Skip to main content

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်နှင့် အခြားဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား ရုံးကိစ္စနှင့်ပတ်သက်၍ ခေါ်ဝေါ်သုံးစွဲရာတွင်လည်းကောင်း၊ ဖော်ပြရေးသားရာတွင်လည်းကောင်း သွားဘက်ဆိုင်ရာ ဆရာဝန်ဆိုသော စကားရပ်အစား သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဆိုသော စကားရပ်ကို အစားထိုး သုံးစွဲပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

 

မြန်မာနိုင်ငံတွင် ယနေ့အထိ သွားနှင့်ခံတွင်းဆိုင်ရာမှတ်ပုံတင်ရပြီးသူ ၄၀၀၀ ကျော်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းတွင်ပင် တာဝန်ထမ်းဆောင်နေသူ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန် ၉၀၀ ကျော်နှင့် ၁၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ အခြားဝန်ကြီး ဌာနများတွင်လည်း သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များသည် သက်ဆိုင်ကဏ္ဍအလိုက် အသီးသီး တာဝန်ထမ်း‌ဆောင်လျက်ရှိကြပါကြောင်း၊ အဆိုပါ ဝန်ထမ်း၊ ဆရာဝန်များနှင့်ပတ်သက်ပြီး ရုံးစာ များ၊ ညွှန်ကြားချက်စာများ၊ အလုပ်ခန့် ရာထူးတိုး‌ပြောင်းရွှေ့စာ စသည့်ရုံးလုပ်ငန်းဆိုင်ရာ စာတွင် ယနေ့တိုင် သွားဘက်ဆိုင်ရာဆရာဝန်ဟုသာ သုံးစွဲလျက်ရှိပါကြောင်း၊

ထိုကဲ့သို့သုံးစွဲသည်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥပဒေ အခန်း (၁)  အပိုဒ် ၂ အပိုဒ်ခွဲ (ဆ) တွင်ဖော်ပြထားသည့် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟူသည့် အဓိပ္ပာယ်ဖော်ပြချက်နှင့် ကွဲလွဲလျက်ရှိသောကြောင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းကောင်စီဥပဒေနှင့် ကိုက်ညီမှုမရှိသည့် အခေါ်အဝေါ်ကိုသုံးစွဲနေသည်ဟုမှတ်ယူရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်အသင်းနှင့် ပတ်သက်လျှင်လည်း ဖွဲ့စည်းပုံစည်းမျဉ်းကို အသင်း သားများဆန္ဒဖြင့် ပြင်ဆင်ရေးဆွဲအတည်ပြုခဲ့ရာတွင် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များက သွား နှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟုသာ ခေါ်ဝေါ်သုံးစွဲရန် နှစ်သက်ကြသည့်အတွက် သဘောတူခဲ့ကြ ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တစ်ခေတ်တစ်ခါက သွားဘက်ဆိုင်ရာ CTP များ၏ စည်းကမ်းများတွင် သွားဘက်ဆိုင်ရာဆိုင်းဘုတ်များကိုသုံးစွဲခဲ့သည်မှာ အကြောင်းတစ်ရပ်ဖြစ်ခဲ့ပါ ကြောင်း၊

သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဆိုသည်မှာ အခြေခံသိပ္ပံပညာ၊ အခြေခံဆေးပညာ၊ သွားနှင့်ခံတွင်း ဆိုင်ရာဆေးပညာရပ်များကို ငါးနှစ်သင်ယူတတ်မြောက်အောင်မြင်ပြီးပါက အလုပ်သင်ဆရာဝန် တစ်နှစ် ကျေပွန်စွာထမ်းဆောင်ထားရပါကြောင်း၊ သွားရောဂါသီးသန့်ကိုသာ ကုသပေးသော ဆရာဝန်အမျိုးအစားမဟုတ်ဘဲ ခံတွင်းနှင့်သက်ဆိုင်သောဘာသာရပ်များဖြစ်သည်‌့ မေးရိုးခံတွင်း ဆေးပညာ၊ မေးရိုးခံတွင်း‌ခွဲစိတ်ကုပညာစသည့်ဘာသာရပ်များကိုပါ တတ်မြောက်အောင်မြင် ထားခြင်းဖြစ်သည့်အတွက် သွားနှင့်ခံတွင်းလူနာများ၏ သွားနှင့်ခံတွင်းကျန်းမာရေးကို ကုသ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်လျက်ရှိသော သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များအား ပြည်သူလူထုအပေါင်းမှ ပိုမိုရှင်းလင်းတိကျနားလည်အားကိုးနိုင်ရန် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာဆေးကောင်စီနှင့်ညီညွတ်စေရန် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟု အစားထိုးခေါ်ဝေါ်သုံးစွဲ ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်အနေနှင့် အခြားဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်နေပြီး သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များကို ယခင်က သွားဘက်ဆိုင်ရာဆရာဝန်ဟုသုံးသော်လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည်‌့ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာကောင်စီဥပဒေပြဋ္ဌာန်းပြီးနောက် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥပဒေ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်အခန်းမှ ပုဒ်မ ၂ ပုဒ်မခွဲ(စ)၊ (ဆ)ပါ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟုပြောင်းလဲသုံးစွဲနေပြီ ဖြစ်ပါကြောင်း၊

၎င်းဥပဒေကို သက်ဝင်လှုပ်ရှားရေးအတွက်လည်း နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်အသင်း၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆရာဝန်များကောင်စီနှင့် နှီးနွှယ်ပုဂ္ဂိုလ်များ ဥပဒေပညာရှင်နှင့်  အားလုံးပေါင်းပြီး အဆိုပါနည်းဥပဒေလုပ်ထုံးလုပ်နည်းကို အလျင်အမြန်ထွက်ရန်အတွက် ရေးဆွဲလျက်ရှိပါကြောင်း၊ လက်ရှိတွင် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ ရာထူးတိုးခန့်ထားရာတွင် အထူးကုဆရာဝန် (သွားနှင်‌့ခံတွင်း) ဟူ၍လည်းကောင်း၊ အထူးကုဆရာဝန်ကြီး (သွားနှင့်ခံတွင်း) ကိုလည်းကောင်း သုံးလေ့ရှိပါကြောင်း၊ ဆိုလိုသည်မှာ ၁၁-၄-၂၀၁၉ ရက်နေ့တွင် အမိန့်ကြောငြာစာထုတ်ပြန်ရာတွင် ဥပမာ- အထူးကုဆရာဝန် (သွားနှင့်ခံတွင်း) ရန်ကုန်ဆေးရုံကြီး၊ အထူးကုဆရာဝန် (သွားနှင့်ခံတွင်း) မန္တလေးပြည်သူ့ဆေးရုံ ကြီးနှင့် ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်လိုက်သော ဌာနဆိုင်ရာအမိန့်ကြောငြာစာတွင်လည်း တွဲဖက် တာဝန်ချထားရာတွင်လည်း အထူးကုဆရာဝန် (သွားနှင့်ခံတွင်း) ဆိုင်ရာဆရာဝန် ကိုစတင်ပြီး သုံးစွဲလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး‌ပြောကြားသော ဥပဒေနှင့်ကိုက်ညီ စေ၍ ခေါ်ဝေါ်သုံးစွဲနိုင်ရေးအတွက် သတိပေးအကြောင်းကြားလာခြင်းအပေါ်လည်း အထူးလေးစား စွာ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခေါ်အဝေါ်အားလုံးကိုပြောင်းလဲရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က စီမံကိန်းစစ်ဆေးရေးနှင့် တိုးတက်မှုအစီရင်ခံစာဦးစီးဌာနကို ၄၆ မျိုး ဝန်ထမ်းများ၏ ရာထူးအခေါ်အဝေါ်ကိုပြောင်းရန် တင်ထားပါကြောင်း၊ အထူးကုဆရာဝန်ကို အတိုင်ပင်ခံ အထူးကုဆရာဝန်ဟုပြောင်းပါကြောင်း၊ အလားတူ လက်ထောက်ဆရာဝန်တွင် လက်ထောက်ဆိုသည်ကို မထည်‌့လိုပါကြောင်း၊ လက်ထောက်ဆရာဝန်အစား ဆရာဝန် (ပြည်သူ့ ကျန်းမာ)၊ ဆရာဝန် (အရေးပေါ်ကျန်းမာရေး)၊ ဆရာဝန် (ဆေးပညာ)၊ ဆရာဝန် (ခွဲစိတ်)၊ ဆရာဝန် (သားဖွားမီးယပ်)၊ ဆရာဝန် (ဓာတ်ရောင်ခြည်) အစရှိသဖြင့် ပြောင်းရန်တင်ထားပါကြောင်း၊ အလားတူ တချို့ဆရာဝန်များကို ဦးစီးအရာရှိဟု ခေါ်သည့်အတွက် ဦးစီးအရာရှိ (အနာကြီး)၊ (ငှက်ဖျား)၊ (ကွင်းဆင်း)၊ (ပိုးမွှား)၊ (ဓာတ်ခွဲ)၊ (သူနာပြု)၊ (ဆေးဝါး) အစရှိသဖြင့်ခေါ်ရန် တင်ထားပါကြောင်း၊ သူနာပြုအစား ပြည်သူ့ကျန်းမာရေးဆရာမကြီး၊ ပြည်သူ့ကျန်းမာရေးဆရာမ အစရှိသဖြင့် ဝန်ထမ်းရာထူးအခေါ်အဝေါ်ပေါင်း ၄၆ ခုကို တင်ထားပါကြောင်း၊ ဆက်လက်ပြီး သွားနှင့်ခံတွင်း ဟုသုံးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။