Skip to main content

 

မိမိတို့ ကျောက်တော်မြို့နယ်တွင် ရန်ကုန်-စစ်တွေကားလမ်းမကြီးကို ဖြတ်သွားသည့် လမ်း တစ်နေရာတွင် ပေ ၄၀၀ ကျော် မြင့်‌သည့် ကရံစောက်တောင်တန်းကြီး တစ်ခုရှိပါကြောင်း၊ ကရံစောက်တောင်တန်း၏ တစ်ဖက်တွင် ခမရ ၅၃၉ တပ်ရင်းတစ်ခုရှိပြီး တစ်ဖက်တွင် ပြည်သူများ လုပ်စားနေသည့် လယ်ယာဥယျာဉ်ခြံမြေများ ရှိပါကြောင်း၊ ၎င်းတို့ထဲမှ လယ်ယာမြေတချို့သည် တစ်ချိန်က တပ်သင်းမြေအဖြစ် ရှိနေခဲ့ရာက ၂၀၁၅ ခုနှစ်တွင် ပြည်သူ့လက်ထက်ကို တပ်မတော်က ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း၊ ၎င်းထဲတွင် မိမိတို့ မရှင်းသည့်ကိစ္စတစ်ခုက ဥယျာဉ်ခြံမြေတချို့နှင့် စားကျက်မြေတချို့ ဖြစ်ပါကြောင်း၊ အကုန်လုံး ဧက ၁၀၀ ကျော် ခန့်ရှိပြီး ဥယျာဉ်ခြံမြေဆိုလျှင် ဒေသခံများ စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံပင်များရှိပြီး သမိုင်းနှင့်ဆက်စပ်သည့် နေရာတစ်ခုလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ဥယျာဉ်ခြံမြေသည် ၂၀၁၅ ခုနှစ်ကစပြီးမှ ဖျက်သိမ်းပြီး မိုင်းခွဲပြီး ကျောက်ထုတ်နေခြင်း နှစ်စဉ်လိုလိုဖြစ်ပါကြောင်း၊ နောက်ပြီး ၎င်းတောင်ခြေရင်းတွင် ဒေသခံများ မှီခိုအားထားနေရသည့် စားကျက်မြေများရှိပါကြောင်း၊ အဆိုပါ စားကျက်မြေများကလည်း မနှစ်က တပ်ကနေပြီး လယ်ယာအဖြစ်ပြောင်းလဲစိုက်ပျိုး လိုက်သည့်အခါ ဒေသခံများက အတော်လေး ဒုက္ခရောက်နေရသည့် အခြေအနေများ ရှိနေသည်ဆိုပြီး မိမိတို့ကိုလှမ်းပြီး အကြောင်းကြားပါကြောင်း၊ ထို့ကြောင့် မိမိမှက စာရေးပြီး အကူအညီတောင်းခံခဲ့ပါကြောင်း၊ စာထဲတွင် အဆိုပါ ဥယျာဉ်ခြံမြေနှင့် စားကျက်မြေများသည် ၂၀၁၅ ခုနှစ်ကတည်းက လွှဲပြောင်းပေးသည့် ထဲတွင်ပါသည်ဆိုပြီး မိမိကို စာဖြင့်ပြန်လည် အကြောင်းကြားခဲ့ပါကြောင်း၊ ၎င်းစာကို ဒေသခံများအား ပို့လိုက်ကြောင်း၊ ဒေသခံများကလည်း ဝမ်းသာအားရဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများဆီကို ပို့သည်ဆိုသဖြင့် အောက်ခြေတွင် မည်ကဲ့သို့ ဖြစ်နေသည်ဆိုသည်မှာ ၎င်းဝန်ကြီးဌာနက ထုတ်သည့်စာတွင် လွဲနေခြင်းဆိုပြီး ၎င်းတို့လုပ်နေသည့် အလုပ်ကို ပုံမှန်မပျက်လုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းကို မိမိတို့က ရှင်းရှင်းလင်းလင်း သိချင်ပါကြောင်း၊ အကယ်၍ ၎င်းစာက ဝန်ကြီးဌာနက ထုတ်ပြန်တာ အောက်ခြေကပြောသလို လွဲနေသည်ဆိုလျှင် အဆိုပါ ဥယျာဉ်ခြံမြေများမပါပါကြောင်း၊ စားကျက်မြေ များ မပါရှိဘူးဆိုလျှင် ပြည်သူများအတွက် တော်တော်ကိုအခက်အခဲ ဖြစ်နေသည့် အ‌ခြေအနေ ဖြစ်သည့်အတွက် ပြည်သူများကိုစာနာသည့်အနေဖြင့် ၎င်းဧက ၁၀၀ ကျော်ကို ဥယျာဉ်ခြံမြေနှင့် စားကျက်မြေများကို ပြည်သူလက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

မေးခွန်းပါ လယ်မြေ ၁၃၂.၇၀ ဧက၊ စားကျက်မြေ ၃၀ ဧကနှင့်‌ ဥယျာဉ်ခြံမြေ ၉၀ ဧက စုစုပေါင်း မြေဧရိယာ ၂၅၂.၇၀ ဧကဟာ အမှတ် (၅၃၉) ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေအတွင်းတွင် ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၆-၉-၂၀၀၁ ရက်စွဲပါစာအမှတ်၊ ၂၀၀/၂-၅ ဦး၁ဖြင့် မြေ ၃၀၀.၆၀ ဧကအား လည်းကောင်း၊ ၁၀-၁၀-၂၀၁၀ ရက်စွဲပါစာအမှတ်၊ ၃၀၀/၂-၄ ဦး၁ ဖြင့် မြေ ၁၄၇.၈၅ ဧက အားလည်းကောင်း၊ ၁၀-၁၀-၂၀၁၀ ရက်စွဲပါစာအမှတ်၊ ၃၀၀/၁-၈ ဦး၁ဖြင့်‌ မြေဧက ၁၄၆.၁၂ ဧကအား လည်းကောင်း စုစုပေါင်း ၅၉၄.၅၇ ဧကအား မြေပေးမိန့်များ အသီးသီးရရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မြေဧရိယာအတွင်း လယ်မြေ ၁၃၂.၇၀ ဧကအား လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံတော်သို့ ပြန်လည်အပ်နှံ ပေးခဲ့ပြီးဖြစ်သဖြင့်‌ လက်ရှိတပ်ပိုင်မြေ ၄၆၁.၈၇ ဧကသာ ကျန်ရှိပါကြောင်း၊ မေးခွန်းပါမြေများအနက် မြေ ၃၀.၁၂ ဧကအား တပ်ရင်းမှ ကိုယ်တိုင်စပါး စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ကျန်မြေများတွင် ကုန်းမြင့်များဖြစ်သဖြင့် လုံခြုံရေးအရ စစ်ဗျူဟာ အရေးကြီးမြေနေရာများ ဖြစ်ပါကြောင်း၊ ကျောက်ထုတ်လုပ်နေမှုများ တပ်ဧရိယာပြင်ပရှိ မြေနေရာများတွင် ဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်များမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ ခွင့်‌ပြုချက်ရယူပြီး ဆောင်ရွက်နေခြင်းသာ ဖြစ်ပါကြောင်းကို သိရှိရပြီး တပ်ပိုင်မြေများအတွင်း ကျောက်ထုတ်လုပ်မှု၊ ရောင်းချမှုများမရှိပါကြောင်း၊

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်းဦးပိုင်အမှတ် ၆၅၉ ရှိစားကျက်မြေ ၃၀ ဧက၊ ဥယျာဉ်ခြံမြေ ၉၀ ဧက၊ လယ်ယာမြေ ၁၃၂.၇၀ ဧက စုစုပေါင်း ၂၅၂.၇၀ ဧကအား ဒေသခံတောင်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့်‌ တစ်စုံတစ်ရာ စဉ်းစားဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာနထံသို့ ၂၄-၈-၂၀၁၈ ရက်စွဲပါစာဖြင့်‌ တင်ပြခဲ့ပါကြောင်း၊ အဆိုပါတင်ပြစာနှင့်‌ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ မြေများအား ပြန်လည်စွန့်လွှတ် အပ်နှံခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၈-၇-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်       (၁၈၇/၂၀၁၅) ဖြင့်‌ မြေ ၁၃၂.၇၀ ဧကအားလည်းကောင်း၊ ၃၀-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၃၅၉/၂၀၁၆) ဖြင့်‌ မြေ ၃၀ ဧကအားလည်းကောင်း၊ ၂၇-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၄၆/၂၀၁၆) နှင့်‌ (၁၅၄၇/၂၀၁၆) တို့ဖြင့်‌ မြေဧက ၉၀ ဧကအား လည်းကောင်း နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းထံသို့ ကာကွယ်ရေးဝန်ကြီးဌာန၏ ၃-၉-၂၀၁၈ ရက် နေ့ ရက်စွဲပါစာအမှတ်၊ ၂/၅၀ဗ-ခ (အုပ်ချုပ်ရေး) /ကကနဖြင့်‌ ပြန်ကြားခဲ့ပြီးဖြစ်ပါကြောင်း၊

တင်ပြစာတွင် ကျောက်တော်မြို့နယ်၊ အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်းဦးပိုင်အမှတ် ၆၅၉ ဟု ဖော်ပြထားသော်လည်း ကွင်းအမှတ် ၆၅၉ တွင် တပ်ပိုင်မြေဖြင့်‌ ရယူထားခြင်းမရှိဘဲ တပ်ပိုင်မြေ ၅၉၄.၅၇ ဧကသည် ကွင်းအမှတ် ၆၉၅ ၌သာ တည်ရှိသဖြင့်‌ ကွင်းအမှတ်ကို မှားယွင်းဖော်ပြ ထားပါကြောင်းနှင့်‌ စားကျက်မြေ ၃၀ ဧက၊ ဥယျာဉ်ခြံမြေ ၉၀ ဧကဟု ဖော်ပြထားသော်လည်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်‌ စာရင်းအင်းဦးစီးဌာန၏ မြေရာဇဝင် စိစစ်ချက်အရ မူလမြေ အမျိုးအစားမှာ စားကျက်မြေများသာ ဖြစ်သဖြင့် မြေအမျိုးအစားလည်း မှားယွင်းဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။ အထက်ပါတင်ပြစာနှင့်‌ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ပြီးကြောင်း ပြန်ကြားခဲ့ခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြစာတွင် လယ်မြေ ၁၃၂.၇၀ ဧက၊ စားကျက်မြေ ၃၀ ဧက၊ ဥယျာဉ်ခြံမြေ ၉၀ ဧက စုစုပေါင်း ၂၅၂.၇၀ ဧကဟု ဖော်ပြထားပြီး အမှတ် (၅၃၉) ခြေမြန်တပ်ရင်းမှ ပြန်လည်စွန့်လွှတ်ခဲ့ပြီးသော မြေများမှာလည်း တူညီနေသည့် အတွက်ကြောင့်‌ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြစာတွင် ကွင်းအမှတ်နှင့်‌ မြေအမျိုးအစားများ မှားယွင်းဖော်ပြထားခြင်းနှင့်‌ မြေ၏တည်နေရာ ဖော်ပြထားသည့်‌ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ကွင်းအမည်များအား တိကျစွာဖော်ပြခြင်း မရှိခြင်းကြောင့်‌လည်းကောင်း မိမိတို့က နေပြီး ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သည်ဟု ပြန်ကြားခဲ့ခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မေးခွန်းပါမြေများအနက် ၁၃၂.၇၀ ဧကအား လုပ်ထုံးလုပ်နည်းနှင့်‌အညီ ပြန်လည်စွန့်လွှတ် ပေးခဲ့ပြီးဖြစ်ခြင်း၊ ကျန်မြေရာသည် တပ်ရင်းအတွက် အမှန်ကတယ်လိုအပ်သည့်‌ မြေဧရိယာကိုသာ တိုင်းတာတွက်ချက် ရယူထားခြင်း၊ တပ်မှစတင် သိမ်းဆည်းစဉ်က အစိုးရစီမံခန့်ခွဲပိုင်ခွင့်‌ရှိသော စားကျက်မြေများဖြစ်ပြီး အခမဲ့လွှဲပြောင်းပေးခဲ့ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်းနှင့်‌ ကျောက်ထုတ်လုပ်နေမှုများတွင် တပ်ဧရိယာပြင်ပရှိ မြေနေရာများအား ဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်များမှ လုပ်ထုံးလုပ်နည်းများနှင့်‌အညီ သက်ဆိုင်ရာသို့ ခွင့်‌ပြုချက်ရယူပြီး ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း သိရှိရသည်ဖြစ်သည့်အတွက်ကြောင့်‌ တပ်ပိုင်မြေအတွင်း ကျောက်ထုတ်လုပ်မှုများ မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးဦးထွန်းဝင်း (ကျောက်တော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

မေးခွန်းမမေးခင် ၎င်းစာကို ဝန်ကြီးဌာနကိုမပို့ခင် သက်ဆိုင်ရာမြေစာရင်း၊ ဌာန၊ ပုဂ္ဂိုလ်များနှင့် မိမိတို့ကွင်းဆင်းပြီး သေချာလုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးဖြေသွားသည့်အထဲတွင် အဆိုပါမြေများက တပ်၏လုံခြုံရေးအရ စွန့်လွှတ်နိုင်ခြင်းမရှိကြောင်း ဆက်စပ်ပြီး မေးလိုသည့် မေးခွန်းက တပ်ကနေပြီး စားကျက်မြေများကို မစွန့်လွှတ်နိုင်လျှင် မူလအနေအထားအတိုင်း အဆိုပါမြေများကို မနှစ်က မြေရိုင်းတစ်ခုကို စိုက်ပျိုးတာတောင်မှ သေချာဖြစ်ထွန်းသည့် အခြေအနေမရှိပါကြောင်း၊ မနှစ်က တပ်ကနေ စိုက်ထားသည့် လယ်ယာစိုက်ခင်းများသည် မြေရိုင်းများထပြီး ဘာမှလည်းအကျိုးအမြတ် မရှိပါကြောင်း၊ သက်ဆိုင်ရာတပ်ကနေပြီး ဗိုလ်ကြီးများ၊ ဗိုလ်မှူးများဖြင့် မိမိတို့ဆွေးနွေးပါကြောင်း၊ သူတို့ကလည်း မိမိတို့ကိုပြောပါကြောင်း၊ အမှန်တကယ်လည်း အကျိုးအမြတ်မရှိပါကြောင်း တပ်အတွက်ဘာမှလည်း အကျိုးအမြတ် မရှိပါကြောင်း၊ ပြည်သူများအတွက် ၎င်းတို့၏ကျွဲ/နွားများ အခက်အခဲဆိုတာ တောင်သူလယ်သမားများ၏ အခက်အခဲပင် ဖြစ်ပါကြောင်း၊ တစ်ခုတည်းသောစားကျက်နှင့် အခက်အခဲ ဖြစ်နေသည့်အတွက် မစွန့်လွှတ်နိုင်လျှင် ၎င်းကို ပုံမှန်အနေအထားအတိုင်း စားကျက်မြေအဖြစ်  ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်‌နွယ်

 

ပြည်ထောင်စုဝန်ကြီးထံ ကာကွယ်ရေးဝန်ကြီးဌာနကို စာဖြင့်ပေးပို့ခြင်းရှိပါကြောင်း၊ အဆိုပါစာကို လက်ခံရရှိပြီး စာတွင်ပါရှိသည်မှာ မိမိတို့ကနေပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းကို အရေးယူပြီး မိမိတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုမေးသည့် မြေသည် ၆၅၉ ဟုခေါ်သော်လည်း တပ်ကမြေက ၆၉၅ ထဲတွင် တပ်ပိုင်မြေမရှိပါကြောင်း၊ ၆၉၅/၆၉၆ တွင်ရှိပါကြောင်း၊ သို့သော် စွန့်လွှတ်လိုက်သည့် မြေနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် မြေအမျိုးအစားများက တူနေသည့်အတွက်ကြောင့်‌ တောင်သူလယ်သမားများနှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးစေလိုသည့် စေတနာဖြင့်‌ စွန့်လွှတ်ပေးကြောင်းကို အကြောင်းပြန်ကြားခြင်း ဖြစ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ကြီးကိုလည်း တပ်ကိုယ်စားလှယ် များနှင့်လည်း ရှင်းလင်းပြပြီးကြောင်းလည်း မိမိအနေဖြင့်သိရှိထားပါကြောင်း၊ အမှတ် (၅၃၉) ခြေမြန်တပ်ရင်းအနေဖြင့် တပ်တည်ဆောက်ရာတွင် သိမ်းဆည်းသည့်အခါဆိုလျှင် ၆၉၅/၆၉၆ တွင် မိမိတို့ဆီမှာရှိသည့် မြေများဖြစ်ပါကြောင်း၊ ကျန်သည့် လွှတ်တော်ကိုယ်စားလှယ်ကြီး ယခင် မေးသည့် အထဲတွင် ၆၅၉ သည် မိမိတွင် မပါသည့်အတွက်ကြောင့်‌ စပြီးမေးကတည်း ကွင်းအမှတ်များက ကွဲလွဲနေသည်ကို တွေ့ရှိရပါကြောင်း၊ တင်ပြစာတွင်ဖော်ပြသည့် စားကျက်မြေ ၃၀ ဧက၊ ဥယျာဉ်ခြံမြေ  ၉၀ ဧကတို့ကိုလည်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနများတွင် ‌မြေရာဇဝင်များကို မိမိတို့သွားရောက် စစ်ဆေးပါကြောင်း၊ စစ်ဆေးသည့် မှတ်တမ်းများလည်း ရှိပါကြောင်း၊ ၎င်းတို့ထဲတွင်လည်း မူလမြေများသည် စားကျက်မြေများ ဖြစ်သည့် အတွက်ကြောင့်‌ မြေအမျိုးအစားလည်းကွဲလွဲနေပါကြောင်း၊ တပ်တွင် သိမ်းဆည်းသည့်မြေများမှာ တပ်ပိုင်အတွက် လိုအပ်ချက်အရ သိမ်းဆည်းသည့်အခါမှာလည်း များသောအားဖြင့် လယ်မြေများကိုရှောင်ပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်‌ရှိသည့် စားကျက်မြေများကိုသာ သိမ်းဆည်းခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း မေးခွန်းနှင့် ပတ်သက်၍ ယခင်လွှတ်တော်ကိုယ်စားလှယ်ကြီး မိမိတို့ဆီကို စာဖြင့်ပေးပို့တုန်းကလည်း ဖြေကြားပြီးဖြစ်သကဲ့သို့ ယခုလည်း အောက်ခြေကွဲလွဲ ချက်များကို စိစစ်ဖြေကြားပြီးသည့်အတွက်ကြောင့်‌ အပြည့်အစုံဖြေပြီးသည့်အတွက် ထပ်မံဖြေကြားရန် မရှိတော့ပါကြောင်း၊ စားကျက်မြေနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိသည်ကိုလည်း သိရပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး အဖြေမပေးနိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနကို လိုအပ်ချက်များကို အကျိုးအကြောင်းဖော်ပြပြီး ပြည့်‌ပြည့်စုံစုံ စာရေးပြီး စာဖြင့်ရေးသား ဆက်သွယ်ပေးပါ မိမိတို့မှ သက်ဆိုင်ရာစိစစ်တင်ပြပြီး ပြန်လည်စွန့်လွှတ်ပေးနိုင်က ပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်သဖြင့် ယခုတွင် မိမိတို့လည်း အဖြေမပေးနိုင်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်‌နွယ်