Skip to main content

 

သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာ၊ ကွင်းအမှတ်(၁၁၄၇-က)ကွင်း၊ မြဘုရားအရှေ့ကွင်း၊ ဦးပိုင်အမှတ်(၂၇/၄)၊ ဧရိယာ(၂.၃၄) ဧကရှိ ဦးအုန်းသွင်၏ လယ်ယာမြေနှင့် ဦးတင်ကို၏ အိမ်ခြံမြေအငြင်းပွားမှုမှာ ၂၃ (က) အရ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့တို့၏ စီရင်ဆုံးဖြတ်ပိုင်ခွင့် ဖြစ်သော်လည်း သနပ်ပင်မြို့နယ်တရားရုံးမှ တရားမကျင့်ထုံး ဥပဒေအရ စီရင်ဆုံးဖြတ်ခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်း ရှိ/မရှိ၊ မရှိပါက တရားရုံးတော်၏ စီရင်ချက်အမိန့်ဒီကရီအား ပယ်ဖျက်ပေးရန်နှင့် တရားရုံး၏ မှားယွင်းဆုံးဖြတ်ချက်အပေါ် နစ်နာမှုများအတွက် ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာရှိ ဦးအုန်းသွင်၏လယ်ယာမြေနှင့် ဦးတင်ကို၏အိမ်ခြံမြေအငြင်းပွားမှုနှင့်ပတ်သက်၍ သနပ်ပင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကျိုက်ပဒိုင်ကြီးကျေးရွာ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ညွှန်ကြားချက်အရ ကွင်းဆင်းစစ်ဆေးရာတွင် ဦးတင်ကိုခြံသည် ၃၅ ပေပတ်လည်ရှိပြီး အဆိုပါခြံ၏ အနောက်တောင်ထောင့်ရှိ ၀.၀၀၂ ဧကရှိ လယ်မြေသည် ဦးအုန်းသွင်လယ်မြေအဖြစ် တွေ့ရှိရပါကြောင်း၊ ကျန်မြေဧရိယာသည် ရိုးမြေနှင့် ပယ်မြေဖြစ်ကြောင်း မြေပုံကြမ်းနှင့်တကွ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ကျေးရွာ လယ်/စီက ပြန်လည်အစီရင်ခံခဲ့ပါကြောင်း၊ အလားတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်းစစ်ဆေး သည့်အခါတွင်လည်း ကျေးရွာလယ်/စီ၏ အစီရင်ခံသည့်အတိုင်း မှန်ကန်ကြောင်း ထောက်ခံ အတည်ပြုထားပါကြောင်း၊ အထက်ပါ လယ်ယာမြေ၊ အိမ်ခြံမြေ အငြင်းပွားမှုနှင့်ပတ်သက်၍ သနပ်ပင် မြို့နယ်တရားရုံး၏ ၁၈-၅-၂၀၁၆ ရက်နေ့က ချမှတ်ခဲ့သည့် အမိန့်နှင့်ဒီကရီသည် တရားပြိုင် ဦးတင်ကို နှင့် မကုလားမ(ခ)မစုမာတို့သည် တရားလို ဦးအုန်းသွင်(ခ) ဦးဂျော်ဂီ၏ အမည်ပေါက်ကွင်းအမှတ် (၁၁၄၇-က) ကွင်း၊ မြဘုရားအရှေ့ကွင်း၊ ဦးပိုင်အမှတ်(၂၇/၄)၊ မြေဧရိယာ (၂.၃၄) ဧက အတွင်းရှိ မြေပေါ်တွင် အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်လျက်ရှိခြင်းမှ ဖယ်ရှားပေးစေကြောင်း တရားလို ဦးအုန်းသွင် (ခ) ဦးဂျော်ဂီအတွက် အနိုင်ဒီကရီကို စရိတ်နှင့်တကွ ချမှတ်ပေးလိုက်သည်ဟူ၍ စီရင်ချက်အမိန့် ဒီကရီကို ချမှတ်ခဲ့ပြီး တရားမဇာရီအမှုအမှတ် ၁၉ ဖြင့် မြေအပ်ဝရမ်းထုတ်ပြန်၍ မြို့နယ်နှင့် ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥပဒေနှင့်အညီ ဆုံးဖြတ်ချက်များကိုလျစ်လျူရှုကာ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းလည်းမရှိဘဲ ဦးတင်ကိုမိသားစုနေအိမ်ကို ၁၁-၉-၂၀၁၈ ရက်နေ့တွင် မြို့နယ် တရားသူကြီးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့်‌တရားလိုများက ကိုယ်တိုင်အင်အားသုံး ဖြိုဖျက် ခဲ့ကြပါကြောင်း၊     

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၏ အခန်း(၈) လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်း၊ အယူခံခြင်းအခန်း ပုဒ်မ ၂၂ တွင် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်း ဆုံးဖြတ်ရမည်ဟု ဖော်ပြထားသကဲ့သို့ ပုဒ်မ ၂၃ ပုဒ်မခွဲ(က) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပုဒ်မ ၂၂ အရ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ‌ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အထက်ပါ လယ်ယာမြေဥပဒေ ပုဒ်မ ၂၂ နှင့် ပုဒ်မ ၂၃ တို့အရ သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာနေ ဦးအုန်းသွင်လယ်ယာမြေနှင့် ဦးတင်ကို အိမ်ခြံမြေ အငြင်းပွားမှုအတွက် စီရင်ပိုင်ခွင့်ရှိသူမှာ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သာ ဖြစ်ကြောင်း သိသာထင်ရှားစေပါသည်။ သို့အတွက် သနပ်ပင်မြို့နယ် တရားရုံးတော်၏ တရားမကျင့်ထုံး ဥပဒေအရ စီရင်ဆုံးဖြတ်ခြင်းအား ပယ်ဖျက်စေ၍ နစ်နာမှုများအပေါ် ပြန်လည်စိစစ် တည့်မတ်ဆောင်ရွက် ပေးနိုင်ပါရန် အစီစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အဆိုပါ မေးခွန်းနှင့်စပ်ဆိုင်သည့် သနပ်ပင်မြို့နယ်တရားရုံး၊ ၂၀၁၅ ခုနှစ် တရားမကြီးမှုအမှတ် ၅၉ တွင် တရားလို ဦးအုန်းသွင် (ခ) ဦးဂျော်ဂီက တရားပြိုင်ဦးတင်ကိုနှင့် မကုလားမ (ခ) မစုမာတို့အပေါ် အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပြုထားသူများအား ဖယ်ရှားထွက်ခွာပေးစေလိုမှု စွဲဆိုခြင်း ဖြစ်ပါကြောင်း၊ တရားလိုက ၎င်းပိုင် လုပ်ကိုင်နေသော ကျိုက်ပဒိုင်ကြီးကျေးရွာ ကွင်းအမှတ် (၁၁၄၇-က)၊ မြဘုရား အရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၇/၄)၊ ဧရိယာ ၂.၃၄ ဧကရှိ လယ်မြေအတွင်းတွင် လွန်ခဲ့သော ကိုးနှစ်ခန့်၌ တရားပြိုင်များက အိမ်ဆောက်လုပ်နေထိုင်ခွင့် တောင်းသဖြင့် အခမဲ့နေထိုင်ခွင့် ပြုကြောင်း ၂၆-၅-၂၀၁၅ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဖယ်ရှားပေးရန် ပြောသော်လည်း ဖယ်ရှားမပေးသောကြောင့် တရားစွဲဆိုရခြင်းကို အဆိုပြုစွဲဆိုလာခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်တရားရုံးက အချင်းဖြစ်ကွင်းအမှတ် (၁၁၄၇-က)၊ မြဘုရားအရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၇/၄)၊ ဧရိယာ ၂.၃၄ ဧကရှိ လယ်မြေတွင် တရားလိုအမည်ပေါက် မြေစာရင်းပုံစံ ၁၀၅ ရရှိထားသော မြေဖြစ်ကြောင်း သက်သေခံချက်များအရ ယင်းမြေကွက်ပေါ်တွင် တရားလိုက တရားပြိုင်တို့အား အိမ်ဆောက်နေထိုင်ခွင့် ပြုခဲ့ပါကြောင်း၊ တရားလိုကဖယ်ရှားခိုင်းရာ တရားပြိုင်က ဖယ်ရှားမပေးကြောင်း သုံးသပ်သဖြင့် ၁၈-၅-၂၀၁၆ ရက်နေ့တွင် တရားလိုအား စွဲဆိုသည့်အတိုင်း ဒီကရီချမှတ် ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မြို့နယ်တရားရုံး၏ စီရင်ချက်နှင့်ဒီကရီအပေါ် တရားပြိုင် ဦးတင်ကိုတို့က မကျေနပ်သဖြင့် ပဲခူးခရိုင်တရားရုံး၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့တိုင် အဆင့်ဆင့်အယူခံ တင်သွင်းခဲ့ရာ တရားလွှတ်တော်က ၃၀-၁-၂၀၁၇ ရက်နေ့တွင် အယူခံကို ပလပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊

တရားရုံးအဆင့်ဆင့်တွင်ရရှိခဲ့သည့် အနိုင်ဒီကရီကို အတည်ပြုပေးရန် တရားနိုင်ဦးအုန်းသွင်က သနပ်ပင်မြို့နယ် တရားရုံးတွင် ၂၂-၈-၂၀၁၆ ရက်နေ့မှာ ၂၀၁၆ ခုနှစ်၊ တရားမဇာရီမှုအမှတ် ၁၉ မှာ လျှောက်ထားခဲ့ပါကြောင်း၊ ဇာရီတရားရုံးက မြေအပ်ဝရမ်းထုတ်ဆင့်‌ရာတွင် တရားရှုံးများက အချင်းဖြစ်မြေကို ပြန်လည်တိုင်းတာပေးရန် သနပ်ပင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ၉-၆-၂၀၁၇ ရက်စွဲပါ ထောက်ခံစာကို တင်ပြလျက် ဇာရီတရားရုံးတွင် လျှောက်ထားခဲ့ပါကြောင်း၊ တရားရှုံး၏ လျှောက်ထားချက်အပေါ် နှစ်ဖက်ကြားနာပြီးနောက် တရားရှုံးတို့က တရားနိုင်ဦးအုန်းသွင်အပေါ် သနပ်ပင်မြို့နယ်တရားရုံး၊ ၂၀၁၇ ခုနှစ် တရားမကြီးမှုအမှတ် ၄၇ နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ ဦးအုန်းသွင်ရရှိထားသော တရားမကြီးမှုအမှတ် ၅၉/၂၀၁၅ အမိန့်ဒီကရီသည် မမှန်မကန်စွပ်စွဲရရှိထား၍ ပျက်ပြယ်ကြောင်း မြွက်ဟကြေညာ ပေးစေလိုမှု တရားစွဲဆိုခဲ့ပါကြောင်း၊ အဆိုပါတရားစွဲဆိုခဲ့သည့် အမှုသည် ပလပ်ခံရပြီး ပဲခူးခရိုင် တရားရုံးကလည်း အယူခံမှုကိုဆက်ပြီး အတည်ပြုထားပါကြောင်း၊ တရားမကြီးမှုအမှတ် ၅၉/၂၀၁၅ ၏ ဒီကရီအရ မြေအပ်ဝရမ်းဆောင်ရွက်သည့် အချိန်တွင်မှ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကွင်းဆင်းချက်အရ မြေပြန်လည်တိုင်းတာပေးရန် လျှောက်ထား၍ ရနိုင်မည်မဟုတ်ကြောင်း ဇာရီမှုတွင် တရားရုံးက ဆောင်ရွက်ပေးနိုင်ခွင့်နှင့် စပ်လျဉ်း၍ တရားမမှုတွင် တရားရုံးကချမှတ်သော ဒီကရီတွင် ပါရှိသည့် ဆုံးဖြတ်ချက်များကို အကျိုးသက်ရောက်စေရေးအတွက် ဆောင်ရွက်ပေးခွင့် ရှိကြောင်း သုံးသပ်သဖြင့် တရားရှုံး၏လျှောက်ထားချက်ကို ပလပ်ကြောင်း ၁၀-၈-၂၀၁၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပါကြောင်း၊ ဇာရီတရားရုံး၏ အဆိုပါအမိန့်အပေါ် တရားရှုံးတို့က ပဲခူးခရိုင်တရားရုံးသို့ ပြင်ဆင်မှုလျှောက်ထားရာ ပြင်ဆင်မှုကိုပလပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ဇာရီတရားရုံးက မြေအပ်ဝရမ်းကို အတည်ပြုဆောင်ရွက်ပြီး ဖြစ်သဖြင့် ၁၁-၉-၂၀၁၈ ရက်နေ့တွင် ဇာရီမှုကို ပိတ်သိမ်းခဲ့ပြီး ဖြစ်ပါကြောင်း၊

သနပ်ပင်မြို့နယ်တရားရုံး၊ ၂၀၁၇ ခုနှစ် တရားမကြီးမှု အမှတ် ၄၇ မှာ တရားလိုဦးတင်ကိုပါ ၂ ဦးတို့က တရားပြိုင် ဦးအုန်းသွင် (ခ) ဦးဂျော်ဂီအပေါ်တွင် တရားမကြီးမှုအမှတ် ၅၉/၂၀၁၅ ၏ ဒီကရီသည် မှားယွင်းလှည့်ဖြား မမှန်မကန်ဖော်ပြစွဲဆို၍ ရရှိထားသည့်အမိန့်နှင့် ဒီကရီဖြစ်၍ ပျက်ပြယ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု စွဲဆိုပါကြောင်း၊ တရားလို ဦးတင်ကိုတို့က မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်ကို အကြောင်းပြုပြီး ဤအမှုကို စွဲဆိုခြင်းဖြစ်ပါကြောင်း၊ မြို့နယ်တရားရုံးက ပဏာမငြင်းချက်အရ တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်ကြောင်း ဖြေဆိုဆုံးဖြတ်၍ အဆိုလွှာကို ပယ်ခဲ့ပါကြောင်း၊ ဦးတင်ကိုတို့က ပဲခူးခရိုင်တရားရုံးသို့ ၂၀၁၈ ခုနှစ် တရားမအယူခံမှုအမှတ် ၃၂ တင်သွင်းရာ အယူခံမှုကို ပလပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ တရားရုံးတွင် စွဲဆိုခဲ့သည့် အမှုဖြစ်စဉ်များအရ ဦးအုန်းသွင်က တရားမကြီးမှုအမှတ် ၅၉/၂၀၁၅ တွင် အချင်းဖြစ် ဦးပိုင်အမှတ် (၂၇/၄)၊ ဧရိယာ ၂.၃၄ ဧက မြေသည် တရားလိုအမည်ပေါက် မြေစာရင်းပုံစံ ၁၀၅ ရရှိထားကြောင်း ၊ တရားပြိုင်များအား အခမဲ့နေထိုင်ခွင့် ပြုခဲ့ကြောင်းဖြင့် စွဲဆိုခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး တရားလွှတ်တော်အထိ အယူခံရုံးအဆင့်ဆင့်တွင် အနိုင်ဒီကရီရရှိခဲ့ပါကြောင်း၊ တရားလွှတ်တော်က အယူခံမှုကို ၃၀-၁-၂၀၁၇ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တရားမဇာရီမှုကို ၂၂-၈-၂၀၁၆ ရက်နေ့တွင် လျှောက်ထားပြီး အနိုင်ဒီကရီကို အတည်ပြုရန် ဆောင်ရွက်ဆဲ အချိန်တွင်မှ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်းတိုင်းတာခဲ့သော ၉-၆-၂၀၁၇ ရက်စွဲပါ ထောက်ခံစာကို ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ထောက်ခံစာကို တင်ပြပြီး ဇာရီမှုတွင် ဦးတင်ကိုတို့က ကန့်ကွက်သဖြင့် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အမိန့်အပေါ် မကျေနပ်သူ ဦးတင်ကိုတို့က တစ်ဆင့်မြင့်တရားရုံးကို ပြင်ဆင်မှုလျှောက်ထားပြီး အဆုံးအဖြတ် ခံယူခဲ့ပြီး ဖြစ်သည့်အပြင် ၎င်းထောက်ခံစာကို အကြောင်းပြုပြီး ဦးတင်ကိုတို့က တရားမကြီးအမှုအမှတ် ၄၇/၂၀၁၇ ကို စွဲဆိုခဲ့ရာ အယူခံရုံးအထိ အမှုရှုံးနိမ့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တရားလိုဦးအုန်းသွင်သည် တရားမကြီးအမှု အမှတ် ၅၉/၂၀၁၅ ကို စွဲဆိုသည့်နေ့တွင် ပေါ်ပေါက်သော အကြောင်းခြင်းအရာ များကို အမှီသဟဲပြုပြီး တရားစွဲဆိုရခြင်း ဖြစ်ပါကြောင်း၊ တရားစွဲဆိုပြီးနောက်ပိုင်း ပြောင်းလဲဖြစ်ပေါ် လာသည့် အကြောင်းခြင်းရာများသည် တရားလို၏အမှုကို ထိခိုက်နစ်နာမှုမရှိနိုင်ပါ၊ သို့သော် လယ်ယာမြေဥပဒေပုဒ်မ ၂၂၊ ၂၃ ပါ ပြဋ္ဌာန်းချက်များသည် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကို ဖြေရှင်းခြင်းနှင့် အယူခံခြင်းကိစ္စများနှင့်သာ သက်ဆိုင်သော ပြဋ္ဌာန်းချက်များ ဖြစ်ပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်များအရ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကို လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဆုံးဖြတ်ခြင်း ပြုရမည်ဖြစ်ပါကြောင်း၊ ယခုမေးမြန်းချက်နှင့်အတူ ပူးတွဲပေးပို့ခဲ့သည့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၉-၆-၂၀၁၇ ရက်စွဲပါ စာမှတ်စာတမ်းတွင် လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုအတွက် ဖြေရှင်းဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်၊ အမိန့်မဟုတ်ပါကြောင်း၊ အချင်းဖြစ်မြေကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ထောက်ခံချက်အဖြစ် ထုတ်ပေးခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊

ထို့ကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုအပေါ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က လယ်ယာမြေ ဥပဒေပုဒ်မ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီရင်ဆုံးဖြတ်ခွင့် ရှိပါကြောင်း၊ ယခုအမှုကိစ္စတွင် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များက စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုကို တရားရုံးများက စီရင်ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ တရားရုံးတွင် စွဲဆိုသည့် အခမဲ့ခွင့်ပြုချက်ဖြင့် နေသူအား ဖယ်ရှားထွက်ခွာပေးစေလိုမှု၊ မမှန်မကန်စွဲဆို ရရှိထားသည့် အမိန့်ဒီကရီအား ပျက်ပြယ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှုစသည့် တရားမမှုများကို စီရင်ဆုံးဖြတ် ပိုင်ခွင့်အာဏာအရ စီရင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မူလမြို့နယ်တရားရုံး၏ စီရင်ဆုံးဖြတ်ချက် များသည် ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ၊ မှန်ကန်မှုရှိ/မရှိကို မကျေနပ်သူအမှုသည်က အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံမှု၊ ပြင်ဆင်မှုများတင်သွင်း၍ ဥပဒေအရ အဆုံးအဖြတ်ခံယူခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးနိုင်