Skip to main content

 

လူဦးရေ၊ အမှုဖြစ်မှုနှုန်းနှင့် ခန့်အပ်သော တရားသူကြီးအချိုး ကွာဟချက်များသည့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် တရားသူကြီးများ ထပ်မံဖြည့်စွက်ခန့်ထားရန် အစီအစဉ်ရှိ/မရှိ၊ လောလောဆယ် ဖြည့်စွက် ခန့်ထားရန်အခက်အခဲများရှိပါက လူဦးရေ/အမှုဖြစ်မှုနှုန်းနှင့် ခန့်အပ်ထားသည့် တရားသူကြီး အချိုးနည်းသည့် တိုင်းဒေသကြီး/ပြည်နယ်မှ အချိုးများသည့် တိုင်းဒေသကြီး/ပြည်နယ်များသို့ အတတ်နိုင်ဆုံးညီမျှအောင် စီမံဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

တရားရုံးများသည် တရားမျှတမှုရရှိရေးအတွက် ပြည်သူများ၏ အဓိက အားထားရာဖြစ်သည့်အတွက် ပြည်သူများယုံကြည်အားကိုးသည့် တရားရုံးများဖြစ်စေရန် တရားရုံးများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးနိုင်ရန်သည် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ အမှုတစ်ခုကို စီရင် ဆုံးဖြတ်ပါက ဥပဒေပညာ ဗဟုသုတအပြင် ကောင်းမွန်သည့် တွေးခေါ်ဆင်ခြင်မှုများကို တစ်မှုချင်းစီအလိုက် အချိန်ယူ ဆောင်ရွက်ပါ ကြောင်း၊  တရားသူကြီးတစ်ဦးက အမှုအရေအတွက် နည်းနည်းကိုစီရင်ရလျှင် ဆင်ခြင် သုံးသပ် ရန်  အချိန်ပို ရမည်ဖြစ်သကဲ့သို့ အမှုအရေအတွက် အများအပြားကို စီရင်ဆုံးဖြတ်ရပါက ဆင်ခြင်သုံးသပ်မှု အချိန် ပိုနည်းသွားမည်ဖြစ်ပါကြောင်း၊

၂၀၁၂ ခုနှစ် တရားစီရင်ရေးအစီရင်ခံစာကို လေ့လာရာတွင် လူဦးရေမြင့်မားနေသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ခန့်အပ်ထားသည့် တရားသူကြီးဦးရေသည် လူဦးရေနှင့် အမှုဖြစ်မှုနှုန်း နည်းသည့် ပြည်နယ်/ တိုင်းဒေသကြီးများတွင် ခန့်ထားသည့် တရားသူကြီးဦးရေထက် နည်းနေသည်ကို သိရှိရပါကြောင်း၊ ကယားပြည်နယ်တွင် တရားသူကြီး (၄) ဦး၊ ချင်းပြည်နယ်တွင် တရားသူကြီး (၄) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားသူကြီး(၃)ဦး ခန်အပ်ထားရာ လူဦးရေများသည့်  စစ်ကိုင်းတိုင်း‌ ဒေသကြီးတွင် တရားသူကြီး(၃)ဦး သာရှိပါကြောင်း၊ နှစ်အလိုက်အမှုလက်ခံစီရင် ဆုံးဖြတ်ရသည့် အမှုများကို ကြည့်မည်ဆိုပါက ကယားပြည်နယ်တွင် ရာဇဝတ်မှု ၄၇  မှုတွင် တရားသူကြီးက (၄) ဦးရှိသည့်အတွက် အချိုးချဆိုပါက တရားသူကြီးတစ်ဦးအနေလျှင် အမှု ၁၁ မှုကို စီရင်ဆုံးဖြတ်ရပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရာဇဝတ်မှုက ၈၃၂ မှုတွင် တရားသူကြီးက (၃)ဦးသာရှိသည့်အတွက် တစ်နှစ်ဆိုပါက တရားသူကြီး တစ်ဦးလျှင် ၂၇၇ မှုကိုင်တွယ်ရပါကြောင်း၊ ချင်းပြည်နယ်တွင် (၄) ဦးရှိပြီး ရာဇဝတ်မှုသည် တစ်နှစ်ကို ၃၇ မှုရှိသည့်အတွက် တရားသူကြီးတစ်ဦးလျှင် အမှု ၉ မှုကို ကိုယ်တွယ်ရပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးတွင် အမှုပေါင်းက ၈၆၇ မှု၊ တရားသူကြီးက (၇)ဦးရှိသည့်အတွက် တရားသူကြီး တစ်ဦးလျှင် ၁၂၃ မှုကိုင်တွယ်ရပါကြောင်း၊

ထို့ကြောင့် လူဦးရေဖြစ်မှုနှုန်းနှင့် ခန့်အပ်သည့် တရားသူကြီးအချိုးကွာဟချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားသူကြီးနည်းသည့် ပြည်နယ်များတွင် ထပ်မံဖြည့်စွက်ခန့်အပ်ပေးထားရန် အစီအစဉ် ရှိ/မရှိ၊  ယခုအချိန်တွင် ဖြည့်စွက်ခန့်ထားရန်အခက်အခဲရှိပါက လူဦးရေဖြစ်မှုနှုန်းနှင့် ခန့်အပ်ထားသော တရားသူကြီးအချိုးနည်းသည့် တိုင်းဒေသကြီး/ပြည်နယ်မှ တရားသူကြီးအချိုးများသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အတတ်နိုင်ဆုံးညီမျှအောင် စီမံဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပထမဦးစွာ ချင်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်အပါအဝင် တရား လွှတ်တော် တရားသူကြီး လေးဦးခန့်ထားသည်ဟု ဖော်ပြထားခြင်းနှင့်‌စပ်လျဉ်း၍ ချင်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်အပါအဝင် တရားလွှတ်တော် တရားသူကြီးသုံးဦးသာ ခန့်ထားခဲ့ပါကြောင်း၊ တရားလွှတ်တော်တရားသူကြီး ဦးလှတင်သည် ၂၄-၇-၂၀၁၇ ရက်နေ့တွင် အရည်အချင်း သတ်မှတ်ချက် ဖြစ်သည့် အသက် ၆၅ နှစ်ပြည့်ခြင်းကြောင့် တာဝန်ထမ်းဆောင်ခြင်းမှ အနားယူသွားပါသဖြင့်‌ လစ်လပ် နေရာတွင် တရားသူကြီး ဦးတဲရင့်‌စ်စံမွိုင်းနီခွဲလ်ကို ၄-၈-၂၀၁၈ ရက်နေ့က ဖြည့်‌စွက်ခန့်အပ်ထားပြီး ဖြစ်ပါကြောင်းနှင့် တရားလွှတ်တော်တရားသူကြီး လေးဦးခန့်ထားခြင်း မရှိပါကြောင်း၊

လူဦးရေ၊ အမှုဖြစ်မှု နှုန်းနှင့် ခန့်အပ်သောတရားသူကြီးအချိုး ကွာဟချက်များသည် တိုင်းဒေသကြီးနှင့်‌ ပြည်နယ်များတွင် တရားသူကြီးများ ထပ်မံဖြည့်‌စွက်ခန့်ထားရန် မေးခွန်းနှင့်‌စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်‌ ပြည်ထောင်စုတရားစီရင်ရေးဥပဒေများတွင် ပြဋ္ဌာန်းထားသည့်‌ တိုင်းဒေသကြီးနှင့်‌ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်ရေးနှင့်‌စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို ရည်ညွှန်းတင်ပြ အပ်ပါကြောင်း၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၀၈ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂)နှင့်‌ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၃ တို့အရ တိုင်းဒေသကြီးနှင့်‌ပြည်နယ် တရားလွှတ်တော်များတွင် တရားသူကြီးချုပ်အပါအဝင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးရေ အနည်းဆုံးသုံးဦးမှ အများဆုံးခုနစ်ဦးအထိ ခန့်အပ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၈ ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁) (၂) (၃) (၄)နှင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၄၅ တို့အရ နိုင်ငံသမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့်‌ညှိနှိုင်း၍ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေ ပုဒ်မ ၃၁၀ နှင့်‌ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၈ တို့ပါ အရည်အချင်းနှင့်‌ ပြည့်‌စုံသော ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရန် ပြဋ္ဌာန်းထားပါကြောင်း၊

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်‌ပုဂ္ဂိုလ်များ၏ ချီးမြှင့်‌ငွေစရိတ်နှင့်‌ အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ခ)အရ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်‌ တရားသူကြီး များသည် တိုင်းဒေသကြီး/ပြည်နယ်အဆင့်‌ပုဂ္ဂိုလ်များဖြစ်ပြီး အဆိုပါ ဥပဒေပုဒ်မ ၂၀ အရ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်‌ပုဂ္ဂိုလ်များ၏ ချီးမြှင့်‌ငွေစရိတ်နှင့်‌ အဆောင်အယောင်များအတွက် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပ‌ဒေတွင် ခွဲဝေသတ်မှတ်ထားရှိမည်ဟု ပြဋ္ဌာန်းထားပါ ကြောင်း၊ သို့ပါ၍ အထက်ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေနှင့်‌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်‌ပုဂ္ဂိုလ်များ၏ ချီးမြှင့်‌ငွေစရိတ်နှင့်‌ အဆောင်အ‌ယောင်များဆိုင်ရာ ဥပဒေများအရ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များသည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့်‌ ညှိနှိုင်းကာ မိမိတို့ပြည်နယ်/ တိုင်းဒေသကြီး၏ လူဦးရေအမှုဖြစ်ပွားသည့်‌နှုန်းများနှင့်‌အညီ ကိုင်တွယ်စီရင် ဆုံးဖြတ်နိုင်ရန်အတွက် သင့်‌မြတ်သည့်‌တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ၏ သဘောတူညီချက်များအရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပြဋ္ဌာန်းကန့်သတ်သည့်‌ အရေအတွက်အတွင်း နိုင်ငံတော်သမ္မတမှ ခန့်အပ်ခွင့်‌ရှိပါကြောင်းနှင့်‌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်‌ ခန့်အပ်ခွင့်‌မရှိပါသဖြင့်‌ ဖြည့်‌စွက်ခန့်ထားရန်အစီအစဉ် မရှိပါကြောင်း၊

ယခုအချိန် ဖြည့်‌စွက်ခန့်ထားရန် အခက်အခဲများရှိပါက လူဦးရေ၊ အမှု ဖြစ်မှုနှုန်းနှင့်‌ ခန့်အပ်ထားသည့် တရားသူကြီးအချိုးများသည့် တိုင်းဒေသကြီး/ပြည်နယ်မှ အချိုးနည်းသည့်‌ တိုင်းဒေသကြီး/ပြည်နယ်များသို့ အတတ်နိုင်ဆုံးညီမျှအောင် စီမံဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်း၍  တိုင်းဒေသကြီးနှင့်‌ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့်‌ တရားသူကြီးများသည် အထက်ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်‌ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ သက်ဆိုင်ရာလွှတ်တော်တို့၏ အဆိုပြုညှိနှိုင်းချက်၊ သဘောတူညီချက်တို့ဖြင့် နိုင်ငံတော် သမ္မတက သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများအဖြစ် ထမ်းဆောင်ရန် ခန့်အပ်ပြီး ၎င်းတို့၏စရိတ်၊ ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကိုလည်း သက်ဆိုင်ရာပြည်နယ်/ တိုင်း ဒေသကြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှပင် ကျခံသုံးစွဲရသည်ဖြစ်ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် အဆိုပါ ပြည်နယ်/တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး များအား အခြား ပြည်နယ်/ တိုင်းဒေသကြီးများသို့ အချိုးအစားညီမျှစေရန် ပြောင်းရွှေ့ခြင်း၊ ယာယီတာဝန်ပေးအပ်ခြင်းစသည့် အစီအမံ များကို ဆောင်ရွက်ခွင့်မရှိပါသဖြင့် ဆောင်ရွက်ရန်အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးနိုင်