Skip to main content

 

(စ)-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ထိစပ်လျက်ရှိသည့် ဒေသများရှိ ပြည်သူများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လက်တွေ့ကျသည့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း၊ လုပ်ထုံးလုပ်နည်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တိုင်းရင်း သား လက်နက်ကိုင် ၈ ဖွဲ့နှင့် လက်မှတ်ထိုးခဲ့ပါကြောင်း၊ အဆိုပါစာချုပ်အရ ပစ်ခတ်တိုက်ခိုက် မှုများ ရပ်စဲခဲ့ပြီး သဘောတူညီမှုများ၊ ငြိမ်းချမ်းရေးများကို ရခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ငြိမ်းချမ်း ရေးကို အကောင်အထည်ဖော်ရန် JMC ကိုဖွဲ့စည်းပြီး နှစ်ဖက်ထိစပ်ရာဒေသများတွင် JMC လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်သည်များရှိပါကြောင်း၊ သို့သော် ထိစပ်သည့် ဒေသများ တွင် ပစ်ခတ်တိုက်ခိုက်မှုကိစ္စရပ်များဘဲ မဟုတ်ဘဲ ကျန်သည့်ကိစ္စရပ်များလည်း ရှိပါကြောင်း၊ မြေယာကိစ္စ သစ်တောကိစ္စ၊ သဘာဝပတ်ဝန်းကျင်၊ မြေယာအငြင်းပွားမှု၊ လူမှုရေးကိစ္စရပ်များကို နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စတွေရှိပါကြောင်း၊ သို့သော် တရားဝင် ဆောင်ရွက်မည့် ယန္တရား ၊ အဖွဲ့အစည်းမရှိဘဲ သင့်သလိုဆောင်ရွက်ရသည် များရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရသည့်အတွက် အဆင်မပြေသည်များရှိသကဲ့သို့ အဆင်ပြေသည်များ လည်း ရှိပါကြောင်း၊ တစ်ခါတလေအဆင်မပြေမှ နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာပြီး ငြိမ်းချမ်းရေး အတွက် ထိခိုက်နိုင်မည်ကိုလည်း စိုးရိမ်မိပါကြောင်း၊ အထူးသဖြင့် ယခုကဲ့သို့ ထိစပ်သည့် နေရာများတွင် အမှန်တကယ်ထိတွေ့နေရသော အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာန ဆိုင်ရာအဖွဲ့ အစည်းများက မိမိတို့ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ခုတည်းဖြင့်ဆောင်ရွက်၍ မရဘဲ NCA စာချုပ်ပါအချက်များကိုလည်း အထူးသတိထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့သော် ဌာနဆိုင်ရာများ အနေဖြင့်လည်း စာချုပ်ပါ စည်းကမ်းအတိုင်းညှိနှိုင်းဆောင်ရွက်ရန် သီးခြားညွှန်ကြားထားခြင်းမရှိသည့်အတွက် ယင်းကိစ္စအပေါ်တွင် အားနည်းချက်များ ပေါ်ပေါက် လာမည်ကို  စိုးရိမ်ပါကြောင်း၊ JMC လုပ်ငန်းတာဝန်များအပိုဒ် ၃ တွင် လူလုပ်နှင့် သဘာဝဘေး အန္တရာယ်ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ၊ ITB နှင့်ပဋိပက္ခ ခံစားနေရသူများ၊ လူသားချင်းစာနာသည့်အခြေခံ အဆောက်အဦများ၊ ပေးဆပ်မှုကိုညှိနှိုင်းဆောင်ရွက်ရမည်။ နှစ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရမည် ဟု လည်းကောင်း၊ NCA အခန်း ၃ အပိုဒ် ၁၀(က) တွင် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ပဋိပက္ခခံစား နေရသူများအတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးခြင်းနှင့် စပ်လျဉ်း၍ NGO၊ INGO  အဖွဲ့အစည်းများနှင့် ကူညီထောက်ပံ့သူများအား နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့အစည်း များနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်ခြင်းဟူလည်းကောင်း  ပါရှိပါကြောင်း၊

ဥပမာအားဖြင့် ရွှေကျင်မြို့၊ ရဲသောင်ရွာတွင် လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်ရန် သွားရောက် ရာတွင် လူထုဗဟိုပြုစီမံကိန်းကို သက်ဆိုင်ရာ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ အစည်းတွေက NCA စာချုပ်ပါ အချက်တွေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပါဟု ဆိုသည့်အတွက် ညှိနှိုင်းဆောင်ရွက်ပါဟု ဆိုသော်လည်း JMC က ယင်းတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကိစ္စရပ် များနှင့်သာ သက်ဆိုင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်ဆံရေးရုံးနှင့် သွားရောက်တွေ့ဆုံရာတွင်လည်း အဆင်မပြေပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စ ရပ်များ ဆောင်ရွက်ရာတွင် ထိရောက်သည့် အကောင်အထည်ဖော်မှု လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် ထိရောက်သည့်အမှန်တကယ်ဆောင်ရွက်ပေးနိုင်သည့် ယန္တရားတစ်ခုကို ဖွဲ့စည်းပေးပြီး လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် ပြည်နယ်ခုနစ်ခု၊ တိုင်းဒေသကြီးနှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုရှိ မြို့နယ်ပေါင်း ၁၁၆ မြို့နယ်နှင့် လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်ပေးသည့် မြို့နယ် ၅၂ မြို့နယ် စုစုပေါင်း ၁၆၈ မြို့နယ်တို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)သို့ တင်ပြပြီး NRPC ၏လမ်းညွှန်ချက်ဖြင့် ရန်ပုံငွေလျာထားပေးခြင်း၊ ထောက်ပံ့ ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တင်ပြလာသော စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများအတွင်း  ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် ငြိမ်းချမ်းရေးရန်ပုံငွေများကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အစိုးရကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လက်မှတ်ရေးထိုး ခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကဏ္ဍ၊  ငြိမ်းချမ်းရေးအထောက် အကူပြု ဖွံ့ဖြိုးရေးကဏ္ဍနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များကဏ္ဍဟူသည့် ဦးစားပေးကဏ္ဍကြီးလေးရပ်သတ်မှတ်ကာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အခန်း (၆) ပါကြားကာလ အစီအစဉ်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလမ်းညွှန်အားအသေးစိတ်ဆွေးနွေးနိုင်အတွက် နှစ်ဖက်လုပ်ငန်း အဖွဲ့များကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊

ထို့ပြင် ကြားကာလအစီအစဉ် ညှိနှိုင်းနေစဉ်ကာလ၌ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် နှစ်ဖက်သဘောတူစာချုပ်(Bilateral Agreement)များကို  သဘောတူညီချက်အရ သော် လည်းကောင်း၊ ဒေသခံတိုင်းရင်းသား ငြိမ်းချမ်းရေးအသီးအပွင့်များရရှိခံစားစေရန် လည်းကောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက်လည်းကောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ ကမ္ဘာ့ဘဏ်၊ နိပွန်ဖောင်ဒေးရှင်းအပါအဝင် ကမ္ဘာ့ကုလ သမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ငြိမ်းချမ်းရေးရန်ပုံငွေများဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ အခြေခံ အဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏လမ်းညွှန် ချက်ဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိစပ်လျက်ရှိသည့် ဒေသများရှိ ပြည်သူများ လူမှုစီးပွား ဘဝတိုးတက်စေရန် ဖွံ့ဖြိုးရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်တွေ့ကျသော ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။