Skip to main content

 

မိမိတို့မြန်မာနိုင်ငံတွင် ‌ရှေ့နေလိုက်သူများအက်ဥပဒေအရ အထက်တန်းရှေ့နေနှင့် တရားလွှတ် တော်ရှေ့နေဟူ၍ နှစ်မျိုးခွဲခြားထားပါကြောင်း၊ အထက်တန်းရှေ့နေများဟာ ဥပဒေဘွဲ့ရပြီး မြန်မာ နိုင်ငံတွင် နာမည်ကောင်းဖြင့်  အထက်တန်းရှေ့နေအဖြစ် အနည်းဆုံးသုံးနှစ်အဆက်မပြတ် လိုက်ခဲ့ပါက တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင်သည့်အကြောင်း တရားလွှတ်တော် ရှေ့နေများဝင်ခွင့်နည်းဥပဒေအရ သိရပါကြောင်း၊ မြန်မာနိုင်ငံတွင် B.A Law(L.L.B) ဝိဇ္ဇာ(ဥပဒေ) ဘွဲ့ကို ၁၉၆၃-၆၄ ခုနှစ်ကစပြီး ၁၀ တန်း အောင်ပြီးကျောင်းသားများကို ရန်ကုန်တက္ကသိုလ်တွင် B.A Law ဝိဇ္ဇာ(ဥပဒေ)ဘွဲ့ လေးနှစ်တက်ပြီး နောက်တစ်နှစ် L.L.B တက်ရောက်ပါက B.A Law(L.L.B) ဘွဲ့ကိုပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ သို့သော် ၁၉၈၀ ပြည့်နှစ်တွင် B.A Law ကို သီးခြား မပေးတော့ဘဲ ငါးနှစ်ဆက်တိုက်တက်ရောက်ပြီးပါက (L.L.B) ဘွဲ့ကိုပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ၁၉၇၅ ခုနှစ်ကစပြီး ရန်ကုန်တက္ကသိုလ်စာပေးစာယူသင်တန်းတွင်လည်း (L.L.B) ငါးနှစ်တက် ရောက်နိုင်ပါကြောင်း၊ ၁၀ တန်းအောင်ပြီးစလူငယ်များတက်ခွင့်ရကြခြင်း ဖြစ်ပါကြောင်း၊ နောင်တွင် နယ်တက္ကသိုလ်များနှင့် အဝေးသင်တက္ကသိုလ်များကလည်း (L.L.B) ကို ငါးနှစ်တက်ပြီးပါက (L.L.B) ဘွဲ့ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော်ကို တာဝန်ယူသူများ၏စီမံခန့်ခွဲမှုအလွဲများကြောင့် ပညာရေးစနစ်အားနည်းပြီး ကျောင်းမကြာမကြာ ပိတ်သည့်အတွက် ကျောင်းသားများက သင်ရိုးကုန်အောင်မသင်ခဲ့ရပါကြောင်း၊ ထို့ကြောင့် (L.L.B) ဘွဲ့ကို ငါးနှစ်တက်ရာက လေးနှစ်တက်ပြီး ဘွဲ့ရသည့်ကျောင်းသားများ၊ ရှေ့နေများကို တွေ့လာ ရပါကြောင်း၊ ထိုကဲ့သို့ သင်ရိုးကုန်အောင်မသင်ရသည့်အတွက် Microcopy ဖြင့် အတန်းတင် စာမေးပွဲတွင်ခိုးချပြီး အောင်လာသည့်ဥပဒေကျောင်းသားများလည်း ရှိလာကြပါကြောင်း၊ ယနေ့ ရှေ့နေလောကတွင် ဥပဒေပညာမကျွမ်းကျင်ဘဲ ရှေ့နေအဖြစ်အသက်မွေးဝမ်းကျောင်းပြုနေသူ များ၊ တရားမအဆိုလွှာ၊ ရာဇဝတ်ဦးတိုက်လျှောက်လွှာကို ဖြောင့်တန်းအောင်မရေးတတ်၍ လျှောက်လွှာစာရေးကိုအားကိုးနေရသည့် အထက်တန်းရှေ့နေများ၊ တရားလွှတ်တော်ရှေ့နေ များကို တွေ့လာရပါကြောင်း၊

ဥပဒေနယ်ပယ်တွင် ရှေ့နေမကျွမ်းကျင်ပေါ့ဆရင် တရားခံခြောက်ပေမြေပေါ်ရောက်သည် ဟူ သော ဆိုရိုးစကားရှိပါကြောင်း၊ ဥပဒေမကျွမ်းကျင်သည့်ရှေ့နေကိုငှားရမ်းမိပါက တရားခံက ကြိုး စင်ထိတက်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ရှေ့နေများသည် တရားရုံး၏အရာရှိများ ဖြစ်သည့်အတွက် ရှေ့နေများအားကောင်းမောင်းသန်ပါက တရားစီရင်ရေး၊ တရားရုံးများလည်း အားကောင်းမောင်းသန်လာမည် ဖြစ်သည့်အတွက် တရားရုံး၏အရာရှိများဖြစ်သော ရှေ့နေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားလွှတ်တော်ရှေ့နေအဖြစ်လျှောက်ထားရာတွင် အထက် တန်းရှေ့နေလုပ်သက်သုံးနှစ်ပြည့်မြောက်ပြီးမှ တရားလွှတ်တော်ရှေ့နေဝင်ခွင့်ကို စာမေးပွဲဖြင့် ဖြေဆိုရန်ဟူသည့်စနစ်ဖြင့် ပြင်ဆင်ပြောင်းလဲရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဥပဒေဘွဲ့ရရှိသည့်သူတစ်ယောက်က ၁၉၅၅ ခုနှစ် ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေများနှင့်အညီ အ လုပ်သင်ရှေ့နေအဖြစ် တစ်နှစ်သင်ကြားပြီးသည့်အခါ အထက်တန်းရှေ့နေအဖြစ် စာရင်းသွင်းပေး ရန် လျှောက်ထားနိုင်ပါကြောင်း၊ အထက်တန်းရှေ့နေအဖြစ် သုံးနှစ်လိုက်ပါဆောင်ရွက်ပြီးပါက ၁၉၅၄ ခုနှစ် တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေများ ၄ နှင့် ၅ ပါ ပြဋ္ဌာန်းချက် နှင့်အညီ တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင်ပါကြောင်း၊ ဥပဒေဘွဲ့မရရှိသူဖြစ်ပါက မြန်မာနိုင်ငံတွင်ကျင်းပသော အထက်တန်းရှေ့နေစာမေးပွဲအောင်မြင်ပြီးနောက် စဉ်ဆက်မပြတ် အ ထက်တန်းရှေ့နေအဖြစ်လိုက်ပါခဲ့သည့်ကာလ ခုနစ်နှစ်ပြည့်မြောက်ပါက ဗဟိုတရားရုံးရှေ့နေ စာမေးပွဲ ဖြေဆိုနိုင်သည့်အခွင့်အရေးရှိခဲ့ဖူးပါကြောင်း၊ အောင်မြင်သည့်အခါတွင်လည်း တရား လွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေပါ အရည်အချင်းသတ်မှတ်ချက်များနှင့်အညီ တရား လွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်ပြုခဲ့ပါကြောင်း၊ ထိုစဉ်က ရှေ့နေစာမေးပွဲများ ကြီးကြပ်ကျင်းပခြင်း လုပ်ငန်းကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းအဖွဲ့ က ၁၉၈၉ ခုနှစ်အထိ ရှေ့နေစာမေးပွဲများကို ကျင်းပပေးခဲ့ပါကြောင်း၊ ယခင်က ဥပဒေ ဘွဲ့ရများနည်းပါးပြီး ရှေ့နေအရေအတွက်နည်းပါးသည့်အတွက် ဘွဲ့တစ်ခုခုရပြီးသူများ၊ အထက် တန်းရှေ့နေအဖြစ် ငါးနှစ်ဆောင်ရွက်ပေးသူများကို သင်တန်းကာလနှစ်နှစ်သတ်မှတ်ပြီး အချိန်ပိုင်း သင်တန်းတက်ရောက်စေပြီး တရားလွှတ်တော်ရှေ့နေစာမေးပွဲကျင်းပပေးပါကြောင်း၊ အဆိုပါ စာမေးပွဲအောင်မြင်ပြီးသူကို တရားလွှတ်တော်ရှေ့နေအဖြစ် အသိအမှတ်ပြုပေးခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ သို့သော် ယခုအခါ တက္ကသိုလ်အသီးသီးက ဥပဒေဘာသာရပ်များကို သင်ကြားခွင့် ရရှိနေသည့်အတွက် (L.L.B) ဘွဲ့ရများကို နှစ်စဉ်အမြောက်အမြားမွေးထုတ်ပေးလျက် ရှိပါကြောင်း၊ ၁၉၅၅ ခုနှစ် ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေတွင် ဥပဒေဘွဲ့ရရှိပါက အလုပ်သင်ရှေ့နေအဖြစ် တစ်နှစ်သင်ကြားပြီး အထက်တန်းရှေ့နေအဖြစ် စာရင်းသွင်းခွင့်ပြုရန်နှင့် အထက်တန်းရှေ့နေ စဉ်ဆက်မပြတ် သုံးနှစ်လိုက်ပါဆောင်ရွက်ပြီးပါက ၁၉၅၄ ခုနှစ် တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေနှင့်အညီ တရားလွှတ်တော်ရှေ့နေအဖြစ်ဝင်ခွင့်ပြုရန် သတ်မှတ်ထားသည့် အတွက် ဥပဒေဘွဲ့ (L.L.B) လက်မှတ်ရရှိသူများကို ထပ်မံပြီး ၎င်းတို့၏အရည်အချင်းကို စစ်ဆေး ရန်မလိုတော့ဘဲ အဆိုပါနည်းဥပဒေအရ ရှေ့နေအလုပ်သင်မှ အထက်တန်းရှေ့နေသို့ လည်းကောင်း၊ အထက်တန်းရှေ့နေမှ တရားလွှတ်တော်ရှေ့နေသို့လည်းကောင်း အဆင့်ဆင့် အသိအမှတ်ပြုပေးနိုင်ခြင်းရှိကြောင်းနှင့် စာမေးပွဲဖြေဆိုသည့်စနစ်ကို ကျင့်သုံးရန် အစီအစဉ်မရှိ ကြောင်း၊

ရှေ့နေလောကတွင် ဥပဒေမကျွမ်းကျင်ဘဲ ရှေ့နေအဖြစ်အသက်မွေးဝမ်းကျောင်းပြုသည့် အထက် တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေများကို တွေ့မြင်နေရကြောင်း တင်ပြချက်နှင့်စပ်လျဉ်းပြီး တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်လျှောက်သည့်အခါ အထက်တန်းရှေ့နေ အဖြစ် စာရင်းတင်သွင်းပြီးသည့်နေ့မှစပြီး သုံးနှစ်ကျော်စဉ်ဆက်မပြတ် အမှုလိုက်ပါဆောင်ရွက် ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းကို လုပ်သက် ၁၀ နှစ်ပြည့်ပြီးသော တရားလွှတ် တော်ရှေ့နေနှစ်ဦး၏ ထောက်ခံစာဖြင့်ပူးတွဲတင်ပြရန် ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေ အဖြစ် ဝင်ခွင့်နည်းဥပဒေ ၅ နှင့်အညီ သတ်မှတ်ဆောင်ရွက်ထားပါကြောင်း၊ ထို့အတူ အထက် တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်လျှောက်ထားရာတွင်လည်း ၁၉၅၅ ခုနှစ် ရှေ့နေအဖြစ် ဝင်ခွင့် နည်းဥပဒေ ၅ တွင် ရှေ့နေလိုက်ပါလျက်ရှိသောရှေ့နေလုပ်သက် ငါးနှစ်ထက်မနည်း ရှိသော တရားလွှတ်တော်ရှေ့နေဖြစ်သော ဝါရင့်ရှေ့နေကြီးစီနီယာက ရှေ့နေအလုပ်သင်ကြား လိုသူ၊ ရှေ့နေအတွေ့အကြုံနုသေးသည့်ရှေ့နေဂျူနီယာများကို ပညာရပ်အတွေ့အကြုံဝေငှ သင် ကြားပေးနိုင်ကြောင်း တာဝန်သတ်မှတ်ပေးထားသည့်အတွက် ၎င်းနည်းဥပဒေများနှင့်အညီ အလုပ် သင်ရှေ့နေများ၊ အတွေ့အကြုံနုသေးသည့်အထက်တန်းရှေ့နေများကို အမှုသည်များထံမှ ညွှန် ကြားချက်ခံယူခြင်းများ၊ လျှောက်လွှာ၊ အဆိုလွှာ၊ အဖြေလွှာ၊ ပြန်ကြားလွှာများ၊ Notice စာများ၊ စာချုပ်စာတမ်းရေးသားနည်းများ၊ သက်သေစစ်နည်းများ၊ လျှောက်လဲချက်ပေးနည်းများ၊ ဥပဒေ လေ့လာဆည်းပူးနည်းများ၊ တရားသူကြီးများနှင့် တစ်ဖက်ရှေ့နေများ၊ သက်သေများကို သိက္ခာရှိရှိ တည်တည်ကြည်ကြည်ဆက်ဆံပုံ၊ ဆက်ဆံနည်းများနှင့်စပ်လျဉ်းပြီး အတွေ့အကြုံရင့်ကျက်ပြီး ပညာပြည့်ဝနေကြသော ဝါရင့်ရှေ့နေကြီးများက သင်ကြားပြသပေးမည်ဆိုပါက အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အကျိုးပိုမိုဖြစ်ထွန်းနိုင်ဖွယ်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးအောင်ဇော်သိန်း