Skip to main content

 

မက်မန်းမြို့နယ်တွင် ရပ်ကွက်ကြီးနှစ်ခု၊ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၉၇ ရွာ၊ အိမ်ထောင်စု ၄၀၇၅ စု၊ အိမ်ခြေ ၃၈၈၃ အိမ်၊ ရှမ်းလူမျိုး၊ လားဟူလူမျိုး၊ လွယ်လ(ဝ)လူမျိုးများနှင့် ဗမာလူမျိုးများအများစု မှီတင်း နေထိုင်လျက်ရှိပြီး လူဦးရေ ၂၃၈၀၄ ဦးရှိပါကြောင်း၊ အများစုသည် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ဒေသထွက်ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရာတွင်  မိုင်းပျဉ်း-မက်မန်းလမ်းကို အဓိကထား၍ လုပ်ကိုင်လျက်ရှိကြပါကြောင်း၊

မြို့နယ်ချင်းဆက်လမ်းအနေဖြင့် မိုင်းပျဉ်း-မက်မန်းလမ်းတစ်လမ်းတည်းကို အားကိုးနေရပြီး မက်မန်းမြို့နယ် အတွင်းရှိသည့် ကျေးရွာအများစုသည် ကျေးရွာချင်းသွားလာရာမှာ လူသွားလမ်းကို မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေရပြီး ဒေသထွက်ကုန်များကိုလည်း ကျေးရွာများမှ မော်တော်ဆိုင်ကယ်များဖြင့် မိုင်းပျဉ်း-မက်မန်းလမ်းထိ ရောက်အောင် သယ်ယူပို့ဆောင်ခဲ့ရသော်လည်း ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် များတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ် အစိုးရ၏ရန်ပုံငွေများမှာ ကျေးရွာချင်း ဆက်မြေသားလမ်း၊ ကျောက်ခင်းလမ်းများထည့်သွင်းလျာထားပြီး ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခင်ထက်စာရင် အချို့ကျေးရွာများသည် အစစအရာရာ အဆင်ပြေချောမွေ့လာသည့်အတွက် ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဒေသခံတိုင်းရင်းသား ပြည်သူလူထုများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊

ပန်ကောက်ရွာနှင့် ဝမ်ပုံကျေးရွာတို့မှ တိုင်းရင်းသားပြည်သူလူထုများ သွားလာအဆင်ပြေရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သုံးဘီးဆိုင်ကယ်မြေသားလမ်း ဖောက်လုပ်ပြီး ဖြစ်တာကို လည်း တင်ပြလိုပါတယ်။ ယခုအခါ နမ့်ကျွတ်ချောင်းမှ ပန်ကောက်-ဝမ်ပုံ-ရောင်ရို့-ရောင်ပန်ကျေးရွာ ချင်းဆက်မြေသားလမ်းဖောက်လုပ်ပေးမည်ဆိုပါက ဆွတ်ဝိုးကျေးရွာအုပ်စုနှင့် မန်ဝိန်းကျေးရွာအုပ်စု ချင်းဆက် မြေသားလမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်က မက်မန်းမြို့နယ်ကတစ်ဆင့် ပတ်ပြီးသွားသည့်အတွက် မိုင်းပျဉ်ထိဆိုရင် ၉၉ မိုင်ဝေးပါကြောင်း၊ ယခုလမ်းဖြတ်ဖောက်လိုက်မည်ဆိုပါက  ဆွတ်ဝိုးမှတစ်ဆင့်သွားပါက ၆၆ မိုင်သာရှိတော့သည့်အတွက် ၃၃ မိုင်လမ်းတိုသွားမည်ဖြစ်ပါကြောင်း မန်ဝိန်းကျေးရွာအုပ်စုမှာရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူလူထု အနေဖြင့် မိုင်းပျဉ်း-မက်မန်းလမ်းမကြီးကို အချိန်တိုအတွင်း သွားလာဆောင်ရွက်နိုင် မည်ဖြစ်သလို ဆွတ်ဝိုးကျေးရွာရှိ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံကိုလည်း အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ် သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ပြီးပါက ကျေးရွာနေပြည်သူလူထု၊ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအထောက် အကူပြုနိုင်မည် ဖြစ်သည့် အတွက် မြို့နယ်နေတိုင်းရင်းသားပြည်သူလူထုများ၏ ကိုယ်စား မက်မန်းမြို့နယ်ရှိ နမ့်ကျွတ်ချောင်းမှ ပန်ကောက်-ဝမ်ပုံ-ရောင်ရို့-ရောင်ပန်ကျေးရွာချင်းဆက်မြေသားလမ်း ၁၂ မိုင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

နမ့်ကျွတ်-ပန်ကောက်-ရောင်ပန်လမ်းသည် မိုင်းပျဉ်း-မက်မန်းလမ်းပေါ်ရှိ နမ့်ကျွတ်ချောင်းမှမက်မန်းမြို့နယ်၊ ဆွတ်ဝိုးကျေးရွာအုပ်စု၊ ပန်ကောက်ကျေးရွာနှင့် ရောင်ပန်ကျေးရွာအထိ ဆက်သွယ်ထားသည့် ၁၂ မိုင်ခန့် ရှည်လျား သည့်လမ်းဖြစ်ပါကြောင်း၊ နမ့်ကျွတ်ချောင်းမှ ပန်ကောက်ကျေးရွာအထိ(၅/၄)မိုင်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်  လွှတ်တော်ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ခြောက်ပေအကျယ် မြေလမ်းဖောက်လုပ်ထားသည်ဟု သိရှိရပါကြောင်း၊ ကျန်ရှိသည့် ပန်ကောက်ကျေးရွာမှ ရောင်ပန်ကျေးရွာအထိ  (၆/၄)မိုင်ခန့်သည် သုံးပေအကျယ် လူသွားလမ်း အဆင့် သာရှိကြောင်းနှင့် ၎င်းလမ်းသည် သတ်မှတ်မြေ လမ်းအကျယ်ရရှိအောင်ဆောင်ရွက်နိုင်သ်ည့ တောင်ပေါ်လမ်းသာ ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာမှာ ကျေးရွာလေးရွာ၊ အိမ်ခြေ ၁၀၈ အိမ်နှင့် လူဦးရေ ၇၅၇ ဦးတို့ကို အကျိုးပြုနိုင်မည့်လမ်းကြောင်း ဖြစ်ပါကြောင်း၊

မက်မန်းမြို့နယ်၊ ဆွတ်ဝိုးကျေးရွာအုပ်စု၊ နမ့်ကျွတ်-ပန်ကောက်-ရောင်ပန်ကျေးရွာ ချင်းဆက်လမ်းဖောက်လုပ် နိုင်ရေးနှင့်စပ်လျဉ်းပြီး ဦးစွာသတ်မှတ်လမ်းအကျယ် ၃၀ ပေခန့် မြေလမ်းရရှိနိုင်ရေးအတွက် ဒေသအတွက် အကျိုးပြုမှု၊ ဆောင်ရွက်ရမည့်လမ်းမိုင်အရှည်စသည် တို့နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  ရန်ပုံငွေဆက်လက်ထောက်ခံတင်ပြလာပါက မိမိတို့ဝန်ကြီးဌာန အနေ ဖြင့် အနီးစပ်ဆုံးဘဏ္ဍာရေး နှစ်ကနေစတင်ပြီး နှစ်စဉ်ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းဦးစားပေးအစီအစဉ် ဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။