Skip to main content

 

ကျောက်တန်းမြို့နယ်တွင် ပင်လယ်နှင့်ထိစပ်နေသော ကျေးရွာ ၁၀ ရွာရှိပါကြောင်း၊  မီးပြကျေးရွာ၊ ချောင်းဝကျေးရွာ၊ ကုလားတန်းကျေးရွာ၊ ရှမ်းချောင်းကျေးရွာတို့မှာ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် တပ်စခန်းများထားရှိပြီး ရေကြောင်းရဲတပ်ဖွဲ့ဝင်များလည်း ရှိပါကြောင်း၊ ပင်လယ်နှင့်ထိစပ်နေသော ကျေးရွာများကို ကွင်းဆင်းသွားသည့်အခါ ရေကြောင်းလုံခြုံရေးနှင့် ပတ်သက်သည့် အခြေအနေကို စိုးရိမ်မိပါကြောင်း၊ ထို့ပြင် ကျေးရွာသူ/သားများကလည်း တရားမဝင်ကျွဲ၊ နွားများတင်ပို့သော ကိစ္စမျိုးများ တရားမဝင်ဝင်ရောက်သည့် ကိစ္စမျိုးများမှာ တိုင်ကြားခြင်းရှိသောကြောင့် မိမိအနေဖြင့် ၂၀-၄-၂၀၁၇ ရက်နေ့မှ မုတ္တမပင်လယ်ကွေ့အပါအဝင် မြန်မာ့ရေပိုင်နက်တွင် လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေကို ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့သည့်အခါ ပြန်လည်ဖြေကြားပေးသော အခြေအနေက စိတ်သက်သာရာ ရခဲ့ပါကြောင်း၊ သို့သော်လည်း ၂၈-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန် (တောင်ပိုင်း) ခရိုင်၊ သုံးခွမြို့နယ်၊ သမစိတ်တိကျေးရွာမှ ရေမိုင်ခြောက်မိုင် အကွာအဝေးတွင် ပိုင်ရှင်မဲ့သင်္ဘောကြီးကို ပြည်သူတစ်ယောက်မှ တွေ့ပြီး သတင်းပေး၍ သိရှိခဲ့ရပါကြောင်း၊ ၁၆-၁၁-၂၀၁၈ ရက်နေ့နံနက် ၅ နာရီတွင်လည်း ရန်ကုန် (တောင်ပိုင်း) ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကံဘဲ့ကျေးရွာတွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့ပါကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ တရားမဝင်ဝင်ရောက်သူ ၉၃ ဦး၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တနင်္သာရီ ကမ်းရိုးတန်းတွင် ဒုက္ခသည် ၃၈ ဦး တစ်လအတွင်း လှေနှင့်ထွက်ပြေးလာသူ ၂၃၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တပ်မတော်ရေယာဉ်နှင့် နေရပ်ကိုပြန်ပို့ ခဲ့ရပါကြောင်း၊ ရခိုင်ဒေသကထွက်လာပြီးမှ တနင်္သာရီ ကမ်းရိုးတန်းနှင့် ရန်ကုန်အတွင်းတွင် ယခုလို တွေ့ရှိသည့်အခြေအနေကို သိရှိရသည့်အခါ မိမိအနေဖြင့် မြန်မာ့ပင်လယ်ရေကြောင်းတွင် လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေများကို စိုးရိမ်ပူပန်မိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံက ကမ်းရိုးတန်းအရှည်ပေါင်း မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသော နိုင်ငံဖြစ်ပြီး မိမိတို့ကမ်းရိုးတန်းတွင် ရေပြင်နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် ပင်လယ်ရေပြင် ရှာဖွေကယ်ဆယ်ရေးများ၊ ကမ်းလွန်ရေတူးဖော်ရေး လုပ်ငန်းများ တိုးချဲ့တည်ဆောက် လာသောကြောင့် ရေနက်ဆိပ်ကမ်းများနှင့် သဘာဝပတ်ဝန်းကျင် သယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်အတွက် ခေတ်နှင့်ကာလ တိုးတက်ဖြစ်ပေါ်သည့် စိန်ခေါ်မှုများဖြစ်သည့် ရေကြောင်းမတော်တဆမှုများ၊ သဘာဝအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ရေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးများက လိုအပ်လျက် ရှိနေသေးပါကြောင်း၊ ထို့အပြင် လူကုန်ကူးခြင်း၊ တရားမဝင်ဝင်ရောက်ခြင်း၊ မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတို့အပြင် တရားမဝင်ငါးဖမ်းခြင်းစသည့် ဥပဒေမဲ့ လုပ်ရပ်များကိုလည်း ထိရောက်စွာ ကာကွယ်တားဆီးရန်အတွက် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့များလည်း လိုအပ်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊

ပင်လယ်နှင့်ထိစပ်နေသော နေရာများ၏ ရေကြောင်းရဲတပ်ဖွဲ့များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်ရေယာဉ်နှင့် နယ်မြေကမ်းရိုးတန်း တပ်ရင်း၊ တပ်ဖွဲ့များ၊ တပ်မတော် သားများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ ပြည်သူ့စစ်တပဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပြီး ပင်လယ်ရေကြောင်းတစ်လျှောက်တွင် လုံခြုံရေးတရားမဝင် ဝင်ထွက်မှုမရှိရေး၊ ကျွဲ၊ နွား၊ သယံဇာတပစ္စည်းများ ပြည်ပသို့တရားမဝင် တင်ပို့ခြင်းနှင့် ပြည်ပမှတရားမဝင်ပစ္စည်းများ တင်သွင်းမှု မရှိရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအပါအဝင် ရာဇဝတ်မှုမဖြစ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက် ပေးနေပါသည်ဆိုသော်လည်း မြန်မာ့ပင်လယ် ရေပိုင်နက်အတွင်းတွင် သင်္ဘောများ၊ စက်လှေများ ဝင်ရောက်လာသည်များကို ဒေသခံပြည်သူများ သတင်းပေးမှ သိရှိရသည့်အတွက်ကြောင့် မိမိတို့ ဒေသခံပြည်သူနှင့် နိုင်ငံသူနိုင်ငံသားများက စိုးရိမ်ပူပန်လျက် ရှိပါကြောင်း၊ မြန်မာ့ပင်လယ်ပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများကို ခေတ်မီ Rader စနစ်များ၊ စက်ကိရိယာပစ္စည်းများနှင့် အသုံးပြုမှု ပိုင်းမှာလည်း လိုအပ်လျက်ရှိနေသည်ဟု ယူဆပါကြောင်း၊ ရေကြောင်းတပ်စခန်းများ လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးခြင်းလည်း ယခုထက် ပိုမိုကောင်းမွန်စွာဖြင့် မြန်မာ့ပင်လယ်ရေကြောင်းနှင့် မြန်မာ့ပင်လယ်ရေနှင့် ထိစပ်နေသော နေရာများ၏ လုံခြုံရေးကို တာဝန်ယူပေးနိုင်ရန်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း၊ နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

တပ်မတော် (ရေ) အနေဖြင့် မြန်မာ့ပင်လယ်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်ဆင်ရေး၊ နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာများကို လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးစသည့် လုပ်ငန်း တာဝန်များကို စစ်ရေယာဉ်များဖြင့် သက်ဆိုင်ရာ ရေပြင်ဧရိယာများအလိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ထိုသို့ဆောင်ရွက်မှုများကြောင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်နှစ်ကုန်အထိ ပြည်တွင်းငါးခိုးလှေ  ၉၄ စီး၊ ပြည်ပငါးခိုးလှေ ၈၃ စီး၊ ငါးမိုင်းခွဲလှေ ၃၉ စီး၊ မှောင်ခိုလှေ ၃၀ စီး၊ စည်းကမ်းပျက်ငါးဖမ်းလှေ ၁၀၀ စီး၊ မူးယစ်ဆေးဝါး သယ်ဆောင်လှေ ၇၇ စီး၊ သစ်ခိုးလှေ ၂၆၀ စီး၊ လူမှောင်ခိုလှေ ၁၇ စီး၊ တရားမဝင်ဆီတင် လှေငါးစီး၊ ကျွဲ၊ နွား၊ ဆိတ်မှောင်ခိုလှေ ၅၄ စီး၊ တရားမဝင်စက်တပ် လက်ခတ်လှေ ခုနစ်စီး စုစုပေါင်း ၇၆၆ စီးတို့အား မြန်မာနိုင်ငံသားတရားခံ ၃၆၇၇ ဦး၊ နိုင်ငံခြားသားတရားခံ ၁၅၉၈ ဦး စုစုပေါင်း ၅၂၇၅ ဦး တို့နှင့်အတူ ဖမ်းဆီးပေးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတန်ဖိုးငွေမှာ ကျပ်ဘီလီယံ ၂၂၀ ကျော် ဖြစ်ပါကြောင်း၊ မြန်မာ့ပင်လယ်ပြင်ဧရိယာသည် ၁၄၄၉၁၂.၉၄၆၇ စတုရန်းမိုင်ကျယ်ဝန်းပြီး ကမ်းရိုးတန်း အရှည်သည် ၁၂၆၀.၀၅၆ ရေမိုင်ရှည်လျား၍ တပ်မတော်(ရေ)အနေဖြင့် စစ်ရေယာဉ်များဖြင့်  စောင့်ကြပ်ကြည့်ရှု ထောက်လှမ်းခြင်းများအပြင် အရေးကြီးအချက်အချာ ရေလမ်းကြောင်းများတွင် ကမ်းရိုးတန်း စောင့်ကြည့်ရေဒါ (Coast Watcher Radar) များတပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ တပ်မတော် (လေ) နှင့် ပူးပေါင်း၍ ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ် (Maritime Patrol Aircraft-MPA) များဖြင့် ကင်းလှည့်ခြင်းဖြင့်လည်းကောင်း၊ ကမ်းရိုးတစ်လျှောက်နှင့် မြန်မာ့ရေပြင် ပိုင်နက်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသော ရေယာဉ်များကို စစ်ရေယာဉ်များဖြင့် လည်းကောင်း စောင့်ကြပ်ကြည့်ရှု ထောက်လှမ်းလျက် ရှိပါကြောင်း၊

တပ်မတော် (ရေ) အနေဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၌ ကမ်းရိုးတန်းစောင့်ကြည့် ရေဒါ (Coast Watcher Radar) များတပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ အရေးကြီး အချက်အချာ ရေလမ်းကြောင်းနေရာတွင် တပ်ဆင်ခဲ့ပြီးဖြစ်သော်လည်း ကမ်းရိုးတန်းတစ်ခုလုံးကို ခြုံငုံမိစေရန် ရေဒါများ ဆက်လက်တပ်ဆင်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းစောင့်ကြည့် ရေဒါမှ ရေဒါပုံရိပ်များ ဖမ်းယူရရှိသော်လည်း ရေယာဉ်များတွင် တပ်ဆင်ထားသော အလိုအလျောက် ရေယာဉ် စိစစ်ခွဲခြားသည့် စနစ် (Automatic Identification System-AIS)၊ ရေယာဉ်စောင့်ကြည့်ရေး စနစ် (Vessel Monitoring System-VMS) များဖြင့် ရန်သူ၊ မိတ်ဆွေခွဲခြားဆောင်ရွက်ရပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (International Maritime Organization-IMO) ၏ စံသတ်မှတ်ချက်အရ တန်ချိန် ၃၀၀ အထက်ရှိရေယာဉ်များတွင် အလိုအလျောက် ရေယာဉ်စိစစ်ခွဲခြားရေး စနစ် (AIS) တပ်ဆင်ခြင်းဖြင့် လည်းကောင်း၊ တန်ချိန် ၃၀၀ အောက်ရှိသော ရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့်ရေး စနစ် (VMS) ကဲ့သို့ စနစ်များ တပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ ရေယာဉ်ငယ်များမှ ထုတ်လွှင့်သည့် Transponder များ တပ်ဆင်ခြင်းတို့ဖြင့် စောင့်ကြပ်စိစစ်ခွဲခြားခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့သော်လည်း မိမိတို့မြန်မာနိုင်ငံတွင် ရေယာဉ်စောင့်ကြည့်ရေး စနစ် (VMS) တပ်ဆင် အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့်အတွက် တပ်မတော် (ရေ) ကမ်းရိုးတန်း စောင့်ကြည့်ရေဒါများ အနေဖြင့် တန်ချိန် ၃၀၀ နှင့်အထက် ရေယာဉ်များကို ရန်သူ၊ မိတ်ဆွေ စိစစ်ခွဲခြားနိုင်သော်လည်း တန်ချိန် ၃၀၀ အောက် ရေယာဉ်များဖြစ်သည့် ငါးဖမ်းရေယာဉ်များနှင့် အခြားရေယာဉ်များအား ရေဒါပုံရိပ်ဖမ်းယူ ရရှိသော်လည်း ရန်သူ၊ မိတ်ဆွေစိစစ်ခွဲခြားနိုင်ခြင်း မရှိသေးပါကြောင်း၊ မြန်မာ့ပင်လယ်ပြင်သည် ဧရိယာ ၁၄၄၉၁၂.၉၄၆၇ စတုရန်းရေမိုင် ကျယ်ဝန်းပြီး ကမ်းရိုးတန်းအရှည် ၁၂၆၀ ရေမိုင်ကျော်ရှည်လျားသော မြန်မာ့ပင်လယ်ပြင်အား လုံခြုံစိတ်ချစွာ ကာကွယ်နိုင်ရန် တပ်မတော် (ရေ) နှင့် အခြားရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သော မြန်မာနိုင်ငံရေကြောင်းရဲတပဖွဲ့၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနစသည့် ဌာနများမှပူးပေါင်း၍ ရေကြောင်းလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက် သွားရမည်ဖြစ်ပြီး ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ အဓိက ဆောင်ရွက်ရသည့် ကမ်းခြေစောင့်တပဖွဲ့အား နိုင်ငံတကာနည်းတူ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊

ကမ်းခြေစောင့်တပ ဖွဲ့များအနေဖြင့် မြန်မာ့ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေး၊ ကုန်သွယ်ရေကြောင်းလမ်းများ၊ ရေယာဉ်နှင့်ဆိပ်ကမ်းများ ဘေးကင်းလုံခြုံရေး၊ ရေကြောင်း မတော်တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ စွမ်းအင်သယံဇာတနှင့် ငါးလုပ်ငန်းစသည့် ရေကြောင်းအကျိုး စီးပွားများအား ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှု ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ရေကြောင်းနယ်နိမိတ် စောင့်ကြပ်ကြည့်ရှုရေး၊ မြန်မာ့ကမ်းရိုးတစ်လျှောက် သွားလာနေသော အပန်းဖြေစက်တပ် ရွက်လှေခရီးစဉ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော ကျွန်းများရှိ အပန်းဖြေပြည်သူများနှင့် ရေလုပ်သားများ၏လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက် ပေးရေးစသည်တို့ကို အဓိကဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ကမ်းခြေစောင့် တပဖွဲ့ ဖွဲ့စည်းထားခြင်းမရှိသေး၍ ၎င်းတာဝန်ဝတ္တရားများကို တပ်မတော် (ရေ) မှ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ၏ ပုဒ် ၃၃၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်တော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်၊ ပုဒ် ၃၃၉ တွင် နိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ်များ ကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင်ရမည်ဟူ၍ ပြဋ္ဌာန်းထားရှိသည့်အတွက် မြန်မာ့တပ်မတော် အနေဖြင့် ကမ်းခြေစောင့်တပဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ထားရှိ၍ အထက်အပိုဒ် (စ) ပါ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် လွှတ်တော်သို့တင်ပြ အတည်ပြုရယူပြီး ဖွဲ့စည်းတာဝန်ပေးအပ်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကမ်းခြေစောင့်တပဖွဲ့အား ဖွဲ့စည်းပြီးပါက တပ်မတော်၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့် တပဖွဲ့၊ မြန်မာနိုင်ငံရေကြောင်း ရဲတပဖွဲ့၊ အကောက်အခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနစသည့် ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူကိုယ်စားလှယ်များ ပါဝင်သော Integrated Command Central (ICC) တစ်ခုဖွဲ့စည်းတည်ထောင်၍ တပ်မတော် (ရေ) ဦးဆောင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား သတင်းအချက်အလက်များ ရယူဖလှယ်ပြီး အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်တုံ့ပြန် ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အား ပိုမိုလုံခြုံစိတ်ချစွာ ကာကွယ်စောင့်ရှောက် သွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်၍ ကမ်းခြေစောင့်တပဖွဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိသေးမီ ရေယာဉ်ဝင်/ထွက် သွားလာမှု များပြားရှုပ်ထွေးပြီး ထောက်လှမ်းစောင့်ကြပ် စိစစ်ခွဲခြားရန်ခက်ခဲသည့် ရေကြောင်းလမ်းများအား တပ်မတော် (ရေ) အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ချိတ်ဆက်ပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင်ရေကြောင်း လုံခြုံရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်