုံးသည် ၁၀၀ တက်ပါကြောင်း၊ အဆိုပါ ၁၀၀ ထဲမှ ယခုသင်တန်းက ပြီးသွားပြီ ဖြစ်သည့်အတွက် မကြာခင် ပြန်ချသည့် အခါတွင်လည်း ရခိုင်ပြည်နယ်ကို PHS-1 များကို ပို့ပေးပါမည်။ ဖြစ်နိုင်လျှင် ဒီမှာလည်း ရရင်ရမည်၊ မိမိအနေဖြင့် အတိအကျ မပြောလိုသော်ငြားလည်း ရခိုင်ပြည်နယ်အတွက် အများကြီးရမည် ဖြစ်ပါကြောင်း၊ PHS-1 ဆိုတာ ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင်‌့-၁ ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်၏ ခက်ခဲသည့် ဒေသအခြေအနေများကိုလည်း သိရှိသည့်အတွက် ဦးစားပေးပြီး ရှေ့ဆက်စဉ်းစားမည် ဖြစ်သည့်အပြင် တစ်ပြည်လုံးအတိုင်းအတာ အနေဖြင့် မေးထားပြီးဖြစ်ပါကြောင်း၊ ခွင်‌့ပြုခန့်ထားပေးရာတွင် အရေးကြီးသည့် ကူတောင်ဆေးရုံများနှင့် အရမ်းသွားလာရေး ခက်ခဲသည့် နေရာများကို အမြန်ဆုံး စတင်လုပ်ဆောင်ပေးနေပြီ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး