Skip to main content

 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကွန်ချောင်းဆည်သည် ၂၀၀၁ ခုနှစ်က စတင် တည်ဆောက် ခဲ့ပြီး မြေသားတမံအမျိုးအစားဖြစ်ကာ အကျိုးပြုဧက ၂၀၀၀၀ ရှိပါကြောင်း၊ ၂၀၀၄-၀၅ ခုနှစ်တွင် လုပ်ငန်းများပြီးစီး၍ ဆည်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တူးမြောင်းမကြီး၏ အရှည်သည် ၁၆ မိုင်ခန့်ရှိပြီး ကြံခင်းမြို့နယ်အတွင်း အဓိကတူးဖော်ဖောက်လုပ်ထားပါကြောင်း၊ ယင်းတူးမြောင်းမကြီး ဖြတ်သန်းဖောက်လုပ်ရာဒေသများတွင် တူးမြောင်းတစ်ဖက်နှင်‌့တစ်ဖက် မြောင်းကူးတံတားများဖြင့် ဆက်သွယ်ထားရပါကြောင်း၊ နှစ်ကာလကြာမြင့်သည်နှင့်အမျှ ၎င်းတံတား များသည် ကြမ်းခင်းများကျိုးပေါက်ခြင်း၊ တောင်‌့တင်းခိုင်မာမှုမရှိခြင်း၊ အမာခံနံရံများ ကြံ့ခိုင်မှုမရှိခြင်း၊ ကမ်းကပ်ခုံများ ကြံ့ခိုင်မှု အားနည်းလာခြင်း၊ တံတားထောက်တိုင်များ တောင့်တင်းခိုင်မာမှု အားနည်းလာခြင်းများ ဖြစ်ပေါ်လာရပါကြောင်း၊ ကလို့ကွင်းအနောက်ရွာရှိ မြောင်းကူးတံတား၊ ပေတောကွက်သစ်ရွာထိပ်ရှိ မြောင်းကူးတံတား၊ ရွှေပန်းတောရွာနှင့် အမှတ် (၁၁) ရပ်ကွက်ကြားရှိ မြောင်းကူးတံတား၊ ရွှေပန်းတော-ထန်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မြောင်းကူးတံတား၊ ဝဲကြီး-ရွှေပန်းတောကျေးရွာချင်းဆက်လမ်းပေါ်ရှိ မြောင်းကူးတံတား၊ တိုက်ကြီး-ရေသောက်ကန်ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ မြောင်းကူးတံတား၊ ကျောက်တိုင်-မြောက်ချောကုန်းကျေးရွာချင်းဆက်လမ်း ပေါ်ရှိ မြောင်းကူးတံတားနှင့် ကျောက်တိုင်-မြောက်ချောကုန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ချောင်း DY 6 ပေါ်ရှိ မြောင်းကူးတံတား စုစုပေါင်းတံတားရှစ်စင်းပေါ်တွင် အမှီပြုပြီး ကျေးရွာအုပ်စုသုံးစုမှ ဒေသခံပြည်သူများသည် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများကို ဆောင်ရွက်နေရပါကြောင်း၊ ယခုကဲ့သို့သောပွင့်လင်းရာသီတွင် မီးရေး၊ ထင်းရေးကိစ္စများရှိပါက ၎င်းတံတားများကိုသာ အသုံးပြုပြီး ဖြတ်သန်းသွားလာနေရပါကြောင်း၊ လက်ရှိအနေအထားတွင် တံတားများသည် မဖြစ်မနေပြုပြင် ထိန်းသိမ်းရမည့် အနေအထားတစ်ခုကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြံခင်းမြို့နယ်၊ ကွန်ချောင်းတူးမြောင်းမကြီးပေါ်ရှိ ပြုပြင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသော မြောင်းကူးတံတား ရှစ်စင်းအား မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် စတင်ပြုပြင်ထိန်းသိမ်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


       

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ကွန်ချောင်းဆည်ရေသောက်စနစ်မှ တူးမြောင်းမ ကြီးပေါ်တွင် မြောင်းကူးတံတားများကို ၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကွန်ချောင်းဆည် ရေသောက်စနစ် အတွင်းရှိ ရေပေးမြောင်းများနှင့် တူးမြောင်းအဆောက်အဦများကို နှစ်စဉ်ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာများက လယ်ယာလုပ်ငန်းခွင်သွားလာဆောင်ရွက်နိုင်ရန်နှင့် လယ်ယာထုတ်ကုန်များ သယ်ယူ ပို့ဆောင်နိုင်ရန်၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး မြောင်းကူး တံတားများကို ထည်‌့သွင်းတည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခဲ့ရာတွင် မူလ အနေအထားအရ  ငါးတန်အောက်ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန်အတွက်သာ ဒီဇိုင်းပြုလုပ် တည်ဆောက်ခဲ့သော်လည်း ငါးတန်ထက်ပိုသောယာဉ်များ ဖြတ်သန်းသွားလာမှုကြောင်‌့လည်းကောင်း၊ နှစ်ကာလကြာမြင့်စွာ အသုံးပြုခဲ့သော အနေအထားကြောင်‌့လည်းကောင်း လွှတ်တော်ကိုယ်စားလှယ် တင်ပြခဲ့သည့်အတိုင်း တူးမြောင်းမကြီးပေါ်ရှိ မြောင်းကူးတံတားရှစ်ခုသည် ပြန်လည်ပြုပြင်ရန် လိုအပ် လျက်ရှိသည့်အခြေအနေ ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက်စိစစ်ရာတွင် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၂၄၀ ကုန်ကျမည်ဖြစ်ကြောင်း တွက်ချက်ရရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မြောင်းကူးတံတားရှစ်ခုပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ပထမဦးစားပေးအဖြစ် လျာထား သတ်မှတ်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (သာမန်) ရန်ပုံငွေဖြင်‌့ ဆောင်ရွက်မည့်လုပ်ငန်း များစာရင်းတွင် ထည်‌့သွင်းလျာထားသွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

စိုက်ပျိုးရေးနှင်‌့၊ မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်