Skip to main content

 

သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့် ဒေသခံတောင်သူများ လုပ်ကိုင်နေသည့် ကြိုးဝိုင်းအလိုက် သစ်တောကြိုးလယ်စာရင်းများ ဖြစ်ပါကြောင်း၊ ၁၉-၃-၂၀၁၅ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးက ညွှန်ကြားစာထုတ်ခဲ့ပါကြောင်း၊ ထိုညွှန်ကြားစာကို ရည်ညွှန်းပြီး ၂၄-၃-၂၀၁၅ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကြေးတိုင်မြေစာရင်းဦးစီးဌာနက ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ကျူးကျော်အခြေချနေထိုင်သည့် ကျေးရွာတို့၏ဧရိယာ၊ သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်ခြင်းများကို စာရင်းပြုစုတင်ပြရန်အတွက် ညွှန်ကြားစာ ဆက်ထုတ်ခဲ့ပါကြောင်း၊ ၎င်းညွှန်ကြားစာကို ရည်ညွှန်းပြီး နေပြည်တော်မြေစာရင်း ဦးစီးဌာနက မြို့နယ်မြေစာရင်း ဦးစီးဌာနများအနေဖြင့် သစ်တောဦးစီးဌာနများနှင့် ညှိနှိုင်း၍ ပူးတွဲပါပုံစံဖြင့် စာရင်းပြုစုပြီး ၄-၄-၂၀၁၅ ရက်နေ့အရောက် ဤရုံးသို့ အမြန်တင်ပြရန်ဆိုပြီး ညွှန်ကြားစာ ဆက်ထုတ်ခဲ့ပါကြောင်း၊

အထက်ဖော်ပြပါ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ချက်များကြောင့် သစ်တောကျူးလယ်များတွင် ဒေသခံတောင်သူများ လုပ်ကိုင်နေသည့် ကြိုးဝိုင်းအလိုက် စာရင်းများ ပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း၊ ၁၅-၇-၂၀၁၅ ရက်နေ့မှာ နေပြည်တော်ကောင်စီမှ သစ်တောဦးစီးဌာနသို့ သစ်တောမြေ၌ အမှန်တကယ် စိုက်ပျိုးထားရှိသည့် စိုက်ပျိုးမြေများအား  တောင်သူလယ်သမားများ တရားဝင်စိုက်ပျိုး ရရှိရန်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိရေး အလေးထားကြီးကြပ် ဆောင်ရွက်သွားရန်နှင့် သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်နိုင်ရေးအတွက် ကြိုးဝိုင်းအလိုက် ပြုစုထားသောစာရင်းအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းအရ ဆက်လက်တင်ပြ ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေအား ၂၁-၇-၂၀၁၅ ရက်နေ့အရောက် ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ပါကြောင်း၊ အထက်ဖော်ပြပါ ညွှန်ကြားချက်နှင့် ဆောင်ရွက်ချက်များကြောင့် သစ်တောကျူးလယ်များတွင် လုပ်ကိုင်နေသော တောင်သူများ တရားဝင်စိုက်ပျိုးခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့် (ပုံစံ-၇) ရရှိရေးကိစ္စသည် အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၀၁၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော စာရင်းကောက်အဖွဲ့နှင့် မြို့နယ်ကြီးကြပ်မှု ကော်မတီတို့မှ ပြုစုထားသောစာရင်းစာအုပ် မိတ္တူနှစ်အုပ်ကို ပူးတွဲတင်ပြပြီး ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည် ဖြေကြားရာ ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းပါ ရန်အောင်မြေကြိုးဝိုင်းအတွင်းရှိ တောင်သူ ၁၄၆ ဦးလုပ်ကိုင်နေသည့် လယ် ၃၄၆.၁၅ ဧကအား နေပြည်တော်ကောင်စီ၏ ကြိုးဝိုင်းကျူးကျော် စာရင်းများ ဆက်လက်ကောက်ယူခွင့် ပြုသည့်အခါ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပလွေးကြိုးဝိုင်းအတွင်းရှိ တောင်သူ ၃၇၉ ဦး လုပ်ကိုင်နေသည့် လယ် ၁၄၂၀.၀၅ ဧကနှင့် ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့သော  တောင်သူ ၂၄ ဦး လုပ်ကိုင်နေသည့် လယ် ၂၂၄.၇၅ ဧကအား ပယ်ဖျက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းပါ ကျန်တောင်သူများနှင့် ၎င်းတို့လုပ်ကိုင်နေသည့် လယ်မြေများအပေါ်  ပြန်လည်ရှင်းလင်း ဖြေကြားမှု မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ် ဆောင်ရွက်ခဲ့သည့် စာရင်းကောက်အဖွဲ့နှင့် မြို့နယ်ကြီးကြပ်မှု ကော်မတီတို့မှ ပြုစုထားသောစာရင်းများအား ပြန်လည်စစ်ဆေး အတည်ပြု၍လည်းကောင်း၊ ကြိုးဝိုင်းကျူးကျော် စာရင်းများအား ဆက်လက်ကောက်ယူ ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်၍ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် အခြားတိုင်းနှင့်ပြည်နယ်ရှိ တောင်သူများနည်းတူ အခွင့်အရေး မရခဲ့သည့် ဒေသခံတောင်သူများ အမှန်တကယ် စိုက်ပျိုးထားသည့် လယ်မြေများကို တောင်သူလယ်သမားများ အမြန်တရားဝင်စိုက်ပျိုးခွင့် ရရှိရေးကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးပါရန် ၂၈-၆-၂၀၁၇ ရက်စွဲဖြင့် နေပြည်တော်ကောင်စီသို့ တင်ပြခဲ့ပါကြောင်း၊ ယနေ့အချိန်ထိ မည်သည့်အကြောင်း ပြန်ကြားမှုမှ မရှိခဲ့သည့်အတွက် အောက်ဖော်ပြပါမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်မေးမြန်း အပ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် အခြားတိုင်းနှင့်ပြည်နယ်ရှိ တောင်သူများနည်းတူ အခွင့်အရေးမရခဲ့သော ဒေသခံတောင်သူများ အမှန်တကယ် စိုက်ပျိုးထားရှိသည့် လယ်မြေများကို တောင်သူလယ်သမားများ အမြန်တရားဝင် စိုက်ပျိုးခွင့်ရရှိရေးကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ၁၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ် ၁၃ (၁)/၇ သမ္မတရုံးအရ သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ကျူးကျော်အခြေချနေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ မြေပြင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ် များ၌ ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖြင့် ၂၀-၂-၂၀၁၃ ရက်နေ့မှ ၂၅-၃-၂၀၁၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဖွဲ့စုံဖြင့်ကောက်ယူရရှိသော စာရင်းများအရ ကြိုးဝိုင်း/ကြိုးပြင်တောမြေမှ ပယ်ဖျက်ခြင်း လုပ်ငန်းစဉ်အား အဆင့်အလိုက် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

သို့ရာတွင် ၁၃-၃-၂၀၁၃ ရက်နေ့မှာကျင်းပသည့် နေပြည်တော်ကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၃) အရ စာရင်းကောက်ယူမှုများကို ရပ်ဆိုင်းသွားရန်နှင့် ကျူးကျော်နေထိုင်မှု ၁၀ နှစ်အထက် သက်တမ်းရှိသူများကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး ထပ်မံကျူးကျော် သူများအားဖျက်သိမ်းခြင်း မရှိပါက ဥပဒေနှင့်အညီ တရားစွဲဆိုသွားရန်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၏ မြို့နယ်ရှစ်မြို့နယ်ရှိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း ကျူးကျော်ရွာစုနှင့် အိမ်ထောင်စုများ စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရပါကြောင်း၊

လက်ရှိအစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ သစ်တော နယ်မြေများအတွင်း နှစ်ကာလကြာရှည်စွာ ကျူးကျော်အခြေချနေထိုင်သူများအတွက် အခြား တိုင်းဒေသကြီး/ပြည်နယ်များနည်းတူ သစ်တောမြေအား ပယ်ဖျက်လိုကြောင်း၊ ပထမအဆင့်အနေဖြင့် ပြည်ထဲရေးအမည်ပေါက် အိမ်ခြေ ၅၀ နှင့်အထက် ကျေးရွာနှင့်ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေများ ပယ်ဖျက်ပေးနိုင်ရေး၊ အဖွဲ့စုံဖြင့်ကောက်ယူခဲ့သည့် စာရင်းများတင်ပြရန် နေပြည်တော်ကောင်စီ၏ ၁၆-၆-၂၀၁၆ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နေပြည်တော်နယ်မြေ အတွင်း ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းများအနက် အိမ်ခြေ ၅၀ နှင့် အထက် ပြည်ထဲရေး အမည်ပေါက် ကျေးရွာ ၄၉ ရွာ၏ ရွာမြေ ၈၀၉.၃၅ ဧက၊ လယ်မြေ ၅၈၇၃.၄၃ ဧက၊ အများပိုင် သာသနာမြေ ၁၅၅.၇၁ ဧက ဧရိယာစုစုပေါင်း ၆၈၃၈.၄၉ ဧကကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာများဖြင့်  ၂၀၁၇ ခုနှစ်တွင် သစ်တော မြေမှပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

အဆိုပါ ၄၉ ရွာ၏ ကြိုးဝိုင်းကျူးကျော် ဥယျာဉ်ခြံမြေ ၇၉၈.၀၄ ဧကနှင့် နှစ်ရှည်စိုက်ခင်း ၂၀ ဧကကို သစ်တောဦးစီးဌာနမှ ခွင့်ပြုပေးလျက်ရှိသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားရမ်းသည့် စနစ်ဖြင့် ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုလျက်ရှိပြီး ကြိုးဝိုင်းကျူးကျော်မြေ ၈၅၉၁.၉၂ ဧကအတွက် သီးနှံသစ်တောရောနှော စိုက်ပျိုးသည့်စနစ်ကို အခြေခံ၍ သစ်တောဦးစီးဌာန၏ လုပ်ထုံးနှင့်အညီ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်သည့် နည်းစနစ်ဖြင့် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် ခွင့်ပြုလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့် ပြုရာတွင် မြေငှားရမ်းခ အခမဲ့စနစ် နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ပြီး သစ်တောသစ်ပင်တစ်ဧကလျှင် ၁၅၀ ပင်စိုက်ပျိုးခြင်းနှင့်အတူ တောင်သူများမှ နှစ်သက်ရာသီးနှံပုံစံဖြင့် စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊

ထို့အပြင် နေပြည်တော်ကောင်စီ၏ ၁၇-၅-၂၀၁၆ ရက်စွဲပါစာဖြင့် ၂၀၁၃ ခုနှစ် စာရင်းကောက်ယူ ရာတွင် မပါဝင်ခဲ့သည့် အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာ ၁၅ ရွာအား သစ်တောနယ်မြေမှ ပယ်ဖျက်ပေးရန် ညှိနှိုင်းအကြောင်းကြားလာမှုအပေါ် စာရင်းကောက်လုပ်ငန်းများ အဖွဲ့စုံဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန် ရွာမြေ ၄၂၉.၇၉ ဧက၊ လယ်မြေ ၄၉၄၀.၃၃ ဧကနှင့် သာသနာအများပိုင်မြေ ၃၆၉.၀၈ ဧကကို စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

လက်ရှိအခြေအနေမှာလည်း တောင်သူလယ်သမားများ၏ စိုက်ပျိုးလယ်မြေများနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီ၏ ညှိနှိုင်းချက်များအရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးကို ရောက်လာသည့် အမှုတွဲတစ်ခုချင်းစီအလိုက် စိစစ်ပြီးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းနှင့် စပ်လျဉ်းပြီး နေပြည်တော်ကောင်စီ၏ ဖြေကြားချက်အရ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးပြီးစီးမှု အခြေအနေ ဆောင်ရွက်ရန် ကျန်ရှိမှုကို ဖော်ပြပါအတိုင်း တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ကျန်ရှိသည့် ဧရိယာပေါင်း ၉၇၇ ဧကအတွက် သက်ဆိုင်ရာတောင်သူများမှ လာရောက် လျှောက်ထားခြင်း မရှိသဖြင့် ကျန်ရှိမှုအခြေအနေမှာ တောင်သူပေါင်း ၆၃ ဦး၊ ဦးပိုင်ပေါင်း ၁၉ ခု ဧရိယာပေါင်း ၆၈ ဧကရှိပြီး မူလဆောင်ရွက်ရမည့် လုပ်ငန်းပမာဏတွင် ပါဝင်နေသော တောင်သူ ၄၇ ဦး၊ ဦးပိုင်ပေါင်း ၄၇ ခု ဧရိယာပေါင်း ၉၀၉ ဧကတွင် နေပြည်တော် သရက်ဇုန်အတွင်း ကျရောက်နေသော မြေဧရိယာများ ဖြစ်သည့်အတွက် ၎င်းဧရိယာကို ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားရမည့် ဧရိယာများ ဖြစ်ပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်းမှ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) ထုတ်ပေးရန် ကျန်ရှိသည့် တောင်သူ ၆၃ ဦး၊ ဦးပိုင်ပေါင်း ၁၉ ခု၊ ဧရိယာပေါင်း ၆၈ ဧကအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်/ကျေး၊ မြို့နယ်၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ အစီအမံရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း ပေါင်းစပ်ဖြေကြား ထားပါသည်။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းနှင့်စပ်လျဉ်းပြီး နေပြည်တော် နယ်မြေအတွင်း ၂၀၁၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းများအရ အိမ်ခြေ ၅၀ နှင့် အထက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာ ၄၉ ရွာ၏ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေ စုစုပေါင်းဧရိယာ ၆၈၃၈.၄၉ ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ၂၀၁၃ ခုနှစ် စာရင်းကောက်ရန် ကျန်ရှိခဲ့သည့်အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည် မပေါက်နှင့် အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်မပေါက် ကျေးရွာများ၊ ပြန့်ကျဲအိမ်ထောင်စုနှင့် ပြင်ပ ကျူးကျော်များအတွက် သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရန် နေပြည်တော်ကောင်စီမှ သဘောတူညီချက်ဖြင့် စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် တောင်သူများ အမှန်တကယ် စိုက်ပျိုးနေသည့် လယ်မြေသည် သစ်တောနယ်မြေမှ ပယ်ဖျက်ရာတွင် ပါဝင်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးသန့်ဇင်ထွန်း (ဒက္ခိဏသီရိမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒက္ခိဏသီရိမြို့နယ်က မြို့နယ်သစ်တော ဦးစီးဌာနရုံးလည်း မရှိပါကြောင်း၊ ၂၀၁၃ ကောက်သည့် အခါတွင်လည်း မပါပါကြောင်း၊ ၂၀၁၅ ကျမှ စာရင်းကောက်သည့်ထဲတွင် ပါပြီးမှ စာရင်း ကောက်ထားသည့် စာရင်းစာအုပ်များ၊ မိတ္တူနှစ်စုံနှင့် ရန်အောင်မြင်ကြိုးဝိုင်း၊ ပလွေးကြိုးဝိုင်း၊ တောင်သူစာရင်းများ၊ လယ်ဧကစာရင်းများ ယခုလိုမျိုးများနှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေ တစ်ခုကို တင်ပြထားပြီး ၎င်းကို ဆက်လက်အကောင်အထည် ဖော်ရေးကိုလည်း ကြယ်ပွင့်မပြ မေးခွန်း မေးပါကြောင်း၊ ထို့နောက် အဆိုပါမေးခွန်းကို ကိုးကားပြီး နေပြည်တော်ကောင်စီကို ဆောင်ရွက်ပေးရန် စာတင်ပါကြောင်း၊ တင်သည့်အခါတွင်လည်း ယခုအချိန်ထိ ဆောင်ရွက်ခြင်း၊ ဖြေကြားခြင်း မရှိသည့်အခါ ကြယ်ပွင့်ပြမေးခွန်း ဆက်မေးရသည့် ကိစ္စဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် စာရင်းကို ပြန်ရှင်းဖြေကြားခြင်းမျိုး မဟုတ်ဘဲ ၂၀၁၃ ခုနှစ်က ကိစ္စများကိုသာ ပြန်ရှင်းနေသည့်အတွက် ၎င်းစာရင်းစာအုပ်အပေါ် မည်ကဲ့သို့ ဆက်လုပ်မည်နည်း၊ ပြီးလျှင် ယခုကိစ္စကို စာရင်းကောက်သည့် ကာလကလည်း ရွေးကောက်ပွဲအကြို ကာလများနှင့် သက်ဆိုင်သည့်အခါမှာ ရွေးကောက်ပွဲအပေါ်တွင် ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်သည့် ကိစ္စမျိုးများ၊ အခြေအနေမျိုးများလည်း ကြုံတွေ့ခဲ့ရသည့်အခါ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေ

ဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သစ်တောမြေတွင် ပါဝင်နေသည့် ဧရိယာများကို ပယ်ဖျက်ရမည်ဆိုလျှင် မိမိတို့ နေပြည်တော်ကောင်စီ၏ သဘောတူညီ ချက်ဖြင့် တင်ပြချက်အရသာ ပယ်ဖျက်ရသည့် လုပ်ထုံးလုပ်နည်းရှိပါကြောင်း၊ ယခုကိစ္စသည် နေပြည်တော်ကောင်စီတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ နေပြည်တော်ကောင်စီကို တင်ပြလျှောက်ထားပြီးပြီ ဆိုလျှင်လည်း ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အမြန်ဆုံးဆောင်ရွက်သွားပါမည်။ နေပြည်တော်ကောင်စီက Focal အနေဖြင့် ပယ်ဖျက်ပေးရန် တင်ပြလာလျှင် ဝန်ကြီးဌာနအနေဖြင့် သစ်တောမြေတွင် ပါဝင်နေသည့် လယ်ယာမြေ၊ စိုက်ပျိုးမြေနှင့်လယ်မြေများကို စဉ်ဆက်မပြတ် ပယ်ဖျက်ပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီနှင့် ပေါင်းစပ်ညှိနှိုင်းပြီးမှ အမြန်ဆုံးဆောင်ရွက်ပါ့မည်ဟု ပြန်လည် ရှင်းလင်းဖြေကြား ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေ