Skip to main content

(ဃ)-ဒေါ်တင်တင်ရီ (ကျွန်းစု မဲဆန္ဒနယ်)

ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစား ရေအားလျှပ်စစ် စက်ရုံအား ဓာတ်အား တိုးမြှင့်ထုတ်လုပ် ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း 

မိမိမေးမြန်းလိုသည့် မေးခွန်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစားရေအားလျှပ်စစ် စက်ရုံအား ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်း သွားမည်ဖြစ်ကြောင်း၊ ယခုမေးခွန်းကို မေးမြန်းရသည့် အကြောင်း အရင်းသည် ကျွန်းစုမြို့နယ်၊ ကတ္တလူ အသေးစား ရေအားလျှပ်စစ်စက်ရုံကို ၁၉၈၉ ခုနှစ်တွင် စတင် တည် ဆောက်ပြီး ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာနှစ်ရွာနှင့် ရေတပ်စခန်း ဌာနချုပ်တစ်ခု၊ ကျွန်းစုသို့ Generator Graph အား ၆၀ ကီလိုဝပ်အား တစ်နှစ်လျှင် ခြောက်လခန့် ထုတ်လုပ်ခဲ့တွင် ၅၀ ကီလို ဝပ်ခန့်သာ ရရှိခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အကျယ် ၁၄၀ ပေ ၊ ၂၇ ပေ၊ ၉ လက်မ၊ ၆၈ ပေ ၃ လက်မ ရေပို ရေလွှဲ ကျောက်စီကွန်ကရစ် တမံသုံးခုအနက် နှစ်ခုအား ၇၅ ကီလိုဝပ် အစားထိုးတပ်ဆင်ခဲ့တွင် ၂၀၀ ကီလို ဝပ်အနက်မှ ၁၆၀ ခန့် ကိုသာ အသုံးပြုနိုင်ခဲ့ကြောင်း၊

ထို့နောက် ၂၀၁၄ ခုနှစ်တွင် မြို့ပြမီးလင်းရေးကော်မတီမှ စတင်လွှဲပြောင်းဆောင်ရွက်ပြီး ၅၀ ကီလိုဝပ် တစ်လုံး၊ ၁၀၀ ကီလိုဝပ်တစ်လုံးနှင့် ၁၂၀ ကီလိုဝပ်တစ်လုံး စုစုပေါင်း ၂၇၀ ကီလိုဝပ်တွင် ၂၄၀ ကီလိုဝပ်ခန့် ကိုသာ မြို့တွင် ခြောက်လခန့် အသုံးပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ရေတံခွန် အထင်ကရ ၂၄၀ ပေ၊ ၂၇ ပေ၊ ၉ လက်မ၊ ၆၀ ပေ ၃ လက်မ ဆည်တစ်ခုကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ယင်းအသေးစား ရေအားလျှပ်စစ် စက်မှုထုတ်လုပ်မှုသည် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ပြီ ဖြစ်သည့်အတွက် ရေသွယ်မြောင်း များ၊ ရေထိန်းကန်၊ ရေပိုရေလွှဲ၊ မီးအားမြှင့် ရေပိုက်လိုင်း၊ Generator နှင့် တာဘိုင်များကို အကြိမ်ကြိမ် ပြုပြင်ထိန်းသိမ်းခဲ့ရကြောင်း၊ မီးအားမြှင့် ရေပိုက်လိုင်းများကို ပြုပြင်ဖာထေးနေရသဖြင့် အန္တရာယ် ကြီးမားသည့် အပြင် ထုတ်လုပ်ဖြန့်ဖြူးမှုတွင် ထိခိုက်နေရကြောင်း၊

ထို့ကြောင့် အထက်မှ ပိုလျှံကျလာသည့် ရေများအား အထက်ဖော်ပြပါ Generator Press Float တစ်လုံးကို ၂၅၀ ကီလိုဝပ် သုံးလုံးကို အစားထိုး တည်ဆောက်ပေးနိုင်မည် ဆိုပါက ပိုလျှံကျလာသည့် ရေများ အလဟ ဿ ဆုံးရှုံးမှု မရှိသည့်အပြင် တိုးပွားလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုလည်း လုံလောက်မျှတစွာ အသုံးချသွားနိုင်မည် ဖြစ်ကြောင်း၊ သို့ပါ၍ အသေးစား ရေအားလျှပ်စစ်ကို ၇၅၀ ကီလိုဝပ်အထိ တိုးမြှင့်ထုတ်လုပ်ရန် ပြုပြင်ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာမှာ ကတ္တလူချောင်း အသေးစား ရေအား စက်ရုံကို ဝန်ကြီး ဌာနက ၁၉၈၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်တွင် စက်ရုံစတင် ဖွင့်လှစ်ပြီး ကျွန်းစု မြို့နယ်ရှိ မြို့ပေါ်က လေးရပ်ကွက်၊ ရေတပ်စခန်း ဌာနချုပ်နှင့် ကတ္တလူနှင့် ထိန်ချောင်းကျေးရွာ နှစ်ရွာတို့ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း၊ ကတ္တလူချောင်း အသေးစား ရေအားလျှပ်စစ်စက်ရုံသည် Run-of-River Type အမျိုးအစား ဖြစ်ကြောင်း၊ ကနဦး စက်တပ်ဆင်အင်အားသည် Cross Flow Turbine 50 kw သုံးလုံးဖြစ်ကြောင်း၊ ရေထိန်းကန် အရွယ်အစားသည် အလျား ၁၃၃ ပေ၊ အကျယ် ၃၀ ပေ၊ အမြင့် ၂၅.၅ ပေ ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အမှတ်(၂) စက်မှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်  Cross Flow Turbine သုံးလုံးအနက် နှစ်လုံးကို Francis Turbine နှစ်လုံး တပ်ဆင်ပြီး 75 kw Generator နှစ်လုံးဖြင့် ပြောင်းလဲဓာတ်အား ထုတ်လုပ်ခဲ့ကြောင်း၊ ရေထိန်းရေလှောင်တမံ အသစ်တစ်ခုကိုလည်း တည်ဆောက်ခဲ့ ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၁၈၈ ဇယား(၂)အရ အဆိုပါ အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်အဖြစ် သတ်မှတ်ထားသည့်အတွက် ဝန်ကြီးဌာနက ကတ္တလူချောင်း အသေးစား ရေအားလျှပ်စစ် စက်ရုံအပါအဝင် အသေးစားရေအား လျှပ်စစ်စက်ရုံ စုစုပေါင်း ၃၂ ရုံ၏ စီမံခန့်ခွဲမှုအား နိုင်ငံတော်သမ္မတရုံး၏ ၂၂-၁၀-၂၀၁၁ ရက်နေ့ ရက်စွဲပါစာအမှတ် ၅၈(၁)/၇/သမ္မတရုံးဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ အသီးသီးထံသို့ ၂၀၁၄ ခုနှစ် မတ်လတွင် အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊

၂၀၁၄ ခုနှစ် ဧပြီလတွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့က ကတ္တလူချောင်း အသေးစား ရေအား လျှပ်စစ်စက်ရုံကို မြို့မိမြို့ဖ မီးလင်းရေး ကော်မတီထံ ထပ်မံလွှဲပြောင်း လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် Francis Turbine နှစ်လုံးနှင့် ပူးတွဲ တပ်ဆင်ထားသည့် 75 kw Generator နှစ်လုံး နေရာတွင် 100 kw တစ်လုံးနှင့် 120 kw တစ်လုံးနှင့် ပြောင်းလဲပြီး အဆင့်မြှင့် တင်ခဲ့သည်ကို သိရှိရကြောင်း၊ မြို့မိမြို့ဖ မီးလင်းရေးအဖွဲ့သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိကို ဆောင်ရွက်ခဲ့ပြီးသည့် နောက်ပိုင်းတွင် ၁၀-၄-၂၀၁၇ ရက်နေ့ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် ၁၇ အရ ကျွန်းစု အများပိုင် မီးလင်းရေးအဖွဲ့ထံကို လုပ်ငန်းများ လွှဲပြောင်းလုပ်ကိုင် စေခဲ့သည်ကို သိရှိရကြောင်း၊ ကျွန်းစု အများပိုင် မီးလင်းရေးအဖွဲ့သည် ရေအားစက် ၅၀ ကီလိုဝပ် တစ်လုံး၊ ၁၀၀ ကီလိုဝပ် တစ်လုံး၊ ၁၂၀ ကီလိုဝပ် တစ်လုံး စုစုပေါင်း သုံးလုံးတို့အပြင် လွှဲပြောင်းပေးအပ်ထားသည့် 500 KVA ဒီဇယ်မီးစက် တစ်လုံး၊ ၎င်းတို့၏ အဖွဲ့ပိုင် 250 KVA ဒီဇယ်မီးစက် တစ်လုံးနှင့် ကျွန်းစုမြို့နယ် အတွင်း ဓာတ်အား ဖြန့်ဖြူးရောင်းချပေးခဲ့သည်ကို သိရှိရကြောင်း၊

 နွေရာသီတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်စေရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် 500 KVA ဒီဇယ် မီးစက်တစ်လုံး ထပ်မံတည်ဆောက် ပေးခဲ့သည်ကို သိရှိရကြောင်း၊ အဆိုပါ အသေးစား ရေအားလျှပ်စစ် စက်ရုံ၏ စီမံခန့်ခွဲမှုကို တိုင်းဒေသကြီး အစိုးရထံ အပြီး လွှဲပြောင်း ပြီးဖြစ်ပါ၍ စက်ရုံ၏ ထိန်းသိမ်းပြုပြင်မှု၊ အဆင့်မြှင့်တင်မှု ကိစ္စအရပ်ရပ်ကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှာ ထည့်သွင်းလျာထား ဆောင်ရွက်ခွင့် မရှိသည့် အတွက် ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါလုပ်ငန်းကို ဆောင်ရွက် ပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် တနင်္လာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကတ္တလူချောင်း အသေးစား ရေအားလျှပ်စစ်စက်ရုံကို 750 kw အထိ တိုးမြှင့် ထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိနိုင်သည့် အတွက် လတ်တလော အခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။