Skip to main content

 

ဖားဆောင်းမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်တွင် ကိုယ်ထူကိုယ်ထဖြင့် ရပ်ရွာမှ ဆောက်လုပ်ပေး ထားသော မူကြိုကျောင်းများသည် ဟောင်းနွမ်းပျက်စီးခြင်း၊ အန္တရာယ်ဆောင်များအဖြစ် သတ်မှတ်ခံ ရခြင်း၊ ခြံစည်းရိုးများမရှိခြင်းဖြစ်နေပါသဖြင့် အမှန်တကယ်လိုအပ်သော မူကြိုကျောင်းနှင့် ကျောင်းခြံစည်းရိုးကို အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ဖားဆောင်းမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု၍ ဖွင့်လှစ်ထားသော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းကို ၁၉၈၅-၈၆ ဘဏ္ဍာရေးနှစ်တွင် ဝ.၁၄၉ မြေဧက အကျယ်ရှိ မြောက်ပိုင်းရပ်ကွက်တွင် ဆောက်လုပ်ခဲ့ပါကြောင်း၊ ဖားဆောင်းမြို့နယ် ပြည်သူ့ကောင်စီလက်ထက်တွင် ကလေးသူငယ်များ၏ အသိဉာဏ်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိဘများဖြင့် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းပြီး စေတနာရှင်များ လှူဒါန်းမှုဖြင့် ပျဉ်ခင်း၊ ပျဉ်ကာ၊ ဖက်မိုးတစ်ထပ်မူကြိုကျောင်းကို ကျောင်းသားဦးရေ ၅၀ ကျော်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ မြောက်ပိုင်းမူကြိုကျောင်း အဖြစ်လည်း ခေါ်ဆိုကြပါကြောင်း၊ ၁၉၉၉ ခုနှစ်မှာဆိုရင် သွပ်အလှူရှင်မှ သွပ်လှူဒါန်းသဖြင့် သွပ်မိုးအဖြစ် ပြန်လည်ဆောင်ရွက် ခဲ့သော်လည်း ယခုထိနှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ကျောင်းဆောင်များသည် ဟောင်းနွမ်းပျက်စီးပြီး အခင်းအကာအချို့ ပျက်စီးယိုယွင်း၍ အန္တရာယ်အဖြစ် မြင်တွေ့နေရပါကြောင်း၊ မူလတန်းကြိုကျောင်းကို လွိုင်ကော်-မော်ချီး-တောင်ငူ ပြည်ထောင်စုလမ်းမဘေးတွင် တည်ရှိပြီး ကျောင်းခြံစည်းရိုးများ မရှိခြင်းကြောင့် ကလေးများအတွက် အလွန်အန္တရာယ်များသဖြင့် ကျောင်းသားမိဘများက မိမိတို့ကလေးများကို မူကြိုကျောင်းတွင် လာရောက်ထားသော်လည်း စိုးရိမ်ကြောင့်ကြဖြစ်နေရပါကြောင်း၊ ဖားဆောင်းမြို့တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းကို လာရောက်ထားသည့် ကလေးများဆိုလျှင် အစိုးရဝန်ထမ်း သားသမီးများနှင့် တောင်သူ၊ လက်လုပ်လက်စားသားသမီးများ အများဆုံးဖြစ်ကြပါကြောင်း၊

တောင်ပိုင်းမူကြိုကျောင်းတွင်လည်း ကျောင်းသားဦးရေ ၅၀ ကျော်ရှိနေပြီး ကျောင်းဆောင်နှင့် ကျောင်းသားဦးရေက မကိုက်ညီသောကြောင့် များစွာအခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ မူကြိုကျောင်း နှစ်ကျောင်းတွင်ရှိသည့် ဆရာမများကို ကလေးမိဘများ ထည့်ဝင်သော လစဉ်ကြေးဖြင့်သာ အနည်းငယ် ထောက်ပံ့နိုင်ပါကြောင်း၊ ၁၉၉၅ ခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ခြင်းများ ရှိပါကြောင်း၊ ကလေးများအတွက် လိုအပ်သော ဆရာမထောက်ပံ့ငွေများ၊ ကစားကွင်းနှင့် သင်ထောက်ကူ ပစ္စည်းများကို နိုင်ငံတော်၏ဘဏ္ဍာရေးနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မူကြိုကျောင်း နှစ်ကျောင်းကိုပေါင်းပြီး တစ်ကျောင်းတည်း တည်ဆောက် ပေးရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ပိုင်းမူလတန်းကြို ကျောင်းနှင့် မြောက်ပိုင်းမူလတန်းကြိုကျောင်းရှိ ကလေးများ အတွက် သပ်ရပ်ပြီး လုံခြုံမှုရှိသည့် စံကိုက်မူကြိုကျောင်းဆောင်ကို ဆောက်လုပ်ပေးပြီး လူမှုဝန်ထမ်း ဦးစီးဌာန၏ စီမံခန့်ခွဲမှု နေ့ကလေးထိန်းကျောင်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မူကြိုအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာမှတည်ထောင်ထားသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ထောက်ပံ့ကြေးများပေးခြင်း၊ မူလတန်းကြိုကျောင်းများ မရှိသောဒေသများတွင် ကလေးနှင့်ကလေး မိခင်များအား စုစည်း၍ မိခင်ဝိုင်းများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

လူမှုဝန်ထမ်းဦးစီးဌာနက လက်ရှိမူလတန်းကြိုကျောင်း ၁၂၄ ကျောင်းဖွင့်လှစ်ထားရှိပြီး ကလေးဦးရေ ၁၇၈၇၀ ဦးကို ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ECCD နည်းလမ်းများနှင့်အညီ ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဦးစီးဌာနတည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသော ရပ်ရွာအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း  ၁၀၂၅ ကျောင်းရှိ တာဝန်ခံနှင့် စာသင်ဆရာမများ  လစာငွေဖြင့် တစ်ကျောင်းကို တစ်နှစ်လျှင် ကျပ်ခြောက်သိန်း၊ သင်ထောက်ကူ ပစ္စည်းဝယ်ယူရန်အတွက် တစ်နှစ်လျှင် ကျပ်တစ်သိန်း စုစုပေါင်း ခုနစ်သိန်းဖြင့် နှစ်စဉ်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ကယားပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မူလတန်းကြို ကျောင်းနှစ်ကျောင်းနှင့် ဖားဆောင်းမြို့နယ်မှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း နှစ်ကျောင်းအပါအဝင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းပေါင်း ၄၂ ကျောင်းရှိပြီး ဦးစီးဌာနမှ အဆိုပါ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယခု ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ကျပ် ၂၉.၄ သန်းကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်တစ်မြို့နယ်တွင် အနည်းဆုံးစံပြ မူလတန်းကြိုကျောင်း တစ်ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိသော်လည်း နှစ်စဉ်ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ဆောင်ရွက်ရသည့်အတွက် အရေအတွက်အားဖြင့် များစွာတိုးချဲ့နိုင်ခြင်း မရှိသေးပါကြောင်း၊ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် နှစ်စဉ်စီမံကိန်းများတွင် လျာထားတောင်းခံခြင်း၊ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများကို ဦးစီးဌာနပိုင်အဖြစ် လွှဲပြောင်းလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အထူးအားဖြင့် မြို့ပေါ်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို သတ်မှတ်ချက်နှင့်ပြည့်စုံပါက လွှဲပြောင်း လက်ခံနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ တည်ဆောက်ခြင်း၊ အဆောက်အဦပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီးဌာန ရန်ပုံငွေမှကျခံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘဲ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အစိုးရမူလတန်းကြိုကျောင်းများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများအတွက်သာ လူမှုဝန်ထမ်း ဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေမှ ကျခံဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ခံနှင့် စာသင်ဆရာမများ၏ လစာငွေနှင့် ကျောင်းပြင်ဆင်စရိတ်များကို သင့်တော်သော နှုန်းထားဖြင့် သတ်မှတ်၍ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ တောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခု ဖားဆောင်းမြို့နယ်ရှိ ဖားဆောင်းမြို့မှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကို မိမိတို့ဌာနပိုင်မူလတန်းကြို ကျောင်းအဖြစ် လွှဲပြောင်းပေးအပ် နိုင်ရေးအတွက်ကို ဖားဆောင်းမြို့မှ ကိုယ်‌့အားကိုယ်ကိုး မူလတန်းကြို ကျောင်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌက ကယားပြည်နယ် လူမှုဝန်ထမ်းရုံးမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ချက်များနှင့် ပြည့်စုံအောင် စီစဉ်ပြီးမှ လွှဲပြောင်းလက်ခံပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတောင်းခံပြီး ရန်ပုံငွေရရှိပါက အသစ်ပြန်လည် တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြို့မကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းကို လူမှုဝန်ထမ်းဦးစီးဌာနက သတ်မှတ်ချက်များနှင့်အညီ လွှဲပြောင်းလက်ခံရယူပြီး လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အစိုးရဌာနပိုင် စံပြမူလတန်းကြိုကျောင်းအဖြစ် ရန်ပုံငွေတောင်းခံ၍ အသစ်ပြန်လည်တည်‌ဆောက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။