Skip to main content

 

ခေါင်လန်ဖူးမြို့နယ်တွင် မြန်မာနိုင်ငံ၏မြောက်ဘက်ရှိ ပူတာအိုမြို့မှ မိုင်ပေါင်း ၁၃၀ ကျော် အကွာအဝေးတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ နှင့် ဧရိယာစတုရန်း မိုင်ပေါင်း ၂၈၀၃.၃၉ စတုရန်းမိုင်ကျယ်ဝန်းပြီး ကျေးရွာအုပ်စု ၂၃ စုနှင့် လူဦးရေပေါင်း ၁၅၀၀၀ ကျော် နေထိုင်သည့်‌ မြို့နယ်ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စု ၂၃ စုအနက် ရှီးလန်ဒန်းအုပ်စု၊ ရမန်ချီအုပ်စု၊ ရာမာအုပ်စုနှင့် ထဖုံးအုပ်စုတို့မှ သီးခြားတည်ရှိပြီး ခေါင်လန်ဖူးမြို့ပေါ်မှ ခြေလျင်ခရီးဖြင့် ငါးညအိပ်ခြောက်ရက် လမ်းလျှောက်ရသည့်‌ဒေသဖြစ်ပါကြောင်း၊ အဆိုပါဒေသများတွင် နေထိုင်သည့်‌ ဒေသခံမိဘပြည်သူများအနေဖြင့် အစားအသောက်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများရှာဖွေရပါကြောင်း၊ ၎င်းတို့နှင့်အနီးဆုံးတွင် ရှိသည့်‌ ဆော့လော်နယ်စပ်အထိ လမ်းများသည် များစွာခက်ခဲသဖြင့် နယ်စပ် မှတ်တိုင် ၂၉ နှင့် ၃၀ တို့ဘက်တွင် တောတောင်ကိုကျော်ဖြတ်ကာ ခက်ခဲပင်ပန်းစွာ သွားလာနေကြသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ဖောက်လုပ်ပေး နိုင်မည်ဆိုပါက ဒေသခံမိဘပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်နေသည့်‌ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ သည် ခေါင်လန်ဖူးမြို့သို့ လုပ်ငန်းကိစ္စများ သွားလာသည့်အခါတိုင်း တရုတ်ပြည်ကိုအရင်သွားရပြီး ထိုမှတစ်ဆင့် မြန်မာပြည်ထဲဝင်ကာ အဆင့်ဆင့် သွားလာနေကြရပါကြောင်း၊ ၎င်းဒေသတွင် နေထိုင်သည့်‌ မိဘပြည်သူများသည် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်‌ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဆိုပါကျေးရွာချင်းဆက်လမ်း ၂၈ မိုင်အား မြေသားလမ်းအဖြစ် ဖောက်လုပ်ပေးပါရန် မကြာခဏတင်ပြနေသည့်‌ လမ်းဖြစ်သည့်‌အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ ၄ ရပ်၊ ရည်ရွယ်ချက် ၅ ရပ်၊ ရည်မှန်းချက် ၈ ချက်နှင့်အတူ ကျေးရွာအုပ်စု ၄ အုပ်စုနှင့် ကျေးရွာ ပေါင်း ၄၀ ကျော်အား      ချိတ်ဆက်ပေးထားသည့်‌ ဆော့လော်မြို့နယ် နယ်စပ်မှတစ်ဆင့် ရပ်မား ကျေးရွာ၊ မခမ်မားကျေးရွာ၊ မခေါင်ထကျေးရွာ၊ တလန်ထုံကျေးရွာ၊ ရှီးလန်ဒန်းကျေးရွာ၊ နွားကျားလာ ကျေးရွာနှင့် ခင်စင်တီကျေးရွာချင်းဆက်လမ်းရှည် ၂၈ မိုင်အား မြေသားလမ်းအဖြစ် ဖောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆော့လော်မြို့နယ်၊ နယ်စပ်မှ ခီဆီဒီကျေးရွာအထိ ၂၈ မိုင်ကို မြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်ပြီး မိမိတို့ဝန်ကြီးဌာနကအကျိုးပြုသည့် ကျေးရွာ၊ အိမ်ထောင်စု၊ လူဦးရေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများ အတွက် ဘဏ္ဍာငွေလိုအပ်ချက်၊ အကောင်အထည်ဖော်ရမည့် အချိန်ကာလ၊ တွေ့ရှိချက်များကို ဒေသကိုအသေးစိတ် နယ်မြေကွင်းဆင်း ဆောင်ရွက်စေပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကတင်ပြလာပါက မိမိတို့ဝန်ကြီးဌာန၏ ပြည်ထောင်စု ငါးနှစ်ဖွံ့ဖြိုးရေးရန်ပုံငွေ  တတိယငါးနှစ်စီမံကိန်းတွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်