Skip to main content

 

(ဆ)-တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်၍မရနိုင်သည့် ပင်လယ် ကမ်းရိုးတန်း၊ ကျွန်းအခြေစိုက်ကျေးရွာများအတွက် ဆိပ်ခံတံတား၊ ရွာလယ်လမ်းတံတားများကို ဒေသနှင့်ကိုက်ညီသည့်ပုံစံဖြင့် ပထမဦးစားပေးစာရင်းထည့်သွင်း၍ သတ်မှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အပါအဝင် ပင်လယ်နှင့်ဆက်စပ်သော မြို့နယ်အများစုမှာ ပင်လယ်ကျွန်း အခြေစိုက် ကျေးရွာများအဖြစ် ဖွဲ့စည်းထားကြပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်သည့် ကျေးလက်လမ်းတံတားများကို ပထမဦးစားပေးဟု သတ်မှတ်ထားသည့်မူကြောင့် ပင်လယ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိပ်ခံတံတား၊ ရွာလယ်လမ်းတံတားများ တည်ဆောက်ပေးရန် ခက်ခဲလျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်သည့် ဂျပန်ပြည်သူများနှင့် ADP တို့ကပေးသည့် ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း အနည်းငယ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဌာနသစ်ဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ် ကျွန်းကျေးရွာများအတွက် ၂၀၁၇-၁၈ Mini-Budget တွင် ရေတားနံရံ တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုသာ ပါဝင်ခဲ့ပြီး ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ပင်လယ်ရွာများအတွက် ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ပင်လယ်ကျေးရွာများမှာ အသက်မွေးဝမ်းကြောင်း လူနေမှုပုံစံအရ သား၊ ငါး၊ ပုဇွန် ပေါများရာနေရာအနီး ကျွန်းများတွင် ရွာတည်ထောင်၍ နေထိုင်ကြရပါကြောင်း၊ ကျွန်းကုန်းမြေစပ်မှ ပင်လယ်ဘက်သို့ ဒေသအခေါ် ကြက်စင်၊ ကြက်တံတားများထိုး၍ တံတားကို ရွာလယ်လမ်းအဖြစ် သတ်မှတ်ပြီး  တံတားဘေးတစ်ဖက်တစ်ချက်တွင် အိမ်များဆောက်၍ ရေပေါ်ကျေးရွာကြီးများအဖြစ် တည်ထောင်နေထိုင်ကြပါကြောင်း၊ ကြက်စင်တံတားများကို ဒေသထွက်ရေငန်သစ်များဖြင့် ဆောက်လုပ်ကြရပြီး ယခုအခါ ဒီရေတောများ ပြုန်းတီးလာခြင်း၊ ယခင်ကထက် ပိုမိုထိန်းသိမ်းကာကွယ်လာရခြင်းတို့ကြောင့် ဆိပ်ခံတံတား၊ ရွာလယ် လမ်းတံတားများ ယိုယွင်းပျက်စီးလာသည့်အခါ ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့အတွက် ဆောင်ရွက်ရန် ခက်ခဲလျက်ရှိပါကြောင်း၊

ဖော်ပြပါဒေသနှင့် ကိုက်ညီသည့် ပုံစံဆိုသည်မှာ မြို့ကြီးများတွင် တည်ဆောက်သည့် တန်ဖိုးကြီး ကွန်ကရစ်တံတားကြီးများ ပုံစံမဟုတ်ဘဲ ကွန်ကရစ်တိုင်၊ ကွန်ကရစ်ယက်မသာ ပါဝင်ပြီး ကွန်ကရစ် ဖရိန်ပေါ်မှာ သစ်သားခင်းတည်ဆောက်သည့် အပေါစားတန်ဖိုးနည်း သစ်သားတံတားပုံစံများ ဖြစ်ပါကြောင်း၊ အောက်ခြေကွန်ကရစ်တိုင်များနှင့် ဖြစ်သွားလျှင် အခင်းအတွက် သစ်သားဖြင့် လိုအပ်သလို ပြုပြင်သုံးစွဲသွားနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ တံတားပုံစံများဖြင့် အစားထိုး တည်ဆောက်ပေးပါက ရေရှည်ခံပြီး သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်သကဲ့သို့ လုံခြုံစိတ်ချစွာဖြင့်လည်း သွားလာနိုင်ကြမည် ဖြစ်ပါကြောင်း၊ ပင်လယ်ပြင်အတွင်း တံတားများထိုး၍ အိမ်ဆောက်နေထိုင်ကြရပြီး ယိုယွင်းပျက်စီးနေသည့် ဤကြက်စင်တံတားများအပေါ် အသုံးပြုသွားလာ နေကြရသည့် ကျောင်းသား ကျောင်းသူများ၊ ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ အတွက် ပင်လယ်အတွင်းပြုတ်ကျပြီး သေဆုံးနိုင်သည်အထိ အန္တရာယ်ကြီးမားပါကြောင်း၊ သို့ဖြစ်ပါ၍ ပင်လယ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်စေ‌ရေးအတွက် ဖော်ပြပါအတိုင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဘုတ်ပြင်းမြို့နယ်အတွင်းတွင် လူနေထိုင်သည့် ကျွန်းပေါင်း ၄၅ ကျွန်းရှိပြီး လူနေထိုင်မှုများပြားသည့် ကျွန်းမှာ ရှစ်ကျွန်းရှိပါကြောင်း၊ အဆိုပါကျွန်းရှစ်ကျွန်းအနက် ကြိမ်နီတောင်ကျွန်း ဆိပ်ခံတံတား ၂၀၀ ပေ၊ ကြိမ်မဲတောင်ကျွန်း ဆိပ်ခံတံတား ၃၆၀ ပေတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ကျွန်းများ၏ ဆိပ်ခံတံတားလိုအပ်မှု အခြေအနေမှာ ကမ်းတောကျွန်း ဆိပ်ခံတံတား ၂၀၀ ပေ၊ ကံမော်ကြီး ဆိပ်ခံတံတား ၂၀၀ ပေ၊ ရွှေဂဲညိုဆိပ်ခံတံတား ၂၅၀ ပေ၊ ကမ်းစောက်ဆိပ်ခံတံတား ၃၀၀ ပေတို့သည် အသစ်ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပြီး ချောင်းကဖီးဆိပ်ခံတံတား ၁၁၀ ပေမှာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားသည့် တံတားဖြစ်ကာ တံတားအောက်ခြေများ ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ လူမှုစီးပွားဘဝနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအဖြစ် မိမိတို့အနေဖြင့် လမ်း၊ တံတား တည်‌ဆောက်ခြင်းလုပ်ငန်း၊ သောက်သုံးရေ၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသည့်နည်းတူ ဆိုလာစွမ်းအင် ရရှိရေးဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦ ဆောက်လုပ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆိပ်ခံတံတား လုပ်ငန်းအမျိုးအစားမှာ မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးသည့် လုပ်ငန်းအမျိုးအစားတွင် ပါဝင်ခြင်းမရှိသဖြင့် ရန်ပုံငွေလျာထား ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ကျန်ရှိသည့်‌ ရွာလယ်လမ်း၊ တံတားများ ဆောင်ရွက်ပေးနိုင်ရေး မေးမြန်းချက်နှင့် ပတ်သက်၍ မိမိတို့ ကွင်းဆင်းစစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေး တင်ပြလာမည့်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှန်တကယ် လိုအပ်ချက်ရှိမှုအပေါ်မူတည်၍  ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး တတိယငါးနှစ်စီမံကိန်းတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးနေလင်းထွန်း (ဘုတ်ပြင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးထားသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိးရေး ဦးစီးဌာနကို မေးထားခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးတို့ န.တ.လ က လုပ်ပေးနေသည်ကို သိရှိပါကြောင်း၊ အဓိက ဆိုလိုသည်မှာ ဆိပ်ခံတံတားအပြင် ဖော်ပြခဲ့သည့် ပင်လယ်ကျေးရွာများအားလုံးက ၎င်းတို့တစ်ရွာလုံးနီးပါး တံတားများဖြစ်ကြောင်း၊ ရွာလယ်လမ်း ဖြစ်ကြောင်း၊ ထိုတံတားများကိုပါ တန်ဖိုးနည်း တံတားပုံစံမျိုးကို ယခုဌာနသစ်ဖြစ်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို မေးမြန်းထားခြင်းဖြစ်ပါကြောင်း၊ ယခု ဝန်ကြီးဖော်ပြသည်မှာ လွဲနေပါကြောင်း၊ ဝန်ကြီးတို့ဌာနက ဆိပ်ခံတံတားများ ဆောက်ပေးသည်မှာလည်း မှန်ပါကြောင်း၊ တကယ်တမ်း မိမိတို့ လိုအပ်နေသည်မှာ ရွှေဂဲညိုရွာ၊ ရေငန်ကြီးရွာများရှိ ရွာလယ်လမ်းများ ဖြစ်ကြောင်း၊ လမ်းဆိုသည်မှာ မိမိတို့ဒေသတွင် တံတားများဖြစ်ကြောင်း၊ အဆိုပါ ပင်လယ်ဒေသကို ရောက်ဖူးသူတိုင်း သိပါကြောင်း၊ ရွာလယ်လမ်း၊ အများပြည်သူ သွားလာနေသည့်လမ်းကို ဆိုလိုကြောင်း၊ ကုန်တင်ကုန်ချလုပ်သည့် ဆိပ်ကမ်းများ အဆင့်တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ ရွာလယ်လမ်းများကိုလည်း ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ဝန်ကြီးတို့၏ န.တ.လ တို့ လုပ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

အဓိက ရွာလယ်လမ်းများ များစွာမရှိပါကြောင်း နှင့် ပြန်လည်စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ပြန်လည်စစ်ဆေးသည့်အခါ အဆိုပါလမ်းသည် နယ်စပ်ရေးရာနှင့် ပြည်သူ့ဆောက်လုပ်ရေးက နှစ်ပိုင်းခွဲထားပြီး မိမိတို့ ပြည်သူ့ဆောက်လုပ်ရေးဘက်က လုပ်သည့်အပိုင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနက လုပ်သည်ဟု လမ်းများခွဲခြားထားမှုရှိပါကြောင်း၊ ကိုယ်စားလှယ်ကြီး မေးမြန်းသည်မှာ မည်သည်တွင်ပါကြောင်းကို ပြန်လည်စစ်ဆေးပေးမည် ဖြစ်ပြီး စာဖြင့်ပြန်လည် အကြောင်းကြားပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်