Skip to main content

 

(ခ)-ကနီမြို့နယ်၊ ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီစိမ့်ကွင်းနှင့် ကံတောစိမ့်ကွင်းများရှိ စိုက်ပျိုးရန် ခက်ခဲလျက် ရှိသော လယ်ယာမြေများနှင့် မြေလွတ်၊ မြေလပ်များအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်ရန် စိမ့်နုတ်မြောင်းများတူးဖော်၍ စနစ်တကျလယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ကနီမြို့နယ်၊ ငုတ်ချောင်းကျေးရွာအနီးရှိ ငုတ်ချောင်းစိမ့်ကွင်းသည် စိမ့်ရေတက်ရောက်လာမှု တဖြည်းဖြည်း ကျယ်ပြန့်လာသောကြောင့် စိုက်ပျိုးရန်ခက်ခဲလာသည့် လယ်ယာမြေများ တဖြည်းဖြည်း တိုးလာသကဲ့သို့ လုံးဝစိုက်ပျိုး၍မရတော့သည့် လယ်ယာမြေများလည်းရှိနေပါကြောင်း၊ ယခင် နှစ် ၃၀၊ ၄၀ ခန့်က ၎င်းနေရာရှိ လယ်ယာမြေများမှာ ပေ ၁၅၀၀၀ ခန့်ရှည်သည့် စိမ့်နုတ်မြောင်းတစ်ခု တူးဖော်ထား၍ စပါးစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းခဲ့သည်ဟု သိရပါကြောင်း၊ စိမ့်နုတ်မြောင်း တိမ်ကောပျက်စီး လာသည်နှင့်အမျှ စိမ့်ရေတက်ရောက်လာမှု ပြန်လည်ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းကျယ်ပြန့်လာကာ ယခု စိမ့်ရေတက်ဧရိယာသည် ဧက ၃၀၀ နှင့်အထက်တွင်ရှိသည်ဟု ဒေသခံများကခန့်မှန်းကြပါကြောင်း၊ ဤကဲ့သို့ တိမ်ကောပျက်စီးလျက်ရှိသည့် မူလစိမ့်နုတ်မြောင်းကို ပြန်လည်တူးဖော်ပြီး စိုက်ပျိုးမြေများ ပြန်လည်ဖော်ထုတ်ပေးရန် ဒေသခံများက တင်ပြတောင်းဆိုလျက်ရှိပါကြောင်း၊ ဒုတိယအနေဖြင့် တောင်နီစိမ့်ကွင်းသည် စိုက်ပျိုးဖြစ်ထွန်းနိုင်မည့် မြေဧက ၂၀၀ နှင့်အထက်ရှိကြောင်း တွေ့ရှိရပြီး ၂၀၁၇-၂၀၁၈ တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ်သိန်း ၂၀၀ ကျော် အသုံးပြု၍ စိမ့်နုတ်မြောင်းပေအရှည် ၈၇၀၀ ခန့်တူးဖော်ခဲ့ပါကြောင်း၊ အထိုက်အလျောက် အောင်မြင်သည်ဟုသိရသော်လည်း စိမ့်နုတ်မြောင်းသည် လယ်ခြားမြောင်းခန့်သာ ရှိနေသည့်အတွက် ထပ်မံတူးဖော်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ တတိယအနေဖြင့် ကံတောစိမ့်ကွင်းဖြစ်ပါကြောင်း၊ အဆိုပါနေရာမှာလည်း စိမ့်တက်မြေ ဧရိယာသည် စိုက်ပျိုးနိုင်မည့်ဧရိယာ ဧက ရာနှင့်ချီရှိပြီး အရှည်ပေ ၆၅၀၀ ခန့်ရှိ စိမ့်နုတ်မြောင်း ဟောင်းသာလျှင် တိမ်ကောပျက်စီးနေသောကြောင့် ပြန်လည်တူးဖော်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ဖော်ပြပါ စိမ့်ရေတက်ဧရိယာများမှာ မူလစိမ့်နုတ်မြောင်းများနှင့် တူးဖော်ပြီး စိမ့်နုတ်မြောင်းများကို စနစ်တကျပြန်လည်တူးဖော်ပြီး စနစ်တကျလယ်ယာမြေများ ဖော်ဆောင်ပေးနိုင်ပါက ဧကထောင်ကျော်ခန့် ပြန်လည်စိုက်ပျိုးလုပ်ကိုင်လာနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းဒေသအတွက် များစွာအကျိုးပြု ဖြစ်ထွန်းလာမည် ဖြစ်သောကြောင့် ကနီမြို့နယ်၊ ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီစိမ့်ကွင်းနှင့် ကံတောစိမ့်ကွင်းများရှိ စိုက်ပျိုးရန်ခက်ခဲလျက်ရှိသော လယ်ယာမြေများနှင့် မြေလွတ်၊ မြေလပ်များအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နိုင်ရန် စိမ့်နုတ်မြောင်းများတူးဖော်၍ စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ တောင်နီ၊ ငုတ်ချောင်း၊ ကံတောကျေးရွာများရှိ လယ်ယာမြေများသည် ဒေသ၏ရေမြေသဘာဝ အနေအထားအရ မြေအောက်ရေမျက်နှာပြင် မြင့်တက်ပြီး ရေစိမ့်ထွက်လျက်ရှိကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါလယ်ယာမြေများမှာ လွန်ခဲသည့်နှစ် ၅၀ မှစ၍ ရေစိမ့်ထွက်မှုများပြားလာခဲ့သောကြောင့် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးနိုင်ရန်အတွက် စိမ့်ရေများထုတ်ပေးနိုင်ရန်၊ ရေနုတ်မြောင်းများ တူးဖော်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စိမ့်ကွင်းများရှိ ငုတ်ချောင်း၊ တောင်နီနှင့် ကံတောကျေးရွာ သုံးရွာအနက် တောင်နီကျေးရွာမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လယ်မြေဧက ၁၅၀ ခန့်စိုက်ပျိုး လုပ်ကိုင်နိုင်ရန်အတွက် ရေနုတ်မြောင်းအလျားပေ ၇၅၀၀ တူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

အခြားကျေးရွာနှစ်ရွာဖြစ်သည့် ငုတ်ချောင်း၊ ကံတောကျေးရွာတို့မှ လယ်မြေများ စိုက်ပျိုးရေး လုပ်ကိုင်လာနိုင်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးနိုင်ရန် မြေပြင်တိုင်းတာတွက်ချက်ပြီး ဖြစ်မြောက်နိုင်စွမ်းရှိမှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏအရ ခန့်မှန်းကုန်ကျငွေကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ၌ လျာထားတင်ပြသွားမည် ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုမှုနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု တင်ပြချက်များသည် ငုတ်ချောင်း၊ တောင်နီနှင့် ကံတောကျေးရွာများရှိ စိမ့်ကွင်းဧရိယာများမှ စိုက်ပျိုးမြေများ ပေါ်ထွက်လာရေးအစီအမံများ ဖြစ်ပါကြောင်း၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရန်အတွက် မြေနေရာရွေးချယ်သည့်အခါ လက်ရှိစိုက်ပျိုးဖြစ်ထွန်းမှုရှိပြီး ဆည်ရေသောက်ကဲ့သို့သော စိုက်ပျိုးရေသေချာသည့် ဧရိယာများကို ဦးစားပေးရွေးချယ် ဆောင်ရွက်ရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ဤသို့ဆောင်ရွက်ခြင်းဖြင့် စနစ်တကျ လယ်ယာမြေဖော်ထုတ်ခြင်း၏ အကျိုးရလဒ်များကို ရရှိခံစား နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကနီမြို့နယ်၊ ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီစိမ့်ကွင်းနှင့် ကံတော စိမ်‌့ကွင်းများရှိ စိုက်ပျိုးရန်ခက်ခဲလျက်ရှိသော စိမ့်မြေများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်နိုင်ရေးကိုသာ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စနစ်တကျ လယ်ယာမြေအဖြစ် ဖော်ထုတ်ပေးနိုင်မည့် အခြေအနေမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်