Skip to main content

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားပါကြောင်း၊ ASEAN Agriculture Community Out load 2018 ဇယားတွင် ဆန်စပါးထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်တွင် ၂၇ သန်းခန့်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၂၉ သန်းခွဲနီးပါး ရှိနေပါကြောင်း၊ ၂၉ သန်းခွဲခန့် ဆန်စပါးကို ကြိတ်ခွဲလိုက်သည့်အခါ ဖွဲနုများရရှိပါကြောင်း၊ ဖွဲနုဆီစက်များတည်လိုက်ပါက ဖွဲနုဆီများ ရရှိလာမည် ဖြစ်ပါကြောင်း၊ သို့သော် ယခု ဖွဲနုဆီများကို နိုင်ငံခြားမှမြန်မာပြည်ထဲကို ပြန်လည် တင်သွင်းနေပါကြောင်း၊ ဖွဲနုဆီတွင်ကောင်းကျိုးများစွာ ရှိပါကြောင်း၊ Antioxidant ပါရှိသည့်အတွက် အရွယ်တင်နုပျို စေပါကြောင်း၊ Vitamin E ပါရှိသည့်အတွက်လည်း အသားရည်လှပစေပါကြောင်း၊ B Vitamins များပါရှိသည့်အတွက် စွမ်းဆောင်ရည် မြင့်ပါကြောင်း၊ Essential Fatty Acid ပါသည့် အတွက် အဓိကလိုအပ်သော အဆီများပါဝင်ပါကြောင်း၊ Phytosterols ဆိုသည့် ဓာတ်ပစ္စည်းပါသည့် အတွက် သွေးချိုဆီးချိုကိုလည်း ထိန်းညှိပေးပါကြောင်း၊ အမျိုးသားများအတွက်ဆိုလျှင် Prostate Health ဟုခေါ်သည့် Prostate  ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါကြောင်း၊ Cholesterol Metabolism ကို ထိန်းညှိပေးသည့်အတွက် ကိုယ်အဆီထိန်းညှိပေးပါကြောင်း၊ မကောင်းသည့် LDL ဟုခေါ်သောအဆီများကို လျော့ချပေးသည့်အတွက် အသည်းအဆီဖုံးသူများ၊ အဝလွန်သူများ သုံးသင့်ပါကြောင်း၊ Omega 3 Omega 6 Omega 9 တို့ပါရှိသည့်အတွက် ဉာဏ်ရည်ဖွံ့ဖြိုးမှု ကိုလည်း အထောက်အကူပြုပါကြောင်း၊ Various Phytonutrients များပါသည့်အတွက် Disease Prevention ရောဂါများကို ကာကွယ်ပေးပါကြောင်း၊ ဖွဲနုများကို အဆီထုတ်လိုက်ပါက ဖွဲနုဆီ ရပါကြောင်း၊ ဖွဲနုဆီထုတ်ပြီးသားအဖတ်ကလည်း တာရှည်ခံပါကြောင်း၊ ဖွဲနုဆီမထုတ်ပါက ကြာရှည် မခံသော်လည်း ဖွဲနုဆီထုတ်ထားသည့်အခါ ဖွဲနုကကြာရှည်ခံပါကြောင်း၊ နွားစာ၊ ဝက်စာ၊ ကြက်စာ၊ ခွေးစာ၊ ကြောင်စာ၊ ငါးစာစသည်များတွင် ရောစပ်အသုံးပြု၍ရပါကြောင်း၊

၁၉၆၀ ခုနှစ်ခန့်ကတည်းက သာကေတစိန်ကျော်၊ မဟာကောက်ပဲသီးနှံဖွဲနုဆီစက်၊ သင်္ဃန်းကျွန်းတို့တွင် ရှိပါကြောင်း၊ ၁၉၆၂ ခုနှစ်တွင်လည်း ပေါင်းတည်၊ ဟင်္သာတ၊ စစ်တွေ၊ လက်ပံတန်း၊ မော်လမြိုင်၊ အင်းစိန်၊ ညောင်လေးပင်၊ ပဲခူး၊ လှိုင်တို့တွင် ရှိပါကြောင်း၊ နောက်ပိုင်းတွင် ကျောက်တန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဇီးကုန်း၊ ဖြူး၊ မြောင်းမြတို့တွင် ရှိပါကြောင်း၊ ၂၀၀၂ ခုနှစ် ကျောက်ဆည်တွင် တည်သည်မှာ နောက်ဆုံးဖြစ်ပါကြောင်း၊ ဖွဲနုဆီစက် ဝန်ထမ်းများကလည်း ၎င်းအလုပ်အပေါ်တွင် များစွာသံယောဇဉ် ရှိပါကြောင်း၊ ယခုအထိလည်း အချင်းချင်းဆက်သွယ် နေကြပါကြောင်း၊ ဖွဲနုဆီလုပ်ငန်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်လိုသည့် ဆန္ဒများလည်း ရှိကြပါကြောင်း၊  ဖွဲနုဆီကောင်းရရန် ဖွဲနုကသန့်ရှင်းရမည်၊ လတ်ဆတ်ရမည်၊ နည်းပညာအမြင့်ကိုလည်း သုံးရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဖွဲနုဆီကို ထုတ်နိုင်မည်ဆိုပါက ဖွဲနုများကို တိရစ္ဆာန်အစာများအတွက်လည်း ကြာရှည်အသုံးခံနိုင်မည် ဖြစ်ပါကြောင်း၊ ဖွဲနုဆီသည် ကျန်းမာရေးနှင့်ကိုက်ညီသည့်အတွက် လူများကိုလည်း အထောက်အကူ ဖြစ်မည့်အပြင် နိုင်ငံခြားမှဝင်လာနေသော ဖွဲနုဆီကိုလည်း ဟန့်တားရာရောက်သည့်အတွက် နိုင်ငံမှ ပြင်ပကိုထွက်သော နိုင်ငံခြားငွေလည်း လျော့ကျသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲနုဆီစက်အသစ်များ တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။

 

 


 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (ယခင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး) တွင် ဆန်စက် ၆၉ စက်နှင့် ဖွဲနုဆီစက် ၁၉ စက်ကို နိုင်ငံတော်ပိုင်အဖြစ် ကြီးကြပ်ထုတ်လုပ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ယင်းဆန်စက်များမှ ဘေးထွက် ပစ္စည်းအဖြစ် ထွက်ရှိသော လတ်ဆတ်သည့်ဖွဲနုများကို နိုင်ငံပိုင်ဖွဲနုဆီစက် ၁၉ စက်တွင် တစ်နေ့လျှင် ဖွဲနု ၄၃၇ တန် ကြိတ်ခွဲခဲ့ပြီး ဖွဲနုဆီသန့်စင်နိုင်သည့် ဆီစက် စက်မှ တစ်နေ့လျှင် ဆီသန့် ၈၆ တန် သန့်စင် ထုတ်လုပ်ခဲ့ပါကြောင်း၊

၂၀၁၃ ခုနှစ်တွင် ပြောင်းလဲခဲ့သည့် မူဝါဒအသစ်အရ ဆန်စပါးရောင်းဝယ်ခြင်း (ဝယ်ယူ/သယ်ယူ/ သိုလှောင်/ကြိတ်ခွဲ/ဖြန့်ဖြူး/တင်ပို့ခြင်း) လုပ်ငန်းများကို မြန်မာ့လယ်ယာထွက်ကုန် ရောင်းဝယ်ရေးမှ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော်ပိုင်ဆန်စက်နှင့် ဖွဲနုဆီစက်များအား ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကော်မရှင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လေလံတင်ထုခွဲရောင်းချခဲ့ရာ ဖွဲနုဆီစက် ၁၈ ရုံကို တင်ဒါအောင်မြင်သည့် ပုဂ္ဂလိကကဏ္ဍသို့ အပြီးအပိုင်လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာနလက်ဝယ်၌ တင်ဒါအောင်မြင်ခြင်းမရှိသည့် ကျောက်ဆည် ဖွဲနုဆီစက်တစ်ရုံသာ ကျန်ရှိပါကြောင်း၊ တင်ဒါအောင်မြင်ခြင်း မရှိသည့် ကျောက်ဆည်ဖွဲနုဆီစက်ကိုလည်း လေလံတင်ထုခွဲ ရောင်းချနိုင်ရေးအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်သို့ အပ်နှံခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ဆန်စပါးလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်မှုမရှိဘဲ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက် ရှာဖွေပေးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ဈေးကွက်စောင့်ကြည့်ရေးနှင့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ ပံ့ပိုးမှုလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာဖွံ့ဖြိုးရေးတို့ကို အထောက်အကူပြု ဆောင်ရွက်လျက် ရှိသည့်အပြင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ အကာအကွယ်ပေးမှုများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

တစ်ဖက်တွင် ပြည်တွင်းအသုံးပြုရန် လိုအပ်ချက်ရှိသဖြင့် ဖွဲနုဆီ ပြည်ပမှဝယ်ယူတင်သွင်းခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုထားရှိရာ ဖွဲနုဆီတင်သွင်းမှု အနေဖြင့် မြဝတီကုန်သွယ်ရေးစခန်းမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၁၈.၀၈၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ .၀၂၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ .၄၄၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ .၀၃၃ သန်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မေလ ရက်နေ့အထိ ၁၃.၆၂၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ .၀၂၂ သန်းကို တင်သွင်းခဲ့မှု ရှိပါကြောင်း၊

ဖွဲနုဆီစက်အသစ်များ တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းချက်နှင့် ပတ်သက်၍ ဖွဲနုဆီစက် အသစ်များကို နိုင်ငံပိုင်လုပ်ငန်းအနေဖြင့် တည်ဆောက်ရန် အစီအစဉ်မရှိသော်လည်း ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို လျော့ကျစေပြီး ကျန်းမာရေးအတွက် အကျိုးရှိမည့် ဖွဲနုဆီများကို ပြည်သူများ စားသုံးလာနိုင်စေရန်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် တိုးတက် များပြားလာသည့် တိရစ္ဆာန်အစားအစာရရှိလာနိုင်ရန် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ ဖွဲနုဆီစက်များ တည်ဆောက်မှုကို အားပေးလျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ခေတ်မီဆန်စက်ကြီးများ တိုးချဲ့တည်ဆောက်လာသည်နှင့်အတူ စပါးများ ကြိတ်ခွဲရာမှ ဖွဲနုများပိုမိုထွက်ရှိလာသည့်အတွက် ဖွဲနုမှအဆီပါဝင်မှုကို လျှော့ချ၍ တိရစ္ဆာန် အစာအဖြစ် ထုတ်လုပ်နိုင်ရန် ဖွဲနုဆီထုတ်လုပ်မှု အစီအမံများကိုလည်း ဆောင်ရွက်လာပါကြောင်း၊ မြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင်ကုမ္ပဏီ (MAPCO) အနေဖြင့် ကျိုက်လတ်မြို့နယ်၊ မြောင်းမြမြို့နယ်များ၌ တစ်နေ့လျှင် ဖွဲနုဆီကြမ်းတန် ၂၀၀ ကျ ဖွဲနုဆီစက်တစ်လုံးအား ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သွားရန်ရှိပြီး တွံတေးမြို့နယ်တွင် တစ်နေ့လျှင် သန့်စင်ပြီး ဖွဲနုဆီတန်(၅၀) ထုတ်လုပ်နိုင်မည့် ဆီချောစက်ကိုလည်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းကဲ့သို့ ပြည်တွင်း၌ ခေတ်မီဆန်စက်ကြီးများ တိုးချဲ့တည်ဆောက်ပြီး ထွက်ရှိလာသောဖွဲနုများကို အသုံးပြု၍ ဖွဲနုဆီထုတ်လုပ်ရန်အတွက် ဖွဲနုဆီစက်များ တည်ဆောက်ပြီးစီးပါက ကျန်းမာရေးအတွက် အထောက်အကူပြုမည့် ဖွဲနုဆီများ ထုတ်လုပ်နိုင်ပြီး ပြည်ပမှတင်သွင်းရမည့် စားသုံးဆီလိုအပ်ချက်ကိုလည်း အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်းနိုင်မည် ဖြစ်သည့်အပြင် မွေးမြူရေးလုပ်ငန်းများအတွက် တိုးပွားလိုအပ်လာသော တိရစ္ဆာန်အစားအစာများကိုလည်း ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

 

ဒေါက်တာသန်းအောင်စိုး (မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဖွဲနုဆီစက် ၁၉ စက်ရှိသည့်အနက် ၁၈ စက်ကို ပုဂ္ဂလိကပိုင်အနေဖြင့် ရောင်းချလိုက်သည့်အတွက် ဝယ်ယူသွားသူများ အနေဖြင့် ဖွဲနုဆီစက်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းမည်ဟူ၍ ဆန်စက်များနှင့် ဖွဲနုဆီစက်များကို  ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ လွှဲပြောင်းပေးအပ်ခဲ့ပါသော်လည်း မိမိတို့၏ရည်ရွယ်ချက်က ပုဂ္ဂလိကကဏ္ဍသည် ၎င်းလုပ်ငန်းများကို ဆက်လက်ပြီးဆောင်ရွက် သွားလိမ့်မည်ဟု မျှော်မှန်းထား သော်လည်း အမှန်တကယ်တွင် လွှဲပြောင်းပေးအပ်လိုက်သည့် ဆန်စက်များကိုလည်း  အများစုက ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ဘဲ မြေယာရရှိရေးအတွက်သာ ဆောင်ရွက်သွားကြသည်ကို တွေ့ရှိရပါကြောင်း၊ လွှဲပြောင်းပေးလိုက်သည့် ဖွဲနုဆီစက်များသည် ဆက်လက်ပြီးဖွဲနုဆီ လုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိသည်မှာ နိုင်ငံတော်၏ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး