Skip to main content

 

ဥပဒေဘွဲ့ရရှိပြီးပုဂ္ဂိုလ်များ ရှေ့နေအလုပ်သင်အဖြစ် တင်သွင်းခွင့်ပြုရန် လျှောက်ထားရာတွင် နိုင်ငံသားပြုခွင့်ရ နိုင်ငံသားများနှင့် ဧည့်နိုင်ငံသားဥပဒေဘွဲ့ရများအား ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေများ အပိုဒ်(၃)အရ ရှေ့နေအလုပ်သင်အဖြစ် စာရင်းတင်သွင်းခွင့်မပြုကြောင်း သိရှိရ ပါသဖြင့် ထိုသို့တင်သွင်းခွင့်မပြုသည့်အတွက် ယင်းဥပဒေဘွဲ့ရများမှာ နစ်နာဆုံးရှုံးနေကြရပါသဖြင့် ၎င်းတို့အတွက် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံတွင်ရှိသည့် တက္ကသိုလ်အသီးသီးက ဥပဒေဘွဲ့ရရှိပြီး သူများအနေဖြင့် ရှေ့နေအလုပ်သင်အဖြစ် စာရင်းတင်သွင်းကြရာ နိုင်ငံသားပြုခွင့်ရသူ၊ ပြုနိုင်ငံသားနှင့် ဧည့်နိုင်ငံသား ဥပဒေဘွဲ့ရသူများသည် ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေများ အပိုဒ် ၃ တွင် ပြည်ထောင်စု နိုင်ငံသားမဟုတ်သူ မည်သူကိုမျှ အထက်တန်းရှေ့နေအဖြစ် ဝင်ခွင့်မပြု၊ စာရင်းတင်သွင်းခွင့် မပြုရဟူသော ပြဋ္ဌာန်းချက်အရ စာရင်းတင်သွင်းခွင့်ကို ငြင်းပယ်ခြင်း ခံနေကြရကြောင်း သိရှိရပါသည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသားများကိုလည်း မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထို့အပြင် ပုဒ်မ ၃၀ ပုဒ်မခွဲ (ဂ)နှင့် ပုဒ်မ ၅၃ ပုဒ်မခွဲ (ဂ) တို့အရလည်း နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်ဟု ဖော်ပြထားရှိပါကြောင်း၊ ထို့အပြင် ပုဒ်မ ၇၆ အရ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ တို့ကိုလည်း ရုပ်သိမ်းပြီးဖြစ်ပါကြောင်း၊

အလုပ်သင်ရှေ့နေအဖြစ် လျှောက်ထားသူအများစုက တက္ကသိုလ်အသီးသီးမှ ဥပဒေဘွဲ့ရပြီးခါစ လူငယ်၊ လူရွယ်များသာ ဖြစ်ကြပါကြောင်း၊ ၎င်းတို့အနေဖြင့် ဥပဒေပညာ သင်တန်းများကို ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားဟူ၍ ခွဲခြားတားမြစ်ထားခြင်း မရှိသောကြောင့် တက်ရောက်သင်ကြားခွင့် ရရှိခဲ့ကြပြီးမှ ဥပဒေပညာဘွဲ့များကို ရရှိလာပါကြောင်း၊ ယခုလို ရရှိပြီးခါမှ အဆိုပါ ပညာရပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုကြရမည့်အခါမှ နိုင်ငံသားမဟုတ်သူဆိုက ရှေ့နေအလုပ်သင်အဖြစ် စာရင်းတင်သွင်းခွင့် မရရှိကြခြင်းမှာ လွန်စွာနစ်နာစေပါကြောင်း၊ လူငယ်တို့၏အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ပိတ်ပင်ရာရောက်နေပါကြောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းတွင် ပုဒ်မ ၃၄၉ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (စ) နှင့် ပုဒ်မ ၃၅၂ တို့နှင့်လည်း မညီညွတ်ကြောင်း တွေ့ရှိနေရပါသည်။ သို့ဖြစ်ပါသောကြောင့် ဥပဒေဘွဲ့ရရှိပြီး ပုဂ္ဂိုလ်များ ရှေ့နေအလုပ်သင်အဖြစ် တင်သွင်းခွင့်ပြုရန် လျှောက်ထားရာ နိုင်ငံသား ပြုခွင့်ရ နိုင်ငံသားများနှင့် ဧည့်နိုင်ငံသား ဥပဒေဘွဲ့ရများအား ၁၉၅၅ ခုနှစ်၊ ရှေ့နေအလုပ်သင်အဖြစ် ဝင်ခွင့်နည်းဥပဒေများ အပိုဒ် ၃ အရ ရှေ့နေအလုပ်သင်အဖြစ် စာရင်းတင်သွင်းခွင့် မပြုသောကြောင့် ယင်းဥပဒေဘွဲ့ရများမှ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေကြရပါသဖြင့် ၎င်းတို့အတွက် မည်သို့စီစဉ် ဆောင်ရွက်ထားရှိသည်ကို နစ်နာသူများ၏ကိုယ်စား မေးမြန်းပါသည်။


 

ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့် အထက်တန်းရှေ့နေအဖြစ် ဝင်ခွင့်ပြုရန် လျှောက်ထားလာသူများနှင့် ပတ်သက်ပြီး ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ်ဝင်ခွင့် နည်းဥပဒေ အပိုင်း (၂) အထက်တန်းရှေ့နေတို့၏ အရည်အချင်းများဆိုသည့် ခေါင်းစဉ်အောက်တွင်ရှိသည့် အပိုဒ် ၃ တွင် ပြည်ထောင်စု မြန်မာနိုင်ငံသား မဟုတ်သူ မည်သူကိုမျှ အထက်တန်းရှေ့နေအဖြစ် ဝင်ခွင့်မပြုရ၊ စာရင်းသွင်းခြင်းလည်း မပြုရဟု ပြဋ္ဌာန်းထားသည့်အတွက် အဆိုပါ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ လျှောက်ထားသူသည် နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူဖြစ်ပါက အလုပ်သင်ရှေ့နေအဖြစ် စာရင်းတင်သွင်းခြင်းနှင့် အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခြင်းတို့ကို ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ခ) တွင် နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားကို ဆိုသည်ဟုလည်းကောင်း၊ ပုဒ်မ ၂ ပုဒ်မခွဲ (ဂ) တွင် ဧည့်နိုင်ငံသားဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သော ဧည့်နိုင်ငံသားကိုဆိုသည်ဟုလည်းကောင်း၊ ပုဒ်မ ၂ ပုဒ်မခွဲ(ဃ)မှာ နိုင်ငံသားပြုခွင့်ရသူ ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သော နိုင်ငံသားပြုခွင့် ရသူကို ဆိုသည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းဥပဒေပုဒ်မ ၂၄ နှင့် ၄၆ တို့တွင် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏သစ္စာကို ခံယူကြောင်း၊ နိုင်ငံတော်၏ဥပဒေကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောတာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုထားသူများ ဖြစ်ပါသည်ဟု ဖော်ပြထားပါကြောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် ကန့်သတ်ထားသော အခွင့်အရေး သတ်မှတ်ချက်များကို ဧည့်နိုင်ငံသားပြုခွင့်ရ သူများနှင့် နိုင်ငံသားများမှ လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၇ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါကြောင်း၊ တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေအပိုဒ် ၃ ပါ ပြည်ထောင်စု မြန်မာနိုင်ငံသား မဟုတ်သူမည်သူကိုမျှ အထက်တန်းရှေ့နေအဖြစ် ဝင်ခွင့်မပြုရ၊ စာရင်းတင်သွင်းခြင်းလည်း မပြုရဟု ပြဋ္ဌာန်းချက်တွင် တည်ဆဲနည်းဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားလက်မှတ် ကိုင်‌ဆောင်သူများကိုသာ အလုပ်သင်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ဧည့်နိုင်ငံသားများအား အလုပ်သင်ရှေ့နေအဖြစ် လျှောက်ထားခွင့်နှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု တို့တွင်လည်း အလုပ်သင်ရှေ့နေအဖြစ် လျှောက်ထားခွင့် မရှိကြောင်း စိစစ်လေ့လာတွေ့ရှိရပါသည်။ သို့ပါ၍ နိုင်ငံသားပြုခွင့် ရသူများနှင့် ဧည့်နိုင်ငံသားများက ရှေ့နေအလုပ်သင်အဖြစ် တင်သွင်းခွင့်ပြုရန် လျှောက်ထားခြင်းကို ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ်ဝင်ခွင့် နည်းဥပဒေအရ ဆောင်ရွက်ခွင့်မရှိခြင်း ဖြစ်ပါကြောင်း၊

ယခုမေးခွန်းနှင့်စပ်လျဉ်းပြီး ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်နှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်တို့ကလည်း အလားတူအဆိုတင်သွင်း မေးမြန်းမှုများ ရှိခဲ့ပါကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တင်ပြပါအတိုင်း အသီးသီး ရှင်းလင်းဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးနိုင်