Skip to main content

 

မျက်မြင်သက်သေများသည် တရားရုံးများ၏နားများ၊ မျက်စိများဖြစ်သည်ဟု ဆိုပါကြောင်း၊  မျက်မြင် သက်သေများသည် ခြိမ်းခြောက်ခံလိုက်ရရင်ဖြစ်စေ၊ မှားယွင်းသည့် သက်သေခံချက်ကို ထွက်ဆိုရန် အကြပ်ကိုင်ခံခဲ့ရရင်ဖြစ်စေ မျှတသည့်တရားစီရင်မှုကို ရနိုင်မည်မဟုတ်ဟု  တရားရုံးတော်များက အသိအမှတ်ပြုထားတာကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုမျှသာမက တရားခံက  သက်သေကို အကျဉ်း အကြပ်တွေ့အောင်ပြုခြင်း၊ လွယ်ကူအဆင်ပြေမှုမရှိအောင် ကသိကအောက် ဖြစ်အောင်လုပ်ခြင်း၊ စီးပွားရေး လုပ်ငန်းများကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းတို့ကြောင့် နောင်ဖြစ်ပေါ်လာမည့် ကိစ္စရပ်တစ်ခုခု အတွက် သက်သေကို တရားခံ၏ဒေါသမှ အကာအကွယ်ပေးသင့်ကြောင်း တချို့နိုင်ငံတွေ၏ ဥပဒေ ဆိုင်ရာအဖွဲ့အစည်းများက အကြံပြုထားတာကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ သက်သေကို အကာအကွယ်ပေးနိုင်မယ်ဆိုပါက အုပ်စုဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး နှင့် ဆက်နွှယ်နေသည့် ရာဇဝတ်ဂိုဏ်းများကို သိရှိနေသည့်သူများသည် နိုင်ငံတော်သက်သေများဖြစ်လာ နိုင်ပါကြောင်း၊  ထိုရာဇဝတ်ဂိုဏ်းသားတချို့သည်လည်း နိုင်ငံတော်သက်သေများ ဖြစ်လာနိုင်ပါ ကြောင်း၊ ဥပဒေ သို့မဟုတ် အစီအစဉ်သည် အားလုံးကို အထူးလွှမ်းခြုံနိုင်သည့် အစီအစဉ် သို့မဟုတ် ဥပဒေ ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာလည်း ကြီးမားစွာအထောက် အကူပြုနိုင် မည် ဟု ယူဆပါကြောင်း၊ တချို့နိုင်ငံများတွင် တရားဝင်အားဖြင့် သက်သေကာကွယ်ရေး အစီအစဉ် များ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးပါကြောင်း၊ သို့သော် ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် အာရှနိုင်ငံ အတော် များများ တွင် တွေ့နေရပါကြောင်း၊ တချို့နိုင်ငံတွေမှာ သက်သေနှင့်နစ်နာသူများ ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း၊ တချို့နိုင်ငံများတွင် သက်သေလုံခြုံရေး အစီအစဉ် သို့မဟုတ် သက်သေအကာအကွယ်ပေးရေးအစီအစဉ်တွေကို တရားရုံးချုပ်များမှ  စီမံခန့်ခွဲနေ သကဲ့သို့ တချို့ နိုင်ငံများတွင် ပြည်သူ့လုံခြုံရေးဌာနတစ်ခုအတွင်း သက်သေကာကွယ်ရေး အာဏာပိုင်အဖွဲ့အနေဖြင့် ထားရှိထားသည်ကို တွေ့ရပါကြောင်း၊ တချို့နိုင်ငံများတွင် တရားရေးဝန်ကြီးဌာန၏ တရားစီရင်ပိုင်ခွင့် အောက်တွင် သက်သေကာကွယ်ရေးရုံးကို ထားရှိ ဆောင်ရွက်နေသည်ကိုလည်း လေ့လာတွေရှိရ ပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှ မိမိတို့နိုင်ငံအနေနှင့် သက်သေကာကွယ်ပေးရေး အစီအစဉ်တစ်ခုကို ပြဋ္ဌာန်းရန် သို့မဟုတ် သက်သေအကာအကွယ်ပေးရေးဥပဒေတစ်ရပ်ကို ရေးဆွဲရန် မည်သို့စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရှေးဦးစွာ သက်သေများကို အကာအကွယ်ပေးခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် ဖွင့်ဆိုထားသည့် အဓိပ္ပာယ်များအရ တရားရုံးများတွင် မှန်ကန်မျှတထိရောက်သည့် စစ်ဆေးစီရင်ဆုံးဖြတ်မှုရရှိရန် အတွက် မှုခင်းနှင့်စပ်လျဉ်းပြီး ကျူးလွန်ခြင်းခံရသူနှင့် သိမြင်သူသက်သေများက မကွယ်မဝှက် မှန်ကန်စွာ လာရောက်ထွက်ဆိုရာမှာ ခြိမ်းခြောက်ခြင်းခံရသည့် သက်သေတစ်စုံတစ်ယောက်အား အမှုစစ်ဆေးစီရင်ခြင်းမတိုင်မီ စစ်ဆေးဆဲ ကာလအတွင်းနှင့် စစ်ဆေးစီရင်ဆုံးဖြတ်ပြီးနောက်ပိုင်းအထိ အကာအကွယ်ပေးရန် ဆိုလိုခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊  များသောအားဖြင့် မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှုနှင့် ငွေကြေးခဝါချမှုအစရှိသည့် အုပ်စုဖွဲ့ကျူးလွန်သည့် ရာဇဝတ် မှုခင်းများ တွင် ကျူးလွန်ခြင်းခံရသူနှင့် သက်သေများကို တရားခံများနှင့် ၎င်းတို့၏ အပေါင်းအပါများက အန္တရာယ်ပေးခြိမ်းခြောက်မှုမှ အကာအကွယ်ပေးရန် ရည်ရွယ်ပါကြောင်း၊ သက်သေများ အကာအကွယ်ပေးရေး ဆောင်ရွက်ကြသည့်အခါ လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောပြသွားသလို နိုင်ငံတကာတွင် နည်းလမ်းမျိုးစုံနှင့် ကျင့်သုံးပါကြောင်း၊  Witness Protection Program လို့ခေါ်သည့် ခုနပြောသည့် အစီအစဉ်များလည်း လုပ်ပါကြောင်း၊  တချို့နိုင်ငံများတွင် ဥပဒေတွေပြုပြီး မှလုပ်ကြပါကြောင်း၊ ကနေဒါ၊ ဟောင်ကောင်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ နယူးဇီလန်၊ ထိုင်ဝမ်၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ အင်္ဂလန်နှင့် အမေရိကန်စသည့် နိုင်ငံများတွင် သက်သေအကာ အကွယ်ပေးရေးအတွက် သီးခြားအစီအမံနှင့် စီစဉ်ဆောင်ရွက်ပေးတာကို တွေ့ရှိရပါကြောင်း၊  မြန်မာနိုင်ငံတွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ လုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ် ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၇ တွင် ပြဋ္ဌာန်းချက်တစ်ရပ်ထည့်သွင်းထားပြီး ၂၀၁၇ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် နိုင်ငံသားရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ် ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံတော်က နိုင်ငံသားများအား တာဝန်ယူမှု၊ တာဝန်ခံမှုဆောင်ရွက်ပေးထားပါကြောင်း၊ နိုင်ငံအတွင်းမှာရှိသည့် တည်ဆဲဥပဒေတွေကို လေ့လာ ပါက ရာဇသတ်ကြီးဥပဒေ အခန်း(၂၂)တွင် ရာဇဝတ်မကင်းသည့် ခြောက်လှန့်မှု၊ စော်ကားမှု၊ ငြိုငြင်မှု များကို အကာအကွယ်ပေးနိုင်သည့် ပြဋ္ဌာန်းချက်များကိုလည်း ပြဋ္ဌာန်းထားပါကြောင်း၊  ထို့အတူ သက်သေခံဥပဒေတွင် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့်စပ်လျဉ်းပြီး သတင်းပေးသည့်သူကို ကာကွယ် ပေးရန် ပုဒ်မ ၁၂၅ တွင် ပြဋ္ဌာန်း ထားပါကြောင်း၊ နောက်တစ်ခါ သက်သေများ တရားရုံးကို လာရောက် သက်သေထွက်ဆိုချက်အပေါ်မှာ မေးခွန်းများမေးမြန်းတာနှင့်စပ်လျဉ်းပြီး အကာအကွယ်ပေးရန် အတွက် ပုဒ်မ ၁၄၈ ၊ ၁၅၁ နှင့် ၁၅၂ တို့တွင် ပြဋ္ဌာန်းထားပါကြောင်း၊  ထို့အတူ ဖော်ကောင်သက်သေ များနှင့် ပတ်သက်ပြီး အကာအကွယ် ပေးရန်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၃၇ နှင့် ၃၃၈၊ လောင်းကစားဥပဒေပုဒ်မ ၂၄ တို့တွင်ပြဋ္ဌာန်းထားပါကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအခန်း(၅)တွင် လူကုန်ကူးခြင်းခံရသည့်သူများကို ကာကွယ်ပေးရန်အတွက် ပုဒ်မ ၁၁ နှင့် ၁၇ တို့တွင် ပြဋ္ဌာန်းထားပါကြောင်း၊  ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းကို ကူညီပေးရေး ဥပဒေပုဒ်မ ၃၁ နှင့် ၃၅ ၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၁၆ တို့မှာလည်း သက်သေများကို အကာအကွယ်ပေးရန်အတွက် သီးခြားပြဋ္ဌာန်းထားပါကြောင်း၊  နောက် တရားမဝင်သည့် နည်းလမ်းများနှင့်ရရှိသည့် ငွေကြေးများ၊ ပစ္စည်းများထိန်းချုပ်ရေးဥပဒေပုဒ်မ ၈(ည)တွင် သတင်းပေးသူကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားပါကြောင်း၊ နောက်အခုပြဋ္ဌာန်းထားမည့် ကလေး သူငယ် ပုဒ်မ ၉၄ နှင့် ၉၅ တို့တွင် ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ်သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်းခေါင်းစဉ်နှင့် ဖော်ပြပြီး သီးခြားပြဋ္ဌာန်းထားပါကြောင်း၊  နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ (ည)တွင် လည်း သတင်းပေးသူ၊ သက်သေ၊ နစ်နာသူ၊ တိုင်ကြားသူများကို အကာအကွယ်ပေး ခြင်းကို ထည့်သွင်းပြဋ္ဌာန်းထားတာတွေ့ရှိရပါကြောင်း၊ အကျဉ်းချုပ်ပြောရမည်ဆိုပါက မိမိတို့ပြည်တွင်းမှာ ရှိသည့် ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေများ၊ သက်သေများ၊ ဖော်ကောင်များနှင့် ပတ်သက်လို့ ဘယ်လိုကာကွယ်ရမည်ဆိုသည်ကို သီးခြားပြဋ္ဌာန်းထားပါကြောင်း၊ ထို့အတူ ပြည်တွင်းတွင် အသုံးပြုနေသည့် အထူးဥပဒေများဖြစ်သည့် လူကုန်ကူးမှုကာကွယ် တားဆီးရေးဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ၊ ကလေးသူငယ်ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတို့မှာလည်း အထက်ကတင်ပြသလို သက်သေများ၊ သတင်းပေးသည့်သူများနှင့် ပတ်သက်၍ မည်သို့ ကာကွယ်ပေးရမည်ကို  ထည့်သွင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိယခုတင်ပြခဲ့သလို သက်ဆိုင်ရာ ပြည်တွင်းတွင် ပြဋ္ဌာန်ထားသည့်ဥပဒေအသီးသီးရှိ သက်သေများ ကို ကာကွယ်ပေးရန်အတွက် သီးခြား ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေနှင့် သက်သေများ ကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်ကို သီးခြားရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တရားသူကြီးဦးအောင်ဇော်သိန်း