Skip to main content

အစိုးရသစ် လက်ထက်တွင် မင်းတပ်မြို့နယ် မဟာဓာတ်အားလိုင်းပေးသည့်အတွက် အစိုးရသစ်ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မင်းတပ်မြို့နယ်၏ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ကျောင်းသူ ကျောင်းသားများသည် လျှပ်စစ်မီးမရရှိသေးသည့်အတွက် ထမင်းဟင်းချက်ရန် ထင်းခွေရခြင်းများကို လုပ်ကိုင်ရသည့်အတွက် စာကြည့်ချိန်များ လျော့နည်းနေသည့် အခြေအနေများရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရခြင်းကြောင့် သဘာဝပတ်ဝန်းကျင်လည်း အထိုက်အလျောက်ပျက်စီးစေပါကြောင်း၊ အကယ်၍ လျှပ်စစ်မီးရခဲ့မည်ဆိုပါက ချက်ပြုတ်ရန် အချိန်ကုန်သက်သာသည့်အပြင် လူလည်း ပင်ပန်းမှုများပါ သက်သာပြီး ဒေသဖွံ့ဖြိုးရန်လည်း တစ်ဖက်တစ်လမ်းက အားပေးရာရောက်ပါကြောင်း၊

 ချင်းတောင်ဒေသတွင် ဆန်၊ ပြောင်း၊ စပါးတို့ကို ဖွတ်ပြီး ဆန်၊ စပါး၊ စပါးကနေ ဆန်ဖြစ်ဖို့ကို မောင်းဆုံလေးများနှင့် ထောင်းနေရသည်ကို  လျှပ်စစ်မီးရရှိခဲ့မည်ဆိုပါက တစ်ပိုင်တစ်နိုင် အသေးစား ဆန်စက်ကလေးတွေဝယ်ယူ၍ ဆောင်ရွက်ပါက လူ့ခွန်အားဆုံးရှုံးမှုများ သက်သာခြင်း၊ ပင်ပန်း နွမ်းနယ်မှု သက်သာခြင်းများအပြင် ပိုမိုပြီး အထွက်နှုန်းများ ရရှိမည်လည်းဖြစ်ပါကြောင်း၊

ချင်းပြည်နယ်၏ နာမည်ကြီး ဝဥသည်လည်း နေလှန်းပြီး အခြောက်လှန်းမှ ဈေးကောင်းရခြင်း ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်သည် မိုးများသည့်အတွက် ဝ ဥများ နေလှန်းရန် လျှပ်စစ်မီးသာရရှိခဲ့မည် ဆိုပါက ဝဥအခြောက်ကင်စက်နှင့်  အခြောက်ကင်ပြီးနိုင်မည်ဖြစ်သည့်အပြင် အချိန်ကုန်လည်း သက်သာခြင်း၊ ပင်ပန်းမှုများ သက်သာခြင်းများ အပြင် မိသားစုဝင်ငွေလည်းတိုးမည်ဖြစ်ပါကြောင်း၊

ချင်းပြည်နယ်၊ မင်းတပ်မြို့၏ အရှေ့မြောက်ဘက်ရှိ ပလိပ်တွီကျေးရွာတွင် ဓာတ်အားခွဲရုံ တည်ဆောက်မည့် နေရာသည် မင်းတပ်မြို့၏ မြောက်ဘက်ရှိ ကျေးရွာများ၏ စင်တာ ဖြစ်သည့် အတွက် ဓာတ်အားဖြန့်ဖြူးရန် အင်မတန်အဆင်ပြေပါကြောင်း၊ မင်းတပ်မြို့မှာဆိုရင် မင်းတပ်မြို့၊ မြောက်ဘက်ရှိ တိုက်နယ်အမှတ်(၁)နှင့်အမှတ်(၂)တို့တွင် ကျေးရွာပေါင်း ၆၆ ရွာ၊ အိမ်ခြေပေါင်း ၁၇၄၇ အိမ်ရှိပြီး လူဦးရေပေါင်း ၉၆၇၈ ဦးရှိသည့်အတွက် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်မည်ဆိုပါက လူမှုဘဝတွေဖွံ့ဖြိုးတိုးတက်ပြီး ဝင်ငွေများလည်း တိုးတက်လာနိုင်မည်ဖြစ်ခြင်းကြောင့် မင်းတပ် မြို့နယ်၏ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ပလိပ်တွီ ကျေးရွာတွင် 33/11 KV 3 MVA ဓာတ်အားခွဲရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး    ဒေါက်တာထွန်းနိုင်

မင်းတပ်မြို့နယ် မြောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ပလိပ်ထွီနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိစေရန်အတွက် ၃၃ ကေဗွီ မင်းတပ်-ပလိပ်ထွီဓာတ်အားလိုင်းတည်ဆောက်နိုင်ရန် Survey တိုင်းတာခြင်းလုပ်ငန်းနှင့် ပလိပ်ထွီကျေးရွာတွင် ၃၃/၁၁ ဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း၊ မင်းတပ်မြို့တွင် ၆၆/၃၃ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ခြင်းနှင့် မင်းတပ်-ပလိပ်ထွီ ၃၃ ကေဗွီဓာတ်အားလိုင်း ၂၂.၅ မိုင် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း ဆက်လက်ဆောင်ရွက်ပေးရန် စီမံချက် လျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။