Skip to main content

 

လွှတ်တော်အစည်းအဝေး ရပ်နားသည့်အချိန်များတွင် မိမိတို့၏ မဲဆန္ဒနယ်များကိုသွားရောက်ပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက  ဖိတ်ကြားသဖြင့် အခမ်းအနားများကို တက်ရောက်ခြင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင် အဖွဲ့အစည်းများ၏ အစည်းအဝေးများမှ သတင်းရယူခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို နားလည်မှုပေးနိုင်သော်လည်း လွှတ်တော်အတွေ့အကြုံရှင်းလင်းသည့် နေရာတွင် ၎င်းတို့၏ စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းများသည် မဲဆန္ဒရှင်ပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်ပါ လွတ်လပ်မှုမရှိ၊ လုံခြုံမှုမရှိ၊ တရားဥပဒေစိုးမိုးမှုမရှိသကဲ့သို့ ခံစားနေရပါကြောင်း၊ --၂၀၁၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်   နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေပုဒ်မ ပုဒ်မခွဲ () တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာပြောဆို ပိုင်ခွင့်ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားခြင်းရှိပါကြောင်း၊ ထို့အပြင် ၎င်းဥပဒေပုဒ်မ ပုဒ်မခွဲ () တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေ သော သို့မဟုတ် လူ့သိက္ခာကို ထိခိုက်စေသော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းတို့ မပြုရဆိုပြီး ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ယခုလို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များက ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၆၂ ပါ ပြည်သူအများက ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအားရွေးချယ်ပေးသည့် မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသော အများကလေးစားထိုက်သည့် ပုဂ္ဂိုလ်များဖြစ်သည် ဆိုသည့် ပြဋ္ဌာန်းချက်ကို အဟောသိကံ ဖြစ်စေသည့်အတွက်ကြောင့် မိမိမေးမြန်းလိုသည်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ လွှတ်တော်ကိုယ်စားလှယ်များအပေါ် စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိနှင့် ၎င်းတို့အား လွှတ်တော်ကိုယ်စားလှယ်များအား စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းဆောင်ရွက်ရန် သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်းရှိ/မရှိအပြင် ယခုလိုစောင့်ကြည့်ရန်၊ သတင်းရယူရန်၊ ညွှန်ကြားထားခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မတွင် ဖော်ပြထားသည့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုဆိုသည်မှာ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဆိုသည်မှာ ဆိုသည့်စကားရပ်၏ အဓိပ္ပာယ်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့်လည်း ရှင်းလင်းတင်ပြသွားပြီး ဖြစ်သည့်အတွက်ကြောင့် အဆိုပါ အဓိပ္ပာယ်သတ်မှတ်ချက်များကို ထပ်မံရှင်းလင်းဖော်ပြစရာ မလိုအပ်သည့်အတွက် ထပ်မံ၍ပြောကြားရန် မလိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်ရပ်နားချိန်တွင် သက်ဆိုင်ရာမဲဆန္ဒ နယ်များအတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာအခမ်းအနားများ တက်ရောက်ခြင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးများသို့ တက်ရောက်ခြင်းများမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စများသာဖြစ်ပါကြောင်း၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် သက်ဆိုင်ရာနယ်မြေ အတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ဒေသဖွံ့ဖြိုးရေး ထူးခြားမှု သတင်းများအားရယူပြီး ဒေသအတွင်းရှိ အရေးကြီးအဆောက်အဦများနှင့် အရေးကြီး ပုဂ္ဂိုလ်များအား မသမာသူများမှ ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း မခံရစေရေးအတွက် လည်းကောင်း ကြိုတင်သတင်းရယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လွှတ်တော် ကိုယ်စားလှယ်များသို့ ပုဂ္ဂိုလ်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်သတင်းရယူခြင်းမျိုး မဟုတ်ကြောင်း တွေ့ရှိရပါသည်။

အဆိုပါ ကိစ္စရပ်များတွင်လည်း တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက ပြည်သူလူထု၊ သတင်းမီဒီယာအပါအဝင် အခြားသူများ အလွယ်တကူ တွေ့မြင်သိရှိနိုင်သည့် ကိစ္စရပ် များဖြစ်သည့်အပြင် ထိုကဲ့သို့ လူထုအားပွင့်လင်းမြင်သာစွာ ထိတွေ့ဆောင်ရွက်မှုများမှာ လွှတ်တော် ကိုယ်စားလှယ်များသာမက တပ်မတော်အပါအဝင် အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများမှလည်း ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပိုင်သတင်းဌာနများတွင်လည်းကောင်း၊ အခြားပုဂ္ဂလိက သတင်းမီဒီယာများတွင်လည်းကောင်း၊ လူမှုကွန်ရက်များတွင်လည်းကောင်း ဖော်ပြ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း၊

အကယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုအခြေပြု ဆောင်ရွက်မှုများနှင့် အစိုးရ အဖွဲ့အစည်းများ၏ ဖိတ်ကြားမှုကြောင့် အစည်းအဝေးတက်ရောက်မှုများအား သတင်းရယူမှုကို ဥပဒေနှင့် ညီညွတ်မှုမရှိဟု သတ်မှတ်လိုက်မည် ဆိုပါက တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ သာမက အခြားသတင်းရယူသူအားလုံးပါ အကျုံးဝင်သက်ရောက် သွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သကဲ့သို့ လူထုအကြားတွင်ဖြစ်စေ၊ တရားဝင် အခမ်းအနားတွင်ဖြစ်စေ အစိုးရအဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက် မှုများမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် သတင်းရယူနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် နည်းလမ်းများစွာ ရှိနေနိုင်ပါကြောင်း၊ ထိုအခြေအနေတွင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းရယူမှုအား ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းဖြစ်သည်ဟု မဆိုနိုင်ဘဲ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်မှု၊ ပြောကြားမှုများအပေါ် မမှန်မကန်လုပ်ကြံဖန်တီး၍ သတင်းမှားများ ဖန်တီးပြုလုပ်ခြင်းခံရမှသာ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ ပုဂ္ဂိုလ်ဆိုင်ရာနောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းပြုလုပ်မှသာ သတင်းရရှိနိုင်သည့် ကိစ္စရပ်များမဟုတ်ဘဲ လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ်များဖြစ်သောကြောင့် အလွယ်တကူသတင်း ရရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အတွက် ၎င်းကိစ္စရပ်အပေါ် သတင်းရယူခြင်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအား ဆန့်ကျင်ချိုးဖောက်သည်ဟု ဆိုနိုင်မည် မဟုတ်ပါကြောင်းနှင့် အများပြည်သူနှင့်အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးခင်ဇော် (ကော့သောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုလို ဝန်ကြီးအနေနဲ့ပြည့်ပြည့်စုံစုံ ဖြေကြားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးပြောသည်မှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည်ဟု ပြောပါသော်လည်း ထိုပုဂ္ဂိုလ်များကို မိမိတို့ မေးမြန်းသည့်အချိန်တွင် နာမည်သာပြောပြီး ကိုယ်ပိုင်နံပါတ်မပြောပါကြောင်း၊ အဲဒါက ပွင့်လင်းမြင်သာမှု ရှိ/မရှိဆိုသည်ကို ဝန်ကြီးအနေဖြင့် ဖြေကြားပေးစေလိုပါကြောင်း မေးမြန်းပါသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

အဆိုပါ ကိစ္စသည် လူသိရှင်ကြားဆောင်ရွက်ခြင်း ကိစ္စဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး အနေဖြင့်လည်း ကိုယ့်ကိုလိုက်မေးသည့် သတင်းမီဒီယာသမားများကိုလည်း မည်သည့် သတင်းဌာနက မေးပါသနည်းဆိုသည်ကို မေးမြန်းခြင်း ရှိပါသလားဟု မိမိအနေဖြင့်လည်း မေးချင်ပါကြောင်း၊ ထိုကိစ္စက ကိုယ်စားလှယ်တော်ကြီးတို့အနေဖြင့် ဥပဒေတိုင်းတွင် ဆောင်ရွက်သည့် ကိစ္စများအပေါ် မိမိတို့အနေဖြင့် မည်သည့်ကိစ္စမှ ပြောစရာမရှိပါကြောင်း၊ ဥပဒေပိုင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး တရားဝင်ဆောင်ရွက်သော ကိစ္စဖြစ်သည့်အတွက်ကြောင့် နောက်ယောင်ခံခြင်း၊ စုံစမ်းထုတ်ဖော်ခြင်းသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ချိုးဖောက်ရာ မရှိပါကြောင်း ထပ်မံရှင်းလင်းဖြေကြားပါသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်