Skip to main content

 

ဆော့လော်-လန်ဆယ်လမ်းပေါ်ရှိ ၁၄၀ ပေ ၂ ထပ် သံပေါင်ဘေလီတံတား (မော်ဝေကျေးရွာနှင့် ထန်ဒန် ကျေးရွာကြားရှိ ထန်ဒန်တံတား) အား တည်ဆောက်ပြီးစီးခဲ့သည့်အချိန်မှ ၈ လကျော်ခန့်၌ ပျက်စီး ခဲ့သည့်အတွက် တံတားတည်ဆောက်ခဲ့သည့်ကုမ္ပဏီနှင့် တံတားတည်ဆောက်ပြီးစီးမှုအခြေအနေ၊ တံတားအရည်အသွေးစစ်ဆေးခဲ့သည့်အဖွဲ့များအား နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းထန်စွာအရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လကင်ကျေးရွာအုပ်စု၊ မော်ဝေကျေးရွာနှင့် ထန်ဒန်ကျေးရွာကြား၌ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေဖြင့် အရှည် ၁၄၀ ပေရှိ နှစ်ထပ်သံပေါင်ဘေလီတံတားတစ်စင်းအား Augusta Col.,Ltd မှ ဆောက်လုပ်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ အဆိုပါတံတားအား ဒေသခံများမှ ထန်ဒန် တံတားဟုခေါ်ဝေါ်ကြပြီး တည်ဆောက်ပြီးစီးခဲ့သည့်အချိန်မှ ရှစ်လကျော်ခန့်သာရှိသေးသော်လည်း တံတားရေလယ်တိုင်မှာ တံတားအောက်ကျွံကျသွားခြင်း၊ တံတားအောက်ခြေခုံများမှာလည်း ကွဲအက် ပျက်စီးနေခြင်း၊ တံတားချဉ်းကပ်လမ်းများမှာလည်း ဖြစ်သလိုဆောင်ရွက်ထားသည်ကို ကွင်းဆင်း တွေ့ရှိခဲ့ရသည့်အတွက် များစွာအန္တရာယ်ရှိနေသည့် အနေအထားကို တွေ့မြင်ခဲ့ရသည့်အပြင် တံတား တည်ဆောက်ထားသည့်နေရာသည်လည်း ကားလမ်း၊ ဆိုင်ကယ်လမ်းမပေါက်ဘဲ လူပင်ခက်ခက်ခဲခဲ သွားလာရသည့်နေရာတွင် စီမံကိန်းလုပ်ငန်းတံတားတည်ဆောက်ထားသည်ကို တွေ့မြင်ရသည့် အတွက် အလွန်ပင်အံ့သြမိပြီး မိမိတို့ဝေးလံခက်ခဲသောတောင်ပေါ်ဒေသတွင် ဝန်ကြီးဌာနမှ စိတ်ရင်းစေတနာဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ချပေးခဲ့သော်လည်း ဒေသခံ ပြည်သူများအတွက် အကျိုးမရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ဝေးလံခက်ခဲသော တောင်ပေါ် ဒေသများတွင် စီမံကိန်းဘတ်ဂျက်များ လျာထားဆောင်ရွက်ပေးသည့်အခါ အောက်ခြေအထိ သေချာစွာကွင်းဆင်းပြီး ဒေသခံပြည်သူများအတွက် အမှန်တကယ်အကျိုးပြုနိုင်မည့် နေရာများတွင် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ယခုတံတားသည် နိုင်ငံတော်၏ဘဏ္ဍာငွေများစွာကုန်ကျခံပြီး ဆောက်လုပ်ပေးထားသော်လည်း ဒေသခံပြည်သူများအတွက် အကျိုးမရှိသည့်အတွက် နိုင်ငံတော် အစိုးရပုံရိပ်၊ ဝန်ကြီးဌာန၏ ပုံရိပ်များစွာထိခိုက်နိုင်ပြီး ဒေသခံများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနအား အထင်မြင်လွဲမှားစရာလည်း ဖြစ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် တံတား တည်ဆောက်ခဲ့ပြီး ရှစ်လကျော်ခန့်အချိန်၌ ယခုကဲ့သို့ တံတားပျက်စီးသွားသည့်အတွက် တံတား တည်ဆောက်ခဲ့သည့်ကုမ္ပဏီနှင့် တံတားတည်ဆောက်ပြီးစီးပြီး လုပ်ငန်းအပ်နှံသည့်အချိန် တံတား၏ အရည်အသွေးကြံ့ခိုင်မှုအား သေချာမစိစစ်ခဲ့သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပါကြောင်း၊

တံတားသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့သည့်၊ တံတား၏ ရေလယ်တိုင်က အောက်သို့ ကျွံကျသွားပါကြောင်း၊ တံတားတည်ဆောက်ခဲ့ပြီး တံတား၏ အောက်ခြေခုံများက ကွဲအက်နေသည့် ပုံဖြစ်ပါကြောင်း၊ တံတားတည်ဆောက်သည့် နေရာတွင် ကားလမ်းမရှိ၊ ဆိုင်ကယ်လမ်းလည်းမရှိ ခက်ခက်ခဲခဲသွားလာရသော နေရာတွင် ဆောက်ထားခြင်း ဖြစ်သည်ကို ဓာတ်ပုံရိုက်ထားပါကြောင်း၊ မေးခွန်း၏ အဓိက ရည်ရွယ်ချက်က ဝေးလံခက်ခဲသော တောင်ပေါ်ဒေသများတွင် ဝန်ကြီးဌာနဖြင့် စီမံကိန်းဘတ်ဂျက်များ လျာထားဆောင်ရွက် ပေးသည့်အချိန်တွင် တင်ဒါပေးသည့် ကုမ္ပဏီကို သေသေချာချာ အောက်ခြေထိ ကွင်းဆင်းပြီးမှ ကြပ်မတ်စေချင်ပါကြောင်း၊ ယခုလိုကွင်းဆင်းပြီးမှ မကြပ်မတ်ခဲ့သည့်အတွက် ယခုလို ရှစ်လကျော် နိုင်ငံတော်ဘဏ္ဍာများ ဆုံးရှုံးပြီးမှ ပြည်သူအတွက်လည်း အကျိုးမရှိခြင်း ဖြစ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၌ တည်ဆောက်ပြီးစီးခဲ့သော ဆော့လော်-လန်ဆယ် လမ်းပေါ်ရှိ ၁၄၀ ပေ နှစ်ထပ်သံပေါင် ဘေလီတံတား (မော်ဝေကျေးရွာနှင့် ထန်ဒန်ကျေးရွာကြားရှိ ထန်ဒန်တံတား) အား တည်ဆောက်ပြီးစီး ခဲ့သည့်အချိန်မှ ရှစ်လကျော်ခန့်၌ ပျက်စီးခဲ့သည့်အတွက်တံတား တည်ဆောက်ခဲ့သည့် ကုမ္ပဏီနှင့် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေ၊ တံတားအရည်အသွေး စစ်ဆေးခဲ့သည့် အဖွဲ့များအား နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် တင်ဒါစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းချက်၏ အပိုင်းနှစ်ပိုင်းတွင် ပထမပိုင်းအနေဖြင့် မေးမြန်းထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိဆိုသည့် မေးခွန်းအပေါ် မိမိတို့ဝန်ကြီးဌာန အနေဖြင့် တင်ဒါဆိုသည်ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် (၁/၂၀၁၇) အပေါ် လိုက်နာဆောင်ရွက် ရပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ အဂတိလိုက်စားမှု မရှိစေရန် တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့လိုက်ကဖြစ်စေ ဈေးကစားခြင်းမျိုး မဖြစ်စေဘဲ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် ထိရောက်စွာအကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ဖြစ်စေရန်အတွက် လိုက်နာဆောင်ရွက်ရမည်ဆိုသည့် ညွှန်ကြားချက်များ ပါရှိပြီးဖြစ်ပါကြောင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပြီး ညွှန်ကြားချက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက် ရမည်ဆိုသည့် တင်ဒါကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းပြီး တင်ဒါလုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၁၈-၃-၂၀၁၈ ရက်နေ့တွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၈) တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အနည်းဆုံးသုံးစွဲမှုများကို အဓိကမထားဘဲ အများအကျိုးပြုအောင်သုံးစွဲမှုကို အဓိကထားစေလိုကြောင်း အရည်အသွေးနှင့် အရည်အချင်းကို မဟုတ်သည့် နေရာတွင် လျှော့ခြင်းအားဖြင့် မိမိတို့၏အလုပ်အား ထိခိုက်စေလိုခြင်းကို မဖြစ်စေလိုကြောင်း၊ ငွေကြေးနည်းနည်း များများအဓိက မဟုတ်ပါကြောင်း၊ ရှိသည့်ငွေကြေးကို နိုင်ငံတော်အတွက် အကျိုးအများဆုံးဖြစ်အောင် အဓိကထားပြီး ဆောင်ရွက်လိုကြောင်းကိုလည်း ညွှန်ကြားထားရှိပါကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လုပ်ငန်းညွှန်ကြားချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက်များနှင့်အညီ ယုံကြည်မှုများ၊ ကုမ္ပဏီများ၏ စွမ်းဆောင်မှုများ၊ ကုမ္ပဏီ၏ သမိုင်းကြောင်းများ၊ Profile များ စသည့်အပေါ် မူတည်ပြီး တင်ဒါရွေးချယ်သည့် ဘုတ်အဖွဲ့ဖြင့် အတည်ပြုရွေးချယ်လျက် ရှိပါကြောင်း၊

နောက်တစ်ချက်က တံတားနဲ့ပတ်သက်ပြီး တင်ဒါခေါ်ယူခြင်းကို ၂၆-၆-၂၀၁၇ ရက်နေ့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားတွင် Lot.3 ဖြစ်ုသည့် ထန်ဒန် ၁၄၀ ပေ နှစ်ထပ်သံပေါင် ဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းကို ကြယ်စင်နိုင်းကုမ္ပဏီက တင်ဒါအဆိုပြု ဈေးနှုန်းအနည်းဆုံးဖြစ်သည့် ၃၅၀၀.၇၆ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော်လည်း အဆိုပါကုမ္ပဏီသည် ၎င်းတံတား ဆောက်လုပ်ရန်အတွက် ဒေသအခက်အခဲ၊ နည်းပညာအခက်အခဲများကြောင့် တည်ဆောက်နိုင်ခြင်း မရှိဘဲ လုပ်ငန်းကို ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းကို ပြန်လည်အပ်နှံသည့်အတွက် တင်ဒါလုပ်ထုံးလုပ်နည်း၊ တင်ဒါစည်းမျဉ်းအရ တင်ဒါဈေးနှုန်း တင်သွင်းချိန်တွင် တင်ဒါဈေးနှုန်း ဒုတိယအနည်းဆုံးဖြစ်သည့် Augusta Co.,Ltd  တစ်ခုကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ခွင့်ပေး ခဲ့ပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ကချင်ပြည်နယ်အတွင်း မော်တော်ကားလမ်း မပေါက်သေးသည့် ကချင်ပြည်နယ် (မြောက်ပိုင်း)၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်ဒေသ၊ ခေါင်လန်ဖူးဒေသ၊ လန်ဆယ်-လကင်ဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို ဟန်ချက်ညီညီဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည်စီမံကိန်း၊ နှစ်လတ်စီမံကိန်းများ ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မေးမြန်းချက်ပါ ထန်ဒန်တံတားသည် မိုင် ၂၀ ရှည်လျားပြီး လမ်းပေါ်တွင် ရှိပါကြောင်း၊ အဆိုပါ ဖွံ့ဖြိုးရေးစီမံကိန်းတွင် အကျုံးဝင်သည့် တံတားတစ်စင်းဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းလန်ဆယ်-လကင်လမ်းကို နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကနေပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြေလမ်း ၁၀ မိုင်ဖောက်လုပ်ပေးခဲ့ပြီး ကျန်ရှိသည့် မြေလမ်း ၇ မိုင်ကို နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

အဆိုပါ ထန်ဒန်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို ရရှိသည့်ကုမ္ပဏီက လုပ်ငန်းစတင်               ၆-၃-၂၀၁၈ ရက်နေ့တွင် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပါကြောင်း၊ လုပ်ငန်းပြီးစီးမှုနှင့် အရည်အသွေး ပြည့်မီမှုရှိ/မရှိတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြို့နယ်ကြီးကြပ်ရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်အရည်အသွေး စစ်ဆေးရေး ကော်မတီက ၁၅-၃-၂၀၁၈ ရက်နေ့တွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ၁၆-၃-၂၀၁၈ ရက်နေ့မှာ လုပ်ငန်းအပ်နှံခဲ့ပြီး ဖြစ်ပါကြောင်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီ၏ ပြီးစီးမှုစစ်ဆေးချက် (Work Done) နှင့် အရည်အသွေးစစ်ဆေးချက် (QC) တို့ကို တင်ပြထားမှုအပေါ် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါကြောင်း၊

၎င်းအပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူမှ ထန်ဒန်တံတားပြီးစီးမှုကို သွားရောက် စစ်ဆေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်စံချိန်၊ စံညွှန်းတို့ဖြင့် တည်ဆောက်ထားပြီး အရည်အသွေး ပြည့်မီကြောင်းကိုလည်း ထောက်ခံချက်ပေးထားသည့် တံတားတစ်ခု ဖြစ်ပါကြောင်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီနှင့် ဒေသတွင်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က လုပ်ငန်းပြီးစီးမှု၊ အရည်အသွေး ပြည့်မီမှုရှိ/မရှိတို့ကို တံတားတည်ဆောက်ဆဲ ကာလနှင့် တည်ဆောက်ပြီးချိန်တို့တွင် သွားရောက်စစ်ဆေးချက်အရ ကုမ္ပဏီမှ အရည်အသွေး ပြည့်မီအောင် တည်ဆောက်ပြီး ဖြစ်ပါကြောင်း၊

သို့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတံတားများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သလို ကချင်ပြည်နယ်အတွင်းမှာလည်း သဘာဝဘေးအန္တရာယ်များကြောင့် တောင်ပြိုလမ်း ပိတ်ခြင်းများ၊ တံတားရေလယ်တိုင်နိမ့်ကျခြင်း၊ ကမ်းကပ်ခုံကျိုးပဲ့ပျက်စီးခြင်း၊ ကျောက်ဆောင်ပြိုကျခြင်း၊ ကမ်းပါးပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါတံတားကလည်း  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေစီးပြင်းထန်စွာ တိုက်စားခြင်း၊ ရေစီးနှင့်အတူမျောလာသည့် သစ်တုံးများနှင့် ထိခိုက်မိခြင်းတို့ကြောင့် သံလယ်ရေလယ်တိုင် နိမ့်ကျခြင်း၊ ကမ်းကပ်ခုံကွဲအက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ထန်ဒန်တံတားပျက်စီးမှုသည် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းများ လျော့နည်းခြင်း၊ ပေါ့လျော့ခြင်းတို့မဟုတ်ဘဲ မိုးတွင်းကာလ ချောင်းရေပြင်းထန်စွာ စီးဆင်းခြင်းနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးခြင်းတို့ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ သဘာဝဘေးကြောင့် ထန်ဒန်တံတားပျက်စီးရခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ၏ ထောက်ခံတင်ပြချက်လည်း ပေးထားပြီးဖြစ်ပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုငွေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်း ရှိပါကြောင်း၊ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုမှုတွင် နှစ်နှစ်အတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ အခြားအကြောင်းကြောင့်သော်လည်းကောင်း ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်လာခဲ့မည်ဆိုလျှင် တာဝန်ယူရသည့်ကုမ္ပဏီက ပြန်လည်ပြုပြင် ဆောက်လုပ်ပေးရန် စည်းကမ်းချက်များ ထည့်သွင်းစာချုပ် ချုပ်ဆိုတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါစာချုပ်စည်းကမ်း အရ ထန်ဒန်တံတားပျက်စီးမှုကို လုပ်ငန်းတာဝန်ယူ ဆောင်ရွက်သည့်  Augusta Co.,Ltd မှ ဦးထွန်းသိမ်း၊ အင်ဂျင်နီယာမှူးကြီးနှင့် ချီဖွေမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မိမိတို့ ၁၈-၁၁-၂၀၁၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၂-၁၂-၂၀၁၈ ရက်နေ့တွင် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြင်ဆင်ဆောင်ရွက်ခဲ့မှုများ အနေဖြင့် ရေစီးနှင့်သစ်တုံး သစ်ခက်များ တိုက်ခိုက်မှုကြောင့် ယိုယွင်းပျက်စီးခဲ့သည့် ရေလယ်တိုင်ကို ပြန်လည်ဖြိုချခဲ့ပါကြောင်း၊ နောက်တစ်ခါ ရေလယ်တိုင်အသစ် တည်ဆောက်ခြင်းကို တံတား၏ ပေ ၈၀ နေရာတွင် မြေကြောစမ်းသပ်ပြီး ချောင်းရေစီးမှုအရ Level အောက် ၁၅ ပေအနက် တူးဖော်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ RCC Pile Cap ကို မြေပြင်တွင် Grid Force နှင့် ရေစီးဒဏ် ခံနိုင်မှုရှိစေရန် ယခင် ၅ ပေ ၆ လက်မ အစား ၇ ပေအထိ တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သဘာဝဘေးကြောင့် ထန်ဒန်တံတားပျက်စီးမှုနှင့် ပြင်ဆင်ဆောင်ရွက် နေသည့် မှတ်တမ်းဓာတ်ပုံများလည်း ရှိပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ခဲ့သည့်တံတားများသည် ရန်ပုံငွေခွင့်ပြုရရှိမှုအပေါ် မူတည်ပြီး ဒေသန္တရလမ်းတံတား ဗဟိုကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ တံတားခံနိုင်ရည်ဝန် ၁၃ တန်သာ သတ်မှတ်ထားခဲ့သော်လည်း မော်တော်ယာဉ်လုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်အောင် ထန်ဒန်တံတား ၁၄၀ ပေကို ခံနိုင်ရည် ၁၆ တန်အထိ ကုမ္ပဏီမှ တည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် ၎င်းတံတားအပေါ် သတ္တုတွင်းစမ်းသပ် ထုတ်လုပ်နေသည့် တန်ပိုတင်ကားကြီးများသည် တစ်စီးပြီးတစ်စီး ဖြန်သန်းခြင်းမျိုး မပြုလုပ်ဘဲ တစ်ပြိုင်နက်ဖြတ်သန်းမှု ပြုလုပ်လျက်ရှိရာ တံတားခံနိုင်ရည်နှင့်အား မျှတမှသာ တံတားသည် ရေရှည်ခိုင်ခံ့မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန် ဒေသခံပြည်သူလူထုပူးပေါင်း ပါဝင်ရေးအတွက် ဒေသရှိသက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် တွန်းအားပေး ကြပ်မတ် ကူညီပေးနိုင်ပါရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အကြံပြုတင်ပြအပ်ပါကြောင်း၊ ထန်ဒန်တံတား ပျက်စီးမှုသည် အရည်အသွေးမပြည့်မီမှုကြောင့် ပျက်စီးခဲ့ခြင်း မဟုတ်ဘဲ သဘာဝဘေး အန္တရာယ်ကြောင့်သာ ချို့ယွင်းပျက်စီးခဲ့ခြင်း၊ တည်ဆောက်ခဲ့သော ကုမ္ပဏီအနေနှင့်လည်း စာချုပ်စည်းကမ်းနှင့်အညီ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့အနေဖြင့်လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ တည်ဆောက်ဆဲကာလနှင့် တည်ဆောက်ပြီးချိန်တို့တွင် စနစ်တကျသွားရောက် စစ်ဆေးခဲ့ခြင်းတို့ကြောင့် တည်ဆောက်ခဲ့သည့် ကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးခဲ့သည့် အဖွဲ့တို့အား အရေးယူဆောင်ရွက်ရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးလာမာလေး (ဆော့လော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း‌မေးမြန်းပါသည်။

စောစောက တံတားသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့်ဟု ‌ဖြေပါကြောင်း၊ ထိုချောင်းအပေါ်တွင် တံတား သုံးစင်းရှိပါ ကြောင်း၊ Augusta Co.,Ltd နှင့် ဆောက်လုပ်ခဲ့သည့် တံတားနှစ်စင်းရှိပါကြောင်း၊ ထို့နောက်၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်ထဲတွင် ကချင်ပြည်နယ်အစိုးရ၏ ဘဏ္ဍာရန်ပုံငွေနှင့် ဒေသခံကုမ္ပဏီများနှင့် ခြေဝင်းကျေးရွာတွင် ဆောက်လုပ်ခဲ့သည့် တံတားတစ်စင်းရှိပါကြောင်း၊ သို့သော် မိုးသည်းထန်စွာရွာပြီးမှ ရေကြီးမှုက သစ်တုံးနှင့်တိုက်မည်ဆိုလျှင် ထိုချောင်းပေါ်ရှိ တံတားသုံးစင်းစလုံး မျောပါရမည်ဖြစ် သော်လည်း Augusta Co.,Ltd နှင့် ဆောက်လုပ်ခဲ့သည့် တံတားနှစ်စင်းနှင့် ရေကာတာ၊ ရေတားတမံတစ်ခု ပျက်ပြီးမှ ဒေသခံကုမ္ပဏီမှ လုပ်သည့်တံတားမပျက်ဘူးဆိုသည်မှာ စဉ်းစားစရာဖြစ်ပါကြောင်း၊ ၎င်းတို့ဆောက်သည့် ဒီဇိုင်းကို နှင့် အရည်အသွေး နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အရမ်းကွာနေပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပျက်စီးသွားသည့်တံတားကို ပြန်လည်ပြုပြင်ခိုင်းရာ တွင် ငြိမ်း/တည်ဘတ်ဂျက်ထဲမှ ၂၁.၄၂ သန်း ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ကုမ္ပဏီကိုပေးပြီးမှ ပြန်လည်ပြုပြင်ခိုင်းသည်ဟု သိရှိရပါကြောင်း၊ ယခုလို စံချိန်စံညွှန်းမညီသည့် တံတားတည်ဆောက်ပြီး ရှစ်လကျော်အချိန်တွင် ပျက်စီးသွားခဲ့သည်ကို ပြင်ဆင်ထိန်းသိမ်းစရိတ်ငွေ ပြန်လည်ထုတ်ပေးခြင်းသည် လုပ်ထုံးလုပ်နည်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ပါသလား၊ အဘယ့်ကြောင့်ဆိုသော် ယခုလိုမျိုး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ခြင်းမဟုတ်ဘဲ ၎င်းတို့၏ အရည်အသွေးမပြည့်မီမှု၊ တည်ဆောက်ခဲ့မှုကြောင့် ပျက်စီးခဲ့သည်ကို ပြင်/ထိန်းအနေနှင့် ပြန်လည်ထုတ်ပေးမည်ဆိုလျှင် တခြားကုမ္ပဏီရောတောင်းဆိုလျှင် ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထုတ်ပေးနိုင်မလားဆိုသည်ကို ဆက်စပ်မေးချင်ပါကြောင်း၊ ထို့ကြောင့် ပျက်စီးသွားသည့် တံတားကို ကုမ္ပဏီကိုပဲ ပြန်ပြီး ထပ်ပြုပြင်ခိုင်းလျှင် မည်သို့အာမခံချက်မျိုး ပြန်ရှိနိုင်မည်လဲ၊ တံတားကြံ့ခိုင်မှု အမှန်တကယ်ရှိ/မရှိ၊ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှုရှိ/မရှိကိုရော ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပြန်လည်စစ်ဆေး ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကသွားပြီး အရည်အသွေး ပြည့်မီပါသည်ဆိုသည့် အကြောင်းကိုလည်း တရားဝင်ထောက်ခံချက် ပေးပြီးတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့၏ စာချုပ်တွင် ပါသည့်အတိုင်းလည်း  ဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပေးပြီးသည် ဆိုသည်မှာလည်း မိမိတင်ပြခဲ့သည့် အပေါ်တွင်လည်း ပါပြီးသားဖြစ်ပါကြောင်း၊ နှစ်နှစ်ပြည့်လို့ ပျက်သွားစီးသွားပါက ပြန်ပြင်ပေးရမည်ဆိုသည့် မူဝါဒလည်း ရှိပါကြောင်း၊ စာချုပ်တွင်လည်း ပါပြီးသားဖြစ်ကြောင်း၊ စာချုပ်တွင် ပါပြီးသားဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင်ပေးခြင်း ဖြစ်ပါကြောင်း၊ နောက်တစ်ခုက မိမိတို့ဆီကနေပြီး ငွေထောက်ပံ့ပေးခြင်း၊ ဆိုတာကလည်း တချို့ကိစ္စများမှာ ကုမ္ပဏီက အများကြီးနစ်နာသွားသည့်အပေါ် မူတည်ပြီး ပြန်လည်ကြည့်ပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး  မိမိမှသေချာ မသိသေးပါကြောင်း၊ မိမိမှပြန်လည် စိစစ်ပေးပါမည်။ နောက်တစ်ချက်က လွှတ်တော်ကိုယ်စားလှယ် ကြီးပြောသွားသည့် ပြည်တွင်းပြည်ပများနှင့် စစ်ဆေးပေးရန်ဆိုသည့် အခြေအနေက သိပ်မဖြစ်နိုင်ပါကြောင်း၊ မဖြစ်နိုင်ဘူးဆိုသည့် အနေအထားတွင်လည်း ပြည်တွင်းပြည်ပက ခေါ်စစ်လျှင် ပိုက်ဆံများလည်း အများကြီး ကုန်သွားမည် ဖြစ်ပါကြောင်း၊ ပိုက်ဆံအများကြီး ကုန်သွားမည် ဖြစ်သည့်အတွက် လိုအပ်လျှင် ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆောက်လုပ်ရေးကို တင်ပြပြီး ပဆင ကနေ စစ်ဆေးပေးမည်ဆိုလျှင် ပိုမိုကောင်းမွန်မည့် အခြေအနေဖြစ်မည် ဆိုသည့်အနေအထားကို တင်ပြလိုပါကြောင်း၊ နောက်တစ်ခုက အဆိုပါ ချောင်းကြီးပေါ်တွင် တံတားက သုံးစင်းရှိသော်လည်း ဝန်ကြီးဌာနကနေပြီး လျာထားသည့် ဘတ်ဂျက်များ မဟုတ်ပါကြောင်း၊ ပြည်နယ်ကနေ တင်ပြခြင်း၊ ပြည်သူလူထုများက တင်ပြခြင်းတို့အပေါ် ဆောင်ရွက်ပေးရန် သင့်ပါကြောင်းဆိုသည့်အပေါ် မူတည်ပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ထောက်ပြသွားသည့် ကိစ္စကိုလည်း မိမိတို့လက်ခံပါကြောင်း၊ မိမိတို့ပြင်ရမည့် အပိုင်းကိုလည်း ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် အနေအထားရှိမည်ဆိုလျှင် ဝန်ကြီးဌာနအနေဖြင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်