Skip to main content

 

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က သင်္ဂဟဟိုတယ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့အကြား ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ အစည်းအဝေးတွင် သဘောတူညီချက်(၈)ချက် ချမှတ်ခဲ့ပြီး၊ အချက်(င)တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာပိုင်နက်နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးအကြားနေထိုင်သူများဟု ဖော်ပြ ထားပါသဖြင့် နှစ်နိုင်ငံနယ်နိမိတ်ဟု သုံးနှုန်း သင့်ပါသော်လည်း နိုင်ငံတကာနယ်နိမိတ်ဟု မည်သည့်အတွက် ကြောင့်သုံးစွဲခဲ့ရသည်၊ အကယ်၍ မှားယွင်းသုံးနှုန်းခဲ့သည်ဆိုပါက ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

၁၀-၈-၂၀၁၈ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေးတွင် သဘောတူညီချက် (၈) ချက်ချမှတ်ခဲ့ပြီး အချက် (င) တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်တွင် နေထိုင်လျက်ရှိသူများ၊ အထူးသဖြင့် နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာပိုင်နက်နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးကြား နေထိုင်သူများလို့ ဖော်ပြထားသည်ကို သတင်းစာတွင် ဖတ်ရှုရပါကြောင်း၊ နယ်နိမိတ်ကိစ္စရပ်များသည် Delicate ဖြစ်သကဲ့သို့ Sensitivity များစွာ မြင့်မားပါကြောင်း၊ မှားယွင်းသုံးစွဲသည့် စကားလုံးအသုံးအနှုန်းတစ်ခု၏ အဓိပ္ပာယ်ကြောင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်သည်ဆိုသည်ကို အစိုးရက Zero Line၊ No Man Land စသဖြင့် သုံးစွဲခဲ့သဖြင့် လွှတ်တော်တွင် မိမိမေးခွန်းမေးမြန်းခဲ့သည်ကို မှတ်မိကြအုံးမည် ဖြစ်ပါကြောင်း၊ ထိုအချိန်က ပြန်ကြားရေးဒုတိယဝန်ကြီး လာရောက်ဖြေကြားပြီး မှားယွင်းသုံးစွဲခဲ့ကြောင်း၊ နောင်ဆင်ခြင်ပါမည်ဟု ပြောကြားသွားပါကြောင်း၊ ယခုတစ်ခါ နှစ်နိုင်ငံ သဘောတူညီချက်တွင် မလိုလားအပ်သည့် နိုင်ငံတကာနယ်နိမိတ်တွင် နေထိုင်သူများဆိုသည့် အသုံးအနှုန်းသည် တိုင်းပြည်အတွက်အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ မြန်မာနှင့် ပါကစ္စတန်အကြား နယ်နိမိတ်စာချုပ်ကို ၂၈-၄-၁၉၆၆ ရက်နေ့က ရန်ကုန်တွင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ထိုအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရယ်လို့ မဖြစ်ပေါ်သေးပါကြောင်း၊ နယ်နိမိတ်စာချုပ်ကို Protocol Between The Government of the Union of Burma and The Government of the Islamic Republic of  Pakistan on the Demarcation of the Fix Boundary Between the two Countries in the Naaf River ဟု ဆိုပါကြောင်း၊ တဖန် Supplementary Protocol ကိုလည်း ရန်ကုန်တွင် ၁၇-၁၂-၁၉၈၀ ရက်နေ့က လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ အဆိုပါ Protocol နှစ်ခုလုံးတွင် International Boundary ဟု သုံးနှုန်းထားခြင်း တစ်ခုမှ မတွေ့ရှိရပါကြောင်း၊ တဖန် ၁၉-၁၂-၁၉၈၀ ရက်နေ့ ဒက္ကာတွင် နယ်နိမိတ်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါကြောင်း၊ အင်္ဂလိပ်၊ မြန်မာစာချုပ်နှစ်ခုလုံးကို မိမိမှဖတ်ရှုလေ့လာပြီး ဖြစ်ပါကြောင်း၊ Agreement Between The Government of the Socialist Republic of Union  of Burma and The Government of the People’s Republic of Bangladesh  on  Border Agreement and Cooperation ဟု ဆိုပါကြောင်း၊ အဆိုပါ စာချုပ်တွင်လည်း  Common Border မြန်မာလို နှစ်နိုင်ငံနယ်ကြားဟု မိမိတို့အတိအလင်းဖော်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံနယ်ကြားဆိုလျှင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှင့် သက်ဆိုင်သည့်နယ်နိမိတ်ဟု အဓိပ္ပာယ်ထွက်ပြီး နိုင်ငံတကာနယ်နိမိတ်ဆိုလျှင် နိုင်ငံများနှင့် သက်ဆိုင်သည့်နယ်နိမိတ်ဟု အဓိပ္ပာယ်ရပါကြောင်း၊ နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် ကိစ္စကို နိုင်ငံတကာနှင့် သက်ဆိုင်နေအောင် သွတ်သွင်းပြီးမှ သဘောတူညီချက် ထုတ်ပြန်သည်ကို လုံးဝ ကန့်ကွက်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် နယ်နိမိတ်ကို မည်သည့်အတွက်ကြောင့် နိုင်ငံတကာနယ်နိမိတ်ဟု သုံးနှုန်းခဲ့သည်ကို ရှင်းလင်းဖြေကြားပေးပါရန်နှင့် အကယ်၍ မှားယွင်း သုံးစွဲခဲ့လျှင်လည်း နိုင်ငံတကာနယ်နိမိတ်အစား နှစ်နိုင်ငံနယ်နိမိတ်ဟု ပြန်လည်ပြင်ဆင် ပေးရန်အတွက် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

မိမိတို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်ဟူသော အသုံးအနှုန်းသည် မှားယွင်းသုံးစွဲခဲ့ခြင်း လုံးဝမဟုတ်ပါကြောင်း၊ စာရွက်စာတမ်းအထောက်အထားများနှင့် ရှင်းလင်းတင်ပြမည် ဖြစ်သည့်အတွက် မည်သည့်အတွက်ကြောင့် မှန်ကန်မှုရှိလဲဆိုသည်ကို သေချာရှင်းလင်း မည်ဖြစ်ပါကြောင်း၊

မိမိတို့ နယ်နိမိတ်တွင် ပြည်တွင်းနယ်နိမိတ် (Internal Boundary) နှင့် International Boundary ဟုခေါ်သည့် နိုင်ငံတကာနယ်နိမိတ်ဆိုပြီး နှစ်မျိုးနှစ်စားရှိပါကြောင်း၊ ၎င်းတို့ထဲတွင် ပြည်တွင်း နယ်နိမိတ်ဆိုသည်မှာ အားလုံးသိပြီးသားဖြစ်သည့်အတိုင်း နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတွင်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးနှစ်ခုကို ခွဲခြားသတ်မှတ်သည့်မျဉ်းကို ပြည်တွင်းနယ်နိမိတ်ဟု ခေါ်ဆိုကြပါကြောင်း၊ နိုင်ငံတကာနယ်နိမိတ် ဆိုသည်က နိုင်ငံတစ်နိုင်ငံထက်ပိုသည့် နိုင်ငံနှစ်နိုင်ငံကို ခွဲခြား/ပိုင်းခြား သတ်မှတ်သည့် ကိစ္စကို နိုင်ငံတကာနယ်နိမိတ်ဟု နိုင်ငံတကာတွင်သုံးစွဲသည့် မှန်ကန်သော အသုံးအနှုန်းဖြစ်ပါကြောင်း၊ မြန်မာနှင့်ပါကစ္စတန်သည် ၁၉၆၆ ခုနှစ်က ချုပ်ဆိုခဲ့သည့် နတ်မြစ်ပုံသေနယ်နိမိတ် သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ် ၁ တွင် ယခုစာချုပ်သည် နတ်မြစ်အပိုင်း နိုင်ငံတကာနယ်နိမိတ်ကို သတ်မှတ်သည်ဟု ဖော်ပြထားသည့်အခါ နိုင်ငံတကာနယ်နိမိတ် အသုံးအနှုန်းကို အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားပါကြောင်း၊ The Present Agreement deals with the International Boundary only in the Naaf River Section Stretching from the mouth of the Naaf River northward to the mouth of the machhkajia at its Junction with the Changai Chaung အဆိုပါစာချုပ်၏ အပိုင်း (၁) ကို ကြည့်လိုက်လျှင် အင်္ဂလိပ်လိုမူရင်းတွင် International Boundary (နိုင်ငံတကာနယ်နိမိတ်) ဟု မှန်ကန်စွာ သုံးစွဲထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ခုနက ကျွန်တော်ဖော်ပြခဲ့သည့် မြန်မာနှင့်ပါကစ္စတန် ထိုစဉ်က ပါကစ္စတန်ဖြစ်ပါကြောင်း၊ ၁၉၇၁ ခုနှစ် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် ဖြစ်လာခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုစာချုပ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၉၉၈ ခုနှစ် နတ်မြစ်မြောက်ဘက် ကုန်းနယ်နိမိတ်အပိုဒ် ၅ အပိုဒ်ခွဲ (၁) တွင်လည်း နိုင်ငံတကာနယ်နိမိတ်သည် Changai Chaung ၏ ရေလယ်ကြောအတိုင်း သွားသည်ဟုဖော်ပြထားရာတွင် နိုင်ငံတကာနယ်နိမိတ်ဟူ၍ အသုံးအနှုန်းကို တိကျစွာထည့်သွင်း သုံးနှုန်းထားခြင်းကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ အင်္ဂလိပ်လိုရေးထားသည့် အပိုင်းတွင် အချိန်ကိုငဲ့ညှာသောအားဖြင့် နောက်ပိုင်းအပိုင်းကို ဖတ်ပါမည်။ The International Boundary  အဝါရောင်ဖြင့် ပြထားပါကြောင်း၊ The International Boundary follows the mid-channel of Changai Chaung  to a point where the old Arakan Road crosses Changai Chaung and where the double pillars of Boundary Point No. 31 are Located. အဲဒီတော့ ဒါလည်း စာချုပ်မူရင်းကို ပြန်လည်ကူးယူထားခြင်းဖြစ်ပါကြောင်း၊ အဲဒီမှာလည်း အလားတူ နိုင်ငံတကာနယ်နိမိတ်ဟု International Boundary လို့ သုံးစွဲထားသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ဒါကတော့ ခုနက ကျွန်တော်ဖတ်ပြခဲ့တဲ့စာချုပ်ဖြစ်ပါကြောင်း၊ ၁၉၉၈ ခုနှစ်က နတ်မြစ်မြောက် ကုန်းပိုင်းနယ်နိမိတ်စာချုပ်၏ မူရင်းကို ဓာတ်ပုံရိုက်ပြီး တင်ပြထားခြင်းဖြစ်ပါကြောင်း၊ Underline လုပ်ပြထားသည့် ပထမဦးဆုံးစာပိုဒ်သည် Chapter 5 ရည်ညွှန်းပြောဆိုခဲ့သောအပိုင်း ဖြစ်ပါကြောင်း၊ အဲဒီမှာလည်း International Boundary ဟု သုံးစွဲထားသည်ကို တွေ့ရှိရပါကြောင်း၊

ထို့အတူ မြန်မာနှင့်ပါကစ္စတန် ချုပ်ဆိုခဲ့သောစာချုပ်ကို ပြောထားပြီး နောက်တစ်ခုက မြန်မာနှင့် ပါကစ္စတန် တင်မကဘဲ မြန်မာနှင့်အိန္ဒိယ ဘယ်လိုချုပ်ခဲ့လဲဆိုလျှင် ကျွန်တော် ပြန်လည်ရည်ညွှန်း တင်ပြမည်ဖြစ်ပါကြောင်း၊ ၈-၅-၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအပိုဒ် ၆ တွင် လည်း အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်း၏ တစ်ဖက်တစ်ချက် ၁၀ မီတာတွင် မည်သည့် အဆောက်အဦမျှ ဆောက်လုပ်ခြင်း မပြုရ၊ No Construction of any Structure Shall be made within 10 meters on each side of the International Boundary Line. ၎င်းတွင်လည်း International Boundary (နိုင်ငံတကာနယ်နိမိတ်) ဟု သုံးနှုန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ International Boundary တစ်ခါတစ်ခါ မြန်မာလိုပြန်သည့်အခါ နိုင်ငံတကာနယ်နိမိတ် သုံးသည့်အခါမျိုးရှိသလို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်သုံးခြင်းများလည်း ရှိပါကြောင်း၊ ဘာသာပြန်သည့်အချိန်တွင် သုံးစွဲတာပေါ် မူတည်ပြီး ကွဲလွဲမှုများရှိလျှင် ဖြစ်ပါကြောင်း၊ ဒီမှာက ဘယ်စာချုပ်မှာဖြစ်ဖြစ် အင်္ဂလိပ်လို နှစ်နိုင်ငံကြား နယ်နိမိတ်ကို ရည်ညွှန်းသည့်အခါ International Boundary ဟု သုံးစွဲခြင်း မှန်ကန်ကြောင်းကို ၎င်းစာချုပ်ထဲကနေ ထောက်ပြနေခြင်း ဖြစ်ပါကြောင်း၊

မြန်မာနှင့်အိန္ဒိယ ချုပ်ဆိုခဲ့သည့် စာချုပ်မူရင်းကို ဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ Underline လုပ်ပြထားသည့် အပိုင်းသည် ခုနက မိမိရည်ညွှန်းဖတ်ပြသွားသော International Boundary ဟု အသုံးအနှုန်းပါဝင်သည့် စာပိုဒ်ဖြစ်ပါကြောင်း၊ မြန်မာနှင့်အိမ်နီးချင်း နိုင်ငံများအကြား ချုပ်ဆိုထားရှိသည့် နယ်နိမိတ်စာချုပ်များ အားလုံးတွင် နှစ်နိုင်ငံအကြား နယ်နိမိတ်ကို နိုင်ငံတကာ နယ်နိမိတ်ဟု သုံးနှုန်းထားသည်ကို တွေ့ရှိရသကဲ့သို့ အခြားနိုင်ငံများတွင်လည်း သက်ဆိုင်ရာ နှစ်နိုင်ငံအကြားစာချုပ်များ လေ့လာကြည့်ရှုသည့်အခါ ၎င်းတို့နှစ်နိုင်ငံအကြား သတ်မှတ်ထားသော နယ်နိမိတ်များကို နိုင်ငံတကာနယ်နိမိတ် (International Boundary) အဖြစ်သာ ရည်ညွှန်း သုံးနှုန်းလျက် ရှိကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ်ကို ရည်ညွှန်းပြောဆိုခဲ့ရာတွင် နိုင်ငံတကာနယ်နိမိတ်ဟူ၍ သုံးနှုန်းခဲ့ခြင်းမှာ မှားယွင်းခြင်းမရှိဘဲ နိုင်ငံတကာကျင့်ထုံးအရ မှန်ကန်တိကျသည့် အသုံးအနှုန်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမောင်မြင့် (မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အဆိုပါ နေရာတွင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရပ်တည်ချက် ယူရခြင်းရှိပါကြောင်း၊ မိမိ ယခုကိုင်ထားသည်မှာလည်း ဒီစာချုပ်များဖြစ်ပါကြောင်း၊ ထိုစာချုပ်များတွင် အင်္ဂလိပ်လို မိမိဖတ်ပြပါမည်။ The Government of the Socialist Republic of the Union of Burma and Government of the people Republic of the Bangladesh for the purpose of Maintaining and Promoting peace and Co-operation along their common border and of amicably resolving such Problems as may arise between the two countries in the common border areas ကို မြန်မာပြန်ထားရာမှာလည်း ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတအစိုးရတို့သည် နှစ်နိုင်ငံနယ်ကြား တစ်လျှောက်တွင် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန်နှင့် တိုးတက်စေရန်အတွက် လည်းကောင်း၊ နှစ်နိုင်ငံနယ်ကြား ဒေသများတွင် ဖြစ်ပေါ်စေသည့် ပြဿနာများကို ခင်မင်ရင်းနှီးစွာဖြင့် ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း ယခုလိုမျိုးရေးထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးနှင့် မိမိတို့၏ ကြားထဲဖြစ်နေသည့် ပြဿနာက တိုင်းသိပြည်သိ၊ ကမ္ဘာသိပါ။ အဆိုပါကိစ္စမျိုးဖြစ်သည့် အချိန်တွင် စာချုပ်ထဲတွင်ပါသည့် Common Border ကို သုံးသလား။ International Border ကိုသုံးမလား။ Common Border သုံးလျှင် မိမိအတွက်ဘာအကျိုးရှိမည်နည်း။ International Border ကိုသုံးလျှင် မိမိအတွက် ဘာအကျိုးယုတ်မည်နည်း ဆိုသည်ကို ဒါကတော့ ဝန်ကြီးဌာန၏ ရပ်တည်ချက်ပါ။ မိမိအနေဖြင့် ထိုစာချုပ်ထဲတွင် စာချုပ်လေးခုလုံးကို မိမိလေ့လာပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး Common Border လေးကို ဝန်ကြီးသိပါသလား ဆိုသည်ကို မိမိမှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်

မိမိတို့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ဆိုတာ နိုင်ငံတကာနှင့် ဆက်ဆံသည့်အခါ နိုင်ငံတကာကျင့်ထုံး အသုံးအနှုန်းနှင့်အညီ အသုံးပြုရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာသဘောတူညီချက်တို့၊ နောက်ပြီး ကြေညာချက်တို့တွင် သုံးသည့်အခါ နိုင်ငံတကာ အသုံးအနှုန်းအတိုင်း မိမိတို့ နိုင်ငံတကာ International Border ဆိုတာ သုံးနှုန်းခြင်း ဖြစ်ပါကြောင်း၊ အရပ်သုံးစွဲရာတွင်ဖြစ်စေ၊ စာစောင်များတွင်ရေးရခြင်းဖြစ်စေ ရှင်းလင်းသဲကွဲမှုရှိအောင် မိမိတို့ကြိုက်သလို ရေးဆွဲလို့ရပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံတကာကျင့်ထုံးနှင့်အညီ သုံးနှုန်းရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သုံးစွဲချက် မှန်ကန်သည်ဆိုသည့် အကြောင်းကို မိမိအနေဖြင့် ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း၊ စာချုပ်မူရင်းလည်း မိမိလက်ထဲတွင် ပါပါကြောင်း၊ ၎င်းကို စိတ်ဝင်စားသူများလည်း မူရင်းကို မျှဝေပြီး ပြသနိုင်ပါကြောင်း၊ သုံးစွဲတာမှန်ကန်မှု ရှိသည်ဆိုသည့်အကြောင်းကို ထပ်လောင်းတင်ပြလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်