Skip to main content

 

 

မင်းဘူး (စကု) မြို့နယ်ရှိ မင်းဘူးမြို့ပေါ်ရှိ အမှတ် (၂) ရပ်ကွက်၊ အမှတ (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်တို့အပြင် ရွာသာကျေးရွာအနိမ့်ပိုင်း ကျွန်းတံတိုင်းရွာများဟုခေါ်သော သနပ်ပင်စုကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ ပေါက်ငူကျေးရွာ၊ ပေါက်လေးပင်ကျေးရွာ၊ နိဗ္ဗာန်ကျွန်း ကျေးရွာ၊ ပဒေသာကျွန်းရွာ၊ မန်းကျွန်းရွာ၊ ထုံးမန်ကျည်း၊ ရွာသစ်ကုန်းနှင့်ဆည်ရွာစသည့် ကျေးရွာများသည် နှစ်စဉ်ဧရာဝတီ မြစ်ရေကြီးခြင်းကြောင့် ရေလွှမ်းမိုးသည့်အတွက် နေရာအခက် အခဲနှင့် အမြဲတမ်းကြုံတွေ့နေရပါကြောင်း၊ ဧရာဝတီမြစ်ရေတက်လာပါက ရေလွတ်ရာတွင်ရှိသော ရပ်ဆွေရပ်မျိုးများ ထံသော်လည်းကောင်း၊ အနီးအနားပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများတွင်သော် လည်းကောင်း၊ ဇရပ်များတွင်သော်လည်းကောင်း၊ ရေလွတ်ရာမြေကွက်လပ်ရှိသည့် နေရာများကို သွားပြီးဖြစ်သလို နေကြရပါကြောင်း၊

ကျွဲ/နွားများအပြင် တောင်သူလုပ်ငန်းက ရရှိလာသော ကောက်ပဲ၊သီးနှံများကိုလည်း ဖြစ်သလို အရေးပေါ်သယ်ယူ ကြရပါကြောင်း၊ ဝန်ကြီးဌာနက ရေဘေးရှောင်အဆောက်အဦ ချပေးမည်ဆိုပါက အဆင်သင့် တည်ဆောက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်လယ်/စည်၊ ရပ်/ကျေး လည်/စည်အဖွဲ့များနှင့် နေရာကိုကွင်းဆင်းကြည့်ရှုပြီး ဖြစ်ပါကြောင်း၊ မင်းဘူး (စကု) မြို့နယ်ရှိ ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် ရေကြီးချိန်တွင် နေထိုင်ရေးအခက်အခဲ ဖြစ်နေသော ဒေသခံပြည်သူများ အခက်အခဲဖြေလျှော့နိုင်ရေးအတွက် ရေဘေးရှောင်အဆောက်အဦ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်‌အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းပူပြင်း ခြောက်သွေ့ဒေသတွင် တည်ရှိသော်လည်း မိုးရာသီကာလအတွင်း ပုံမှန်ဧရာဝတီမြစ်ရေကြီး မှုနှင့် လျှပ်တစ်ပြတ်ရေကြီးမှု ဒဏ်ကို ကြုံတွေ့ခံစားရသော ဒေသဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနက သက်ဆိုင်သည့် အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး ဘေးကျရောက်နိုင်ခြေရှိသော ဒေသများတွင် မိုးမကျမီ ရေဘေးကြိုတင်ကာကွယ်ရေး အစီအမံများကို နှစ်စဉ်ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် လက်ရှိအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်း စေတုတ္တရာမြို့နယ်မှ ပြည်သူများဘေးအန္တရာယ် ခိုလုံရန်အတွက် Multi-Purpose Shelter တစ်လုံးကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုချက်ဖြင့် ကော်မတီရန်ပုံငွေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

အလားတူ မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်သည် ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် နှစ်စဉ်ရေကြီး နစ်မြုပ်မှုဒဏ်ကို ကြုံတွေ့ခံစားရသော ဒေသတစ်ခုဖြစ်ရာ ရေကြီးနစ်မြုပ်ပါက အနိမ့်ပိုင်း နေရာများတွင် နေထိုင်ကြသူများသည် အမြင့်ပိုင်းနေရာများ၊ ဘုန်းကြီးကျောင်းများ၊ ကားလမ်းမများပေါ်တွင် မိသားစုအလိုက် သွားရောက်ခိုလှုံနေကြရပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး မေးခွန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ်ရေကြီးချိန်တွင် ပြည်သူများအတွက် ရေဘေးရှောင်အဆောက်အဦ တစ်လုံးအား တည်ဆောက်ပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေနေရာရွေးချယ် သတ်မှတ် ပေးနိုင်ပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပေးရန် လမ်းညွှန်ထား ရှိပါကြောင်း၊ ကော်မတီ၏လမ်းညွှန်မှုအရ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မြေနေရာ ရွေးချယ်သတ်မှတ်ပေးနိုင်ရေး မတ်လ ၁၃ ရက်နေ့က ညှိနှိုင်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က မင်းဘူး (စကု) မြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြာကန်ကွင်း အမှတ် (၁၃၁၉) ရှိ မြေဧရိယာတစ်ဧကကို ရွေးချယ်အတည်ပြုပြီးကြောင်း မေလ ၃ ရက်နေ့ကပြန်ကြား လာသည့်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ပြန်လည်တင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုနေရာတွင် ပြည်သူများ အတွက် ရေဘေးရှောင်အဆောက်အဦတစ်လုံးကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ယခုနှစ်အတွင်း ဆောက်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်